တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်

မေ ၂၇ – ၂၀၂၅
SS (VOM)

ဒီတပတ်မှာတော့ ကမ္ဘာ့ရွှေဈေး ပြန်လည် မြင့်တက်လာမှုနဲ့အတူ ပြည်တွင်းရွှေဈေး လိုက်ပါ မြင့်တက်လာတာကို တွေ့ရပါတယ်။ အမေရိကန် ဒေါ်လာဈေးကလည်း အတက်ဘက်မှာ ရှိနေဆဲပါ။

စက်သုံးဆီ ဈေးကွက်ထဲမှာတော့ ဒီတပတ်မှာ ဆီအမျိုးအစားအားလုံး ဈေးပြန်တက်နေပါတယ်။ အခြေခံ စားသောက်ကုန် ဈေးကွက်ထဲမှာတော့ ကုန်စည်တချို့ ဈေးပြန်ကျနေတာကို တွေ့ရပါတယ်။

#ပြည်တွင်းရွှေဈေးနှုန်း

ဒီတပတ် ရွှေဈေးကွက်အတွင်းမှာတော့ ကမ္ဘာ့ရွှေဈေးတွေ ပြန်လည် မြင့်တက်လာတာကို တွေ့ရပါတယ်။ ဒါကြောင့် ပြည်တွင်းရှိ ပြင်ပ ရွှေဈေးကွက်အတွင်းက ရွှေနှုန်းတွေလည်း လိုက်ပါ မြင့်တက်နေပါတယ်။

လက်ရှိမှာတော့ အခေါက်ရွှေ တကျပ်သား ၇၆ သိန်းကျော် ဝန်းကျင်ကို ရောက်ရှိနေတာပါ။ အရင်တပတ်ကထက် ကျပ် နှစ်သိန်းဝန်းကျင် ပြန်လည် မြင့်တက်လာတာ ဖြစ်ပါတယ်။

“ကမ္ဘာ့ရွှေဈေးက ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်ရေးသတင်းတွေ၊ စီးပွားရေး၊ ကုန်သွယ်ရေးအခြေအနေ တင်းမာနေမှုတွေကြောင့် အတက်အကျ မငြိမ်သေးဘူး။ ရှေ့လျှောက်လည်း ဒီလိုပဲ အလှုပ်အခတ် ရှိနေဦးမှာပဲ။ ဒီကြားထဲ ဒေါ်လာဈေးကလည်း တရိပ်ရိပ်နဲ့ အတက်နည်းနည်း ပြနေတယ်။ ဒါကြောင့် ပြည်တွင်းရွှေဈေးကလည်း တက်လိုက်၊ ကျလိုက်ပေါ့။ လတ်တလော ဈေးကွက် အခြေအနေကတော့ ခန့်မှန်းရခက်ပါတယ်” လို့ ရွှေကုန်သည်တယောက်က ပြောပါတယ်။

ပြည်တွင်းရွှေဈေးဟာ မေ ၁၉ ရက် (တနင်္လာနေ့) မှာ အခေါက်ရွှေ တကျပ်သား ခုနစ်ဆယ့်လေးသိန်း ရှစ်သောင်းဝန်းကျင်နဲ့ ဈေးဖွင့်ခဲ့တာ ဖြစ်ပါတယ်။ မေ ၂၄ ရက် (စနေနေ့) မှာတော့ ခုနစ်ဆယ့်ခြောက်သိန်း သုံးသောင်းဝန်းကျင်နဲ့ ဈေးပိတ်ခဲ့ပါတယ်။

“လက်ရှိ အရောင်းအဝယ် အခြေအနေကတော့ အရောင်းက အားသာနေတယ် ပြောရမယ်။ ခွာဈေးကတော့ ပုံမှန်ဆို လေးသောင်းဝန်းကျင်လောက် ရှိတယ်။ တချို့ဆိုင်တွေကတော့ ငါးသောင်းကနေ ခုနစ်သောင်းလောက်၊ တချို့ဆို တသိန်း၊ နှစ်သိန်းအထိ ရှိကြတယ်။ ခွာဈေးမကြိုက်ရင် အရောင်း၊ အဝယ် မလုပ်ကြသေးတာကောင်းတယ်။ အဲဒီလိုမှမဟုတ်ရင် ကိုယ်ပဲနစ်နာနိုင်တယ်” လို့ သူက ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ မေ ၁၉ ရက် (တနင်္လာနေ့) မှာ တအောင်စ ၃၂၂၆ ဒေါ်လာနဲ့ ဈေးဖွင့်ခဲ့တာ ဖြစ်ပါတယ်။ ဒီတပတ် မေ ၂၆ ရက် (တနင်္လာနေ့) မှာတော့ တအောင်စ ၃၃၄၆ ဒေါ်လာနဲ့ ဈေးဖွင့်ခဲ့ပြီး တပတ်တာအတွင်း တအောင်စ ဒေါ်လာ ၁၂၀ ဈေးကွာဟခဲ့တာကို တွေ့ရပါတယ်။

#နိုင်ငံခြားငွေလဲဈေးနှုန်း

ဒီတပတ်မှာလည်း အမေရိကန်ဒေါ်လာဈေးက အတက်ဘက်ကို ရောက်နေပါတယ်။ လက်ရှိမှာ တဒေါ်လာ ရောင်းဈေးဟာ ၄၄၃၀ ဝန်းကျင်ကို ရောက်ရှိနေတာပါ။

“ဒေါ်လာစျေးကတော့ စက်သုံးဆီနဲ့ စားအုန်းဆီသမားတွေ၊ တခြား လုပ်ငန်းရှင်တွေကို ဗဟိုဘဏ်က ထုတ်ရောင်းပေးနေတော့ အတက်အကျ မကြမ်းဘူး။ တက်ရင်လည်း နည်းနည်းပဲ။ ဈေးတန်းတခုတည်းမှာပဲ ရက်ကြာကြာ ရှိနေတတ်တယ်။ အလွန်အကျူး ဈေးတက်လာရင်လည်း အဖမ်းအဆီးတွေက ရှိနေတာကိုး။ နစကရဲ့ ထိန်းချုပ်မှုကြောင့်လည်း ပါတာပေါ့။ ပြီးတော့ ပြည်တွင်းမှာ သွင်းကုန်တွေ ပိတ်ပင်ထားတော့ ဒေါ်လာ အသုံးစျေးကွက်လည်း လျော့နည်းနေတယ် ပြောရမယ်။ အဲဒါကြောင့် ဈေးကွက်က အလှုပ်အခတ်နည်းပြီး ငြိမ်နေတာ” လို့ စီးပွားရေး လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြား ငွေကြေးဈေးကွက် (FX Trading Platform) ကနေ နိုင်ငံခြားငွေကြေးတွေ ထုတ်ရောင်းလျက်ရှိတာမှာ မေ ၂၀ ရက်နေ့မှာ ငွေလဲနှုန်း ၃၆၀၆ ကျပ်နဲ့ အမေရိကန်ဒေါ်လာ ၅၇ သိန်းနီးပါးကို ရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါအပြင် ငွေလဲနှုန်း ၁၃၁ ဒသမ ၇၈ ကျပ်နဲ့ ထိုင်းဘတ် ၁ ဒသမ ၈၉၆ သန်းကိုလည်း ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။

အလားတူ မေ ၂၁ ရက်နေ့မှာလည်း ဗဟိုဘဏ်အနေနဲ့ ငွေလဲနှုန်း ၃၆၀၆ ကျပ်နဲ့ အမေရိကန်ဒေါ်လာ တသိန်းနှစ်သောင်းဝန်းကျင်ကို ထပ်မံ ရောင်းချပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါအပြင် ငွေလဲနှုန်း ၁၃၁ ဒသမ ၇၈ ကျပ်နဲ့ ထိုင်းဘတ် ၂ ဒသမ ၀၈၉ သန်းကိုလည်း ရောင်းချပေးခဲ့တယ်လို့ ကြေညာထားပါတယ်။

ဆက်လက်ပြီး မေ ၂၂ ရက်နေ့မှာလည်း ငွေလဲနှုန်း ၁၃၁ ဒသမ ၇၈ ကျပ်နဲ့ ထိုင်းဘတ် ၅ ဒသမ ၇၅၉ သန်း ရောင်းချပေးခဲ့သလို မေ ၂၃ ရက်နေ့မှာလည်း ငွေလဲနှုန်း ၅၄၆ ဒသမ ၆ ကျပ်နဲ့ တရုတ်ယွမ် ကိုးသိန်းကိုးသောင်းကျော်ကို ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီ မေ ၂၃ ရက်‌နေ့မှာပဲ ငွေလဲနှုန်း ၁၃၂ ကျပ်နဲ့ ထိုင်းဘတ် ၂ ဒသမ ၀၈၄ သန်းကိုလည်း ထပ်မံ ရောင်းချပေးခဲ့တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။

လက်ရှိ ငွေကြေးဈေးကွက် အတွင်းမှာတော့ စင်္ကာပူဒေါ်လာက ၃၄၂၀ ဝန်းကျင်၊ ထိုင်းဘတ် ၁၃၆ ဝန်းကျင်နဲ့ ဈေးတက်လာပါတယ်။ တရုတ်ယွမ်ကတော့ ၆၁၄ ဝန်းကျင်နဲ့ ဈေးကျနေပါတယ်။ အိန္ဒိယရူပီးကတော့ ၅၁ ဝန်းကျင်နဲ့ အရင်တပတ် ဈေးနှုန်းအတိုင်း ရှိနေဆဲဖြစ်ပါတယ်။

#စက်သုံးဆီဈေးနှုန်း

ဒီတပတ် စက်သုံးဆီ ဈေးကွက်အတွင်းမှာတော့ ဆီအမျိုးအစားအားလုံး ဈေးပြန်တက်နေပါတယ်။ စက်သုံးဆီတင်သွင်းဖို့ လုပ်ငန်းရှင်တွေ လိုအပ်တဲ့ နိုင်ငံခြားငွေတွေကို ထုတ်ရောင်းပေးနေတယ်လို့ ဗဟိုဘဏ်က မကြာခဏ ကြေညာချက် ထုတ်လေ့ရှိပေမယ့် ပြည်တွင်းက စက်သုံးဆီ ဈေးနှုန်းတွေကတော့ တလီတာကို ကျပ် ၃၀၀၀ ဝန်းကျင်မှာပဲ အတက်အကျ ဖြစ်ပေါ်နေတာပါ။

“ကျွန်တော်တို့ ပြည်တွင်းမှာသုံးတဲ့ စက်သုံးဆီတွေရဲ့ ၉၀ ရာခိုင်နှုန်းက ပြည်ပက တင်သွင်းရတာပါ။ အဓိက ကတော့ စင်္ကာပူက တင်သွင်းတာ ဖြစ်ပါတယ်။ ဒါကြောင့် စင်္ကာပူရဲ့ အခြေခံ ရေနံထွက်ကုန်ဈေးနှုန်း MOPS အပေါ် အခြေခံပြီး ဈေးနှုန်း တွက်ချက် သတ်မှတ်ရတာ ဖြစ်တဲ့အတွက်ကြောင့် ဒီပေါ်မှာ မူတည်ပြီး ဈေးအတက်အကျ ရှိနေတာ ဖြစ်ပါတယ်” လို့ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူတယောက်က ပြောပါတယ်။

လက်ရှိမှာ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီအနေနဲ့ ဆီရည်ညွှန်းဈေးကို တပတ် တကြိမ် သတ်မှတ် ထုတ်ပြန်ပေးလျက်ရှိတာမှာ ဒီတပတ်အတွက် ဆီရည်ညွှန်းဈေးကို ၉၂ ဓာတ်ဆီ တလီတာ ၂၈၇၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၂၉၂၅ ကျပ်၊ ဒီဇယ် တလီတာ ၂၄၄၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၃၀၁၅ ကျပ်ဆိုပြီး မေ ၂၃ ရက်နေ့က ထုတ်ပြန် ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ တပတ်ကတော့ ၉၂ ဓာတ်ဆီ တလီတာ ၂၇၅၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၂၈၀၅ ကျပ်၊ ဒီဇယ် တလီတာ ၂၃၂၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၈၅၅ ကျပ်ဆိုပြီး သတ်မှတ်ထားတာပါ။

ဒါကြောင့် အခုတပတ်မှာတော့ ၉၂ ဓာတ်ဆီ တလီတာ ၁၂၀ ကျပ်၊ ၉၅ တလီတာ ၁၂၀ ကျပ်၊ ဒီဇယ် တလီတာ ၁၂၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၁၆၀ ကျပ်နဲ့ အသီးသီး ဈေးတက်နေပါတယ်။ အဲဒီလိုပဲ တခြားသော တိုင်းနဲ့ပြည်နယ် အသီးသီးမှာလည်း စက်သုံးဆီဈေးတွေ ပြန်လည် မြင့်တက်လျက်ရှိပါတယ်။

#အခြေခံစားသောက်ကုန်ဈေးနှုန်း

ဒီတပတ် အခြေခံစားသောက်ကုန် ဈေးကွက်ထဲမှာလည်း ကြက်ဥ၊ ဘဲဥဈေးတွေ မကျဘဲ အမြင့်ဈေးအတိုင်း ရှိနေဆဲဖြစ်ပါတယ်။ ကုန်စိမ်းဈေးကွက်မှာလည်း အသီးအနှံတချို့ ဈေးပြန်တက်နေပါတယ်။

စားအုန်းဆီဈေးကွက်မှာ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီအနေနဲ့ မေ ၂၆ ရက်ကနေ ဇွန် ၁ ရက်နေ့အထိ ရန်ကုန်အထိုင် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးကို တပိဿာ ၆၃၉၀ ကျပ်အဖြစ် သတ်မှတ်ထားတာ တွေ့ရပါတယ်။ အရင်တပတ်ကတော့ စားဆီ တပိဿာ ၆၅၂၅ ကျပ်အဖြစ် ရည်ညွှန်းဈေး သတ်မှတ်ခဲ့တာပါ။ ဒါကြောင့် ဈေးနှုန်း ၁၃၅ ကျပ် ထပ်မံ ကျဆင်းလာတာကို တွေ့ရပါတယ်။

ပြင်ပဈေးကွက်ရဲ့ စားသုံးဆီဈေးကတော့ ကျပ် တသောင်းကနေ တသောင်းနှစ်ထောင် ဝန်းကျင်မှာ ရှိနေပါတယ်။ ဆီစာအုပ်နဲ့ ၁၀ ရက် တကြိမ်စီ၊ တပိဿာနှုန်း ရောင်းချပေးတဲ့ ဆီထုတ်ဈေးကတော့ ကျပ် ၇၀၀၀ ဝန်းကျင်မှာ ရှိနေဆဲ ဖြစ်ပါတယ်။

ဆန်ဈေးကွက်မှာတော့ ဆန်အမျိုးအစားတချို့ အမြင့်ဈေးအတိုင်း ရှိနေဆဲဖြစ်ပြီး ဆန်ကြမ်းဖြစ်တဲ့ မနောသုခ (ရှယ်) တအိတ် ကိုးသောင်းကျပ်၊ ဆင်းသုခ (အသစ်) တအိတ် ခုနစ်သောင်းကျပ် ဝန်းကျင်မှာ ရှိနေပါတယ်။ ဆန်ချောကတော့ ဖျာပုံပေါ်ဆန်း (အသစ်) တအိတ် တသိန်းနှစ်သောင်း ခြောက်ထောင်ကျပ်၊ ပုသိမ်ပေါ်ဆန်း (ရိုးရိုးအသစ်) တအိတ် ကျပ် တသိန်း ဝန်းကျင်မှာ ရှိနေတယ်လို့ သိရပါတယ်။

ကြက်ဥ၊ ဘဲဥ ဈေးတွေကတော့ အမြင့်ဈေးအတိုင်း ရှိနေဆဲဖြစ်ပြီး ကြက်ဥ အရွယ်အစားအလိုက် တလုံး ၅၀၀ ကျပ်ကနေ ၆၀၀ ကျပ်ဝန်းကျင်အထိ ရှိနေပါတယ်။ အဲဒီလိုပဲ ဘဲဥ ဈေးကလည်း အရွယ်အစားအလိုက် တလုံး ၅၅၀ ကျပ်ကနေ ၇၀၀ ကျပ်ဝန်းကျင်အထိ ရှိနေပါတယ်။

ကုန်ခြောက်ဈေးကွက်မှာ အာလူးနဲ့ ကြက်သွန်နီတွေ ဈေးပြန်ကျနေပါတယ်။ ကြက်သွန်ဖြူကတော့ ဈေးတက်လာပါတယ်။ အာလူး တပိဿာ ၆၀၀၀ ကျပ်ဝန်းကျင်ဈေး ဖြစ်လာပါတယ်။ ကြက်သွန်နီ အမျိုးအစားအလိုက် တပိဿာ ၁၅၀၀ ကျပ်ကနေ ၃၀၀၀ ကျပ်ဝန်းကျင် ရှိနေပါတယ်။ ကြက်သွန်ဖြူကတော့ အမျိုးအစားအလိုက် တပိဿာ တသောင်း သုံးထောင်ကျပ်ကနေ တသောင်း ခြောက်ထောင်ကျပ်ဝန်းကျင် ရှိနေပါတယ်။

ကုန်စိမ်း ဈေးကွက်မှာတော့ ဂေါ်ဖီထုပ်‌ တထုပ် ၃၅၀၀ ကျပ်ဝန်းကျင်နဲ့ ဈေးတက်နေပါတယ်။ ပန်းဂေါ်ဖီ တပွင့် ကျပ် ၁၅၀၀ – ၃၀၀၀ ဝန်းကျင်၊ ပန်းဂေါ်ဖီစိမ်း တပွင့် ကျပ် ၃၀၀၀ ဝန်းကျင်နဲ့ ဈေးတက်နေပါတယ်။

တရုတ်ကန်စွန်းရွက် တစည်း ကျပ် ၁၀၀၀ ၊ ရိုးရိုးကန်စွန်းရွက် တစည်း ၅၀၀ ကျပ်ဝန်းကျင်နဲ့ ဈေးပြန်တက်နေပါတယ်။ အဲဒီလိုပဲ ခရမ်းချဉ်သီးကလည်း တပိဿာ ၃၅၀ ကျပ်ဝန်းကျင်နဲ့ ဈေးတက်နေပါတယ်။

အသားငါးဈေးကွက်မှာ ငါးဈေးတွေ မြင့်တက်နေပြီး ပုစွန်ဈေးတွေကတော့ ပုံမှန် အမြင့်ဈေးအတိုင်း ရှိနေပါတယ်။ ငါးမြစ်ချင်း တပိဿာ ကျပ် ၉၀၀၀ ဝန်းကျင်၊ ငါးကြင်း တပိဿာ ကျပ် တသောင်းဝန်းကျင်ဈေး ရှိနေပါတယ်။ ပုစွန်ဈေးတွေကတော့ အမျိုးအစားအလိုက် တပိဿာ ကျပ် သုံးသောင်းခွဲကနေ ခြောက်သောင်းခွဲ ဝန်းကျင်အထိ ရှိနေပါတယ်။

အဲဒီလိုပဲ ကြက်သား၊ ဝက်သား ဈေးတွေလည်း မြင့်တက်လျက်ရှိတာမှာ ကြက်သား တပိဿာ ကျပ် သုံးသောင်းဝန်းကျင်ဈေး ဖြစ်လာပါတယ်။ အဲဒီလိုပဲ ဝက်သားဈေးကလည်း တပိဿာ ကျပ် သုံးသောင်းခြောက်ထောင် ဝန်းကျင်ဈေးမှာ ရှိနေပါတယ်။

အမဲသားကတော့ တပိဿာ ကျပ် သုံးသောင်း သုံးထောင်ဝန်းကျင်နဲ့ အမြင့်ဈေးအတိုင်း ရှိနေပါတယ်။ ဆိတ်သားကတော့ တပိဿာ ကျပ် လေးသောင်း ခုနစ်ထောင်ဝန်းကျင်နဲ့ ဈေးထပ်တက်နေပြီး အခုဖော်ပြခဲ့တဲ့ ဈေးနှုန်းတွေဟာ နေရာဒေသပေါ်မူတည်ပြီး ကွာခြားမှုရှိနိုင်ပါတယ်။

Photo:CJ

#voiceofmyanmar #VOM #ရွှေ #ဒေါ်လာ #စက်သုံးဆီ #အခြေခံစားသောက်ကုန် #တပတ်တာ #ဈေးကွက်

Related posts

Leave a Comment

VOM News

FREE
VIEW