အာဠဝီ (သို့မဟုတ်) စီလမ်း

ဆူးငှက်
မန္တလေး နန်းမြို့တော်၏ တံခါး ၁၂ရပ်တွင် အနောက်ဖက်မျက်နှာ၌ ကြေးမုံအမည်ရှိ တံခါးတစ်ပေါက်ရှိသည်။ အဆိုပါ တံခါးက မလွယ်ပေါက် မိတ်တံခါးဖြစ်ပြီး ပြာသာဒ်က ဘုံ ၅ဆင့်ဖြစ်သည်။ တကယ်တော့ ကြေးမုံတံခါးကို မန္တလေးသားတွေ နှုတ်ကျိုး ခေါ်ဝေါ်နေတာက ”အာဠဝီတံခါး” ဟူ၍ ဖြစ်၏။ အမရပူရမြို့ဟောင်းတွင် တွင်ကျယ်နေသော အမည်ဖြစ်သဖြင့် အမရပူရမှ မန္တလေးသို့ ပြောင်းလာသူတွေအဖို့ နှုတ်ကျိုးနေကြခြင်း ဖြစ်ပေသည်။
ကြေးမုံတံခါး
————–
”ကြေးမုံတံခါး” က နန်းမြို့ရိုး အနောက်မျက်နှာတောင်ဘက် အစွန်တွင် ရှိသည်။ သစ်တောဝန် မင်းကျော်မင်းလှစည်သူ ကြီးကြပ်တည်ဆောက်၏။ မိတ်တံခါး ”ဂဗ္ဗေ” ဟူသော ဓာတ်သက်နှံသင့် အက္ခရာကိုယူ၍ ”ကြေးမုံ” တံခါး ဟု သမုတ်သည်။ ကြေးမုံတံခါးမှသည် ကျုံးကို ကျုံးကူးတံတားဖြင့် ကူးဖြတ် ထား၏။ တကယ်တော့ အာဠဝီစီလမ်းသည် ပဒေသရာဇ် ရှင်ဘုရင်လက်ထက်က ”အမင်္ဂလာလမ်း” ဖြစ်ခဲ့၏။ အာဠဝီတံခါးခေါ် ကြေးမုံတံခါးသည်ပင် ”ဂဗ္ဗေ” ဟူသည့် ဓာတ်ဘက်နံသင့် အက္ခရာယူသော်လည်း တစ်နည်းအားဖြင့် နန်းမြို့ တွင်းမှ သေသောသူတို့ကို ထုတ်ဆောင်ရာ အမင်္ဂလာတံခါးဖြစ်သောကြောင့် ၎င်းတံခါးမှ ဝင်ထွက်သွားလာ မကြာမကြာ ကြုံတွေ့ရသောသူများသည် မရဏ ဿတိ ကမ္မဋ္ဌာန်းကို ကြေးမုံပြင်ကဲ့သို့ အာရုံပြု ကြည့်ရှုကြကုန်လောဟု သတိ ပေးသော အထိမ်းအမှတ်ဖြင့် ”ကြေးမုံ” တံခါးဟု သမုတ်ခဲ့ခြင်းလည်းဖြစ်သည်။ အာဠဝီတံခါးဟု အသိများသော ကြေးမုံတံခါး၏ အနောက်ဖက်တည့်တည့် လမ်းကို အာဠဝီလမ်းဟု တစ်လျှောက်လုံး မှတ်သားခဲ့ကြသည်။ အင်္ဂလိပ်လက်ထက် မြူနီစီပယ်၏ ပင်မလမ်းမကြီးများ အမှတ်အသားအရ (C) လမ်းဖြစ်သောကြောင့် အာဠဝီ စီလမ်းဟုလည်း သိရှိခဲ့ကြ၏။ ရှေးလူကြီးသူမအချို့ကမူ ထိုလမ်းကို သင်္ချိုင်းတော်လမ်းဟုလည်း ထူးထူးခြားခြား ခေါ်ခဲ့ကြသော်လည်း အယူသီးသော မြန်မာတို့ နှုတ်မှာ ထိုနာမည်က တွင်ကျယ်ခြင်းမရှိခဲ့ပါပေ။
သင်္ချိုင်းတော်
————–
နန်းမြို့တွင်းတွင် ဒင်္ဂါးစက်ရုံတော် တော်ဘက်ကပ်လျက်တွင်မူ သင်္ချိုင်းတော်များရှိပါ၏။ ထိုသင်္ချိုင်းတော်များတွင် ပဉ္စမသင်္ဂါယနာ တော်တင် မင်းတုန်း မင်းတရားကြီး၊ ရွှေဘိုမင်း တရား၏ အဂ္ဂမဟေသီမိဖုရားခေါင်ကြီး၊ သီပေါ မင်း၏ မယ်တော်လောင်းရှည်မိဖုရားကြီးနှင့် ဆင်ဖြူမရှင်မိဖုရားကြီးတို့၏ ဂူဗိမာန်ကြီး များ ရှိသည်။ ထို့ပြင် မြောက်ဥယျာဉ်တော် ရွှေပြည် ဥယျာဉ်ကွက်အတွင်းတွင် တောင်မိဖုရားခေါင်ကြီး သင်္ချိုင်းတော်ရှိသလို၊ သစ်တပ်အနောက် မြောက်ထောင့် တွင်လည်း မြောက်နန်းမတော် မိဖုရား သင်္ချိုင်းတော်တစ်ခုရှိသည်။ ကျန်ရှိ သည့် မင်းညီမင်းသား၊ မှူးကြီးမတ်ရာ သေနာ ပတိများ၏ သင်္ချိုင်းတော်သည် အာဠဝီ စီလမ်း အတိုင်း အနောက်ဆင်းသောအခါ ရွှေတချောင်း မြောင်းအလွန်၊ မြစ်ဆိပ် အကြားတွင် အသီးသီးရှိခဲ့ကြ၏။
သင်္ချိုင်းတော်တံတား
————————
အာဠဝီ စီလမ်းပေါ်တွင် ရွှေတချောင်း အနောက်ဘက်ကမ်း၊ စီလမ်းဘေး၌ သီပေါမင်းသား အပါ အဝင် မင်းညီမင်းသားများ ပညာသင်ခဲ့ကြသည့် ဒိုင်အိုသံတဲကျောင်းတော်ကြီး ရှိသည်။ ၎င်း ကျောင်းတော်ကြီးကို ၁၂၃၁-ခု၊ နတ်တော်လပြည့်ကျော် ၁၁ရက်၊ (၄-၆-၁၈၆၉) နေ့တွင် ဆောက်လုပ်ပြီးစီးသည်။ အဆိုပါကျောင်းတော်ကြီးထိပ်တွင် ရွှေတချောင်းမြောင်းကူး တံတားတစ်စင်းရှိသည်။ ထိုတံတားနှင့် တစ်ဆက်တည်း အုတ်တံတားရှည်ကြီးကိုလည်း သင်္ချိုင်းတော်တံတားဟု ခေါ်ကြသည်။ သင်္ချိုင်းတော်တံတားသည် ရွှေတချောင်းကို ဖြတ်ပြီးနောက် သံတဲချောင်း ကြီးမြောက်ဘက်တွင် အုတ်တံတား မြင့်ကြီး ဖြစ်၏။ အုတ်တံတားကြီး မြောက် ဘက်တွင် အသားဇရပ်ကြီးများလည်း ရှိသည်။ ၎င်းတံတား များနှင့်အတူ ဇရပ်ကြီးများကို လှေသင်းအတွင်းဝန်မင်းက ဆောက်လုပ်ခဲ့၏။ မှတ်တမ်းအဖြစ် အာဠဝီစီ လမ်းပေါ်တွင် ကျောက်စာ တစ်မျက်နှာ တစ်တိုင် စိုက်ထူးထားသည်။
ကျောက်စာတွင် ရွှေတချောင်းကူး တံတားဦးဇရပ်နှင့်တကွ အနောက်ကို သွပ်မိုး ပျဉ်ခင်း၊ ဝဲယာတံတားခန်းရေ ၁၆၄။ မြောင်းအကူးမှ အနောက်မြေ မြို့ရိုးအရောက်၊ ထိုမှတစ်ဖန် တောင်ချိုးကာ ပိုက်ကျုံးအရောက် ၆၇၇တာ။ ကျောက်လမ်းတံတားကြီးမှစ၍ ပုဏ္ဏားကုန်းသုသာန်တွင် အတွင်းဝန်မင်း အဘ အလောင်းသင်္ဂြိုဟ်ရာ ပျဉ်ဇရပ် ၁ဆောင်၊ အတွင်းဝန်ကတော် အမိရှေ့ဝန်မှူး ကတော် သင်္ဂြိုဟ်ရာ အုတ်ဇရပ် ၁ဆောင်နှင့် သုဿာန်မြေ အကာအရံတံတိုင်း မီးတားများကို ၁၂၄၄-ခုမှ ၁၂၄၇-ခုအထိ ဆောက်လုပ်တဲ့ ကုန်ကျစရိတ်ငွေ (၃၄၈၄၄ိ ၅ူ ၈ဲ) လုပ်ဆောင် ကုန်ဝင်ကြောင်း ကမ္ပည်းထိုးမှတ် ရေးသားခဲ့သည်။
ယခုအခါ ထိုဇရပ်ကြီးများလည်း မရှိတော့ပြီ။ သင်္ချိုင်းတော်လည်း မရှိတော့ပြီ။ အတွင်းဝန်မင်း အမိ၊ အဘဟူသည် မင်းကြီးမင်းလှ မဟာဇေယျသင်္ကြံ မြို့သစ်အတွင်းဝန်မင်း ဦးဘီ၏ အမိအဘဖြစ်၏။ လွန်ခဲ့သော ၁၉၉၀၀န်ကျင်က အထိ ၎င်းဇရပ်ကြီးများ၊ ဂူမိမာန်ကြီးများ ရှိသေးသည်။ ဇရပ်မျက်နှာကြက်များတွင် ပန်းပု၊ ပန်းခက်များကို ရွှေရောင် တစ်စွန်းတစ်စနှင့် တွေ့ရသေး၏။ ဇရပ် ၏ တိုင်လုံးများက တုတ်ခိုင်ခံ့ညားသည့် ကျွန်းတိုင်လုံးကြီးများဖြစ်သည်။ ဟင်္သပဒါး ရောင်က အိုစာနေ၏။ မြို့သစ်အတွင်းဝန်မင်း ဂူမိမာန်၏ အနောက်ဘက် ကပ်လျက်တွင်မူရွှေပြည် ဝန်ကြီး ယောမင်းကြီး ဦးဖိုးလှိုင်၏ ဂူမိမာန်ရှိသည်။ ယောမင်းကြီးဂူက ချုံ နွယ်ပိတ်ပေါင်းနှင့် အုတ်ဇရပ် အပြိုအ ပျက်ကြားတွင် ကွယ်ပျောက်နေ၏။ ခြေရင်းတွင် ဝန်ကတော်ခင်ဖြူ၊ ထို့နောက် သားသမီးအုတ်ဂူများ။
ယောမင်းကြီး ဂူဗိမာန်ကိုတော့ ယခုအခါ အသစ်ပြုပြင်တည်ဆောက်ထားပြီး ပုံတူရုပ်တုပင် စိုက်ထူထားသည်။ အရှေ့ဘက်က မြို့သစ်အတွင်းဝန်မင်း၏ လက်ရာမြောက် ကျွန်းဇရပ်ကြီးများကတော့ မရှိတော့။
ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW