ရွှေလီမြစ်ရေ မြင့်တက်မှုကြောင့် နမ့်ခမ်းက ကျေးရွာတချို့ ရေကြီးရေလျှံမှု ဖြစ်ပြီး စိုက်ခင်းတွေ ပျက်စီး

ဇူလိုင် ၁၂ – ၂၀၂၅
SN (VOM)
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်မှာ ရွှေလီမြစ်ရေ မြင့်တက်လာမှုကြောင့် ကျေးရွာ တချို့မှာ ရေကြီး၊ ရေလျှံမှု ဖြစ်ပေါ်နေပြီး စိုက်ခင်းတွေလည်း ရေနစ်မြုပ် ပျက်စီးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသအခြေစိုက် လူမှုကူညီရေး လုပ်ဆောင်နေသူတွေဆီက သိရပါတယ်။
လက်ရှိမှာ နမ့်ခမ်းမြို့နယ် တဖက်ကမ်းက ကွန်ဟိုင်း၊ နောင်ခမ်း၊ နောင်မတာ၊ မန့်ကွန်၊ မန့်စွန်း၊ ကွန်ကျိုင်း၊ ကောင်းနောင် စတဲ့ ကျေးရွာတွေမှာ ရေဝင်ရောက်နေတာဖြစ်ပြီး မန့်ကွန်၊ ကွန်ကျိုင်းနဲ့ ကောင်းနောင် ကျေးရွာတွေက စိုက်ခင်း ဧက ၂၀၀ ကျော်လည်း ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။
“ရစကြီးတာကတော့ ဇူလိုင် ၄ ရက်နေ့ကပေါ့။ တရုတ်ပြည်က ရေကာတာ ဖောက်တာက ဇူလိုင် ၃ ရက်နေ့ ညကဆိုတော့ ၄ ရက်နေ့မှာ ရေစကြီးတာပေါ့။ ပထမတော့ ရေအဲဒီလောက် မကြီးသေးဘူး။ ဇူလိုင် ၉ ရက်ကျမှ ညနေပိုင်း ၃ နာရီလောက်စပြီး ရေတအား အတက်မြန်လာတာ။ အဲဒီညမှာပဲ ညတွင်းချင်း ပြောင်းရရွှေ့ရတာရှိတယ်။ ကုန်းမြင့်ပိုင်း‌ နေအိမ်တွေဘက် ပြောင်းတာရှိသလို တချို့ကတော့ ဘုန်းကြီးကျောင်းထဲ ရောက်သွားတယ်။ မန့်ကွန်၊ ကွန်ကျိုင်းနဲ့ ကောင်းနောင်က စိုက်ပျိုးမြေတွေ အကုန်လုံးလည်း ပျက်စီးသွားတယ်။ အခုဆို စိုက်ခင်းတွေထဲ ရေလွှမ်းနေတာ တပတ်လောက် ရှိပြီပေါ့” လို့ နမ့်ခမ်း ရှမ်းလူငယ်အဖွဲ့ခေါင်းဆောင် ကိုစိုင်းယီက ပြောပါတယ်။
ကွန်ကျိုင်းကျေးရွာနဲ့ ကောင်းနောင်ကျေးရွာရှိ စိုက်ပျိုးမြေ ဧက ၂၀၀ ဝန်းကျင်နဲ့ မန့်ကွန်ကျေးရွာက စိုက်ပျိုးမြေ ဧက ၂၀ နီးပါး ရေလွှမ်းမိုးမှု ဖြစ်ပေါ်နေတာဖြစ်ပြီး အဲဒီ စိုက်ပျိုးမြေတွေထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းမှ စိုက်ပျိုးထားတဲ့ စပါးခင်းတွေနဲ့ မရိတ်သိမ်းရသေးတဲ့ စပါးခင်းတွေလည်း ပါဝင်တယ်လို့ ကိုစိုင်းယီက ပြောပါတယ်။
“တချို့ လယ်တွေက စပါး ရိတ်ရမယ့်အချိန် မရိတ်ရသေးဘူး။ အဲဒါလည်း ပျက်တယ်။ တချို့ကျလည်း ရိတ်ပြီးတော့ ပြန်စိုက်တာလည်းရှိတယ်။ အဲဒါလည်း ပျက်တယ်။ တခြား စိုက်ထားတဲ့ သီးနှံတွေအကုန်လုံးလည်း ပျက်တယ်။ ရှေ့ဆက်ဖို့အတွက်တော့ ဒုက္ခရောက်သွားတာပေါ့။ အခုက ပြောင်းဖူး ခြွေရမယ့်အချိန်လေ။ ပြောင်းဖူးတွေက ရေမြုပ်ပြီး ရွံ့တွေနဲ့ဆိုတော့ အကုန် ပုပ်ကုန်တာပေါ့” လို့ သူက ပြောပါတယ်။
ဒါကြောင့် ပြန်လည် စိုက်ပျိုးနိုင်ဖို့ရာ အခုနှစ်အတွက် မဖြစ်နိုင်တော့တာကြောင့် အဆိုပါ ဒေသအတွက် သီးနှံအထွက်နှုန်း နည်းပါးသွားနိုင်တယ်လို့ သူက ပြောပါတယ်။
“ပြန်စိုက်ပျိုးဖို့က ဒီနှစ်အတွက်တော့ နောက်ကျသွားပြီ။ ဘာလို့လဲဆို ရေမမြုပ်ခင်က ပြန်စိုက်ထားတဲ့ စပါးတွေက ဝါထွက်ချိန် အောက်တိုဘာ၊ နိုဝင်ဘာလောက်ကျရင် ရိတ်သိမ်းလို့ရပြီလေ။ အခု ပျက်စီးကုန်တာဆိုတော့ ပြန်စိုက်ဖို့ ဘယ်လိုမှ အချိန်မမီတော့ဘူး။ အခုထိ ရေကလည်း မကျသေးဘူး။ ရေကျတာကို စောင့်ပြီးမှ လယ်တွေပြန်ရှင်းရ၊ စိုက်ရတယ်ဆိုရင် အထွက်လည်း နောက်ကျမယ်။ ပြီးတော့ အထွက်နှုန်းလည်း မကောင်းတော့ဘူး” လို့ သူက ပြောပါတယ်။
ဒါအပြင် တချို့ လယ်ပိုင်ရှင်တွေအနေနဲ့ လယ်ယာ စိုက်ပျိုးနိုင်ဖို့ မြေဩဇာတွေကို အကြွေးစနစ်နဲ့ အတိုးပေးပြီး ကြိုတင်ဝယ်ယူ သုံးစွဲထားရတာတွေ ရှိပြီး အခုလို စိုက်ပျိုးမြေတွေ ပျက်စီးသွားတဲ့ မြေဩဇာဖိုး ပြန်လည် ပေးနိုင်ဖို့ အခက်တွေ့နေတယ်လို့ သူက ပြောပါတယ်။
“ဒီပြင်အချိန်တွေမှာ ဖြစ်သွားရင်တော့ ဖြေသာသေးတယ်။ အခုက တချို့က ရိတ်သိမ်းချိန်၊ တချို့က ပြန်လည် စိုက်ပျိုးချိန် ဆိုတော့ ဆုံးရှုံးမှုက နှစ်ခါ ဖြစ်သွားတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် ကွန်ကျိုင်းနဲ့ ကောင်းနောင် ကျေးရွာတွေမှာ အိမ်သာတွေလည်း ရေမြုပ်နေတာကြောင့် ဒေသခံ ရွာသူ၊ ရွာသားတွေအတွက် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေလည်း ရှိလာနိုင်တယ်လို့ သူက ပြောပါတယ်။
“မနေ့က ကျွန်တော်သွားကြည့်တဲ့ ကွန်ကျိုင်းနဲ့ ကောင်းနောင်ရွာတွေမှာက အိမ်သာတွေပါ အကုန်ရေလွှမ်းသွားတာ တွေ့ရတယ်။ အခုကတော့ ဘာမှ မဖြစ်ကြသေးပေမယ့် အချိန် ကြာလာတာနဲ့အမျှ ဝမ်းကိုက်တာတွေ၊ ဝမ်းလျှောတာတွေ ဖြစ်လာနိုင်‌ခြေ ရှိနေတယ်။ အဲဒီရွာတွေက ဆေးပေးခန်းနဲ့ အလှမ်းဝေးတယ်။ ရွာထဲမှာလည်း ဆေးပေးခန်းတွေ မရှိဘူး။ သူတို့က မန့်ဝိန်းကြီးဘက်ကို သွားရတာ။ အရင်တုန်းကတော့ ကူးတို့ဆိပ်ရှိတယ်။ ကူးတို့ဆိပ်နဲ့ နမ့်ခမ်းမြို့ထဲဆိုတော့ နီးတယ်။ အခုတော့ ကူးတို့ဆိပ်ကိုလည်း တိုက်ပွဲတွေဖြစ်လာတော့ ဖျက်လိုက်ပြီ‌ဆိုတော့ သွားလာလို့ အဆင်မပြေတော့ဘူး။ ဒါကြောင့် နောက်ပိုင်း ကျန်းမာရေး ပြဿနာတွေ ရှိလာရင်တော့ ဆေးဝါးအကူအညီတွေ လိုအပ်လာနိုင်တယ်” လို့ သူက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်အရ အခုလို ရွှေလီမြစ်ရေ မြင့်တက်မှုကြောင့် ရေကြီးတာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ က တရုတ်ပြည်က ဆည်မဆောက်ခင်မှာ တကြိမ်ဖြစ်ဖူးတယ်လို့ သိရပါတယ်။
အဆိုပါဒေသဟာ နှစ်စဉ် ရေကြီးနေကျ ဖြစ်ပေမယ့် နှစ်ပေါင်း ၂၀ အတွင်း အခုလို ရွာတွေထဲ ရေဝင်ရောက်တဲ့အထိ၊ သီးနှံစိုက်ခင်းတွေ ပျက်စီးရလောက်တဲ့အထိ မဖြစ်ပေါ်ဖူးသေးဘူးလို့ သိရပါတယ်။
ဒါအပြင် အခုတကြိမ် ရေကြီးမှု ဖြစ်စဉ်မှာ ရေတိုးတာလည်း အရမ်းမြန်တယ်လို့ သိရပြီး ၄/၅ နာရီအတွင်းမှာ ရေတအားတက်လာတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ အခြေအနေမှာ တရုတ်ပြည်မှာ မိုးများနေပြီး နိုင်ငံတွင်း ရေကာတာကနေ ရေထပ်မံ လွှတ်ချနိုင်ခြေ ရှိနေတဲ့အတွက် စိတ်ချရတဲ့ အခြေအနေ မဟုတ်သေးတာကြောင့် နမ့်ခမ်းဒေသအတွင်းနေ ပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ ကိုယ်ထူကိုယ်ထ လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ကိုစိုင်းယီ

Related posts

Leave a Comment

VOM News

FREE
VIEW