အွန်လိုင်း လောင်းကစားနွံထဲ ဘဝကို ရင်းကြသူများ

SS (VOM)
နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးတဲ့နောက်ပိုင်း အဘက်ဘက်က ချွတ်ခြုံကျလာတဲ့ မြန်မာနိုင်ငံမှာ ခိုးဆိုး လုယက်မှုတွေအပြင် နောက်ထပ်ရှိလာတဲ့ ပြဿနာတခုကတော့ လောင်းကစားပါပဲ။
လောင်းကစားပေါင်း မြောက်များစွာ ရှိတဲ့အထဲက ပြောင်းလဲလာတဲ့ ခေတ်အခြေအနေအရ တိုးတက်လာတဲ့ နည်းပညာတွေကြားမှာ ခုနောက်ပိုင်း လူထုကြား အလွယ်တကူ ပျံ့နှံ့ စိမ့်ဝင်နေတဲ့ အရာတခု ရှိနေပါတယ်။ အဲဒါကတော့ အွန်လိုင်း လောင်းကစားဂိမ်းတွေပဲ ဖြစ်ပါတယ်။
အခုလို ခေတ်ပျက်နေတဲ့ ကာလမှာတော့ အွန်လိုင်း လောင်းကစားတွေက ပိုလို့တောင် ခေါင်းထောင်လာကြတာကို တွေ့ရပါတယ်။ ကြော်ငြာပေးနေတဲ့ ပေ့ချ်တွေ၊ လူပုဂ္ဂိုလ်တွေလည်း အမြောက်အများ ရှိနေတာပါ။ မြန်မာစာတန်းထိုး ရုပ်ရှင်တွေမှာလည်း ဒီကြော်ငြာတွေကို တွေ့နေရပါတယ်။ နာမည်ကြီးတဲ့ ဆယ်လီတွေ၊ နာမည်ကြီးတဲ့ Page တွေမှာလည်း ကြော်ငြာပေးလာကြပါတယ်။
ကိုယ်ရဲ့ လက်ကိုင်ဖုန်းထဲမှာ အွန်လိုင်းလောင်းကစား အက်ပလီကေးရှင်း တခုကို ထည့်သွင်းလိုက်တာနဲ့ ဂိမ်းပေါင်း မြောက်များစွာကို အလွယ်တကူ ကစားလို့ရပါတယ်။ အင်တာနက်လိုင်းရရာ ဘယ်နေရာမှာမဆို ဝိုင်းဖွဲ့ပြီး ဂိမ်းဆော့နေကြတဲ့ လူငယ် များစွာကို တွေ့လာရပါတယ်။ တချို့က အိပ်ရာထဲမှာ တနေကုန်၊ တညလုံးမခွာ ဂိမ်းဆော့နေကြတဲ့ သူတွေလည်း ရှိပါတယ်။
အွန်လိုင်းဂိမ်းတွေမှာ ကာစီနို၊ စလော့ဂိမ်း၊ ငါးပစ်ဂိမ်း၊ ရှမ်းကိုးမီးကစလို့ နှစ်လုံး၊ သုံးလုံး၊ ဘောလုံး စတာတွေလည်း ကစားနိုင်ပါတယ်။ အခုနောက်ပိုင်းမှာ ကိုရီးယား နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတခုဖြစ်တဲ့ စကွစ်ဂိမ်းတွေကိုပါ လောင်းကြေးထပ် ဆော့ကစားလို့ ရနေတာကို တွေ့ရပါတယ်။ အဆော့များတဲ့ ဂိမ်းအက်ပလီကေးရှင်းတွေကတော့ အဘိုးကြီးဂိမ်း၊ သမီးတော်ဂိမ်း၊ ခြောက်ကောင်ဂျင်၊ ချိုချဉ်ဂိမ်း၊ ကျွဲဂိမ်း၊ တောင်ပေါ်သား ရှမ်းကိုးမီး၊ Blue Ocean, Best Man, Ligh 22, M9 စလော့ စတာတွေဖြစ်တယ်လို့ သိရပါတယ်။
“အွန်လိုင်းဂိမ်းတွေက ခုနောက်ပိုင်း ပိုဆိုးလာတယ်။ အသက်အရွယ်မရွေး၊ ကျား/မ မရွေး တွင်တွင်ကျယ်ကျယ်ကို ဆော့လာကြတာ။ လူတွေက စီးပွားရေး ပိုပြီး ကျပ်တည်းလာတဲ့ အခါကျတော့ ဒီဟာကို ထွက်ပေါက်တခုလို ရွေးချယ်လာကြတာ။ အခုက ပျံ့နှံ့မှုအား ပိုကောင်းလာတယ်။ ဖုန်းမက်ဆေ့ချ်၊ Viber တွေကနေ link တွေ အဆက်မပြတ် ပို့တယ်။ စာတွေ ပို့တယ်။ ဆွဲဆောင်တယ်။ Telegram တွေက ရုပ်ရှင်ချန်နယ်လ်တွေမှာလည်း ကြော်ငြာတာ တွေ့ရတယ်။ အများကြီးပါပဲ” လို့ စောင့်ကြည့် လေ့လာသူတယောက်က ပြောပါတယ်။
လက်ရှိ နိုင်ငံအခြေအနေဟာ အလုပ်အကိုင်တွေ ခက်ခဲ ရှားပါးလွန်းတဲ့ အနေအထားမှာ ရှိနေတာ ဖြစ်ပါတယ်။ တနေ့ထက်တနေ့ မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းကြောင့် ဝင်ငွေနဲ့ ထွက်ငွေ မမျှတတာတွေလည်း ဖြစ်လာနေတာပါ။ ဒါကြောင့် ဒီအချိန်မှာ တချို့ တချို့သော လူတွေဟာ လောင်းကစားကို ရပေါက်ရလမ်းတခုလို မြင်လာကြတာ တွေ့ရပါတယ်။ လောင်းကစားက ပေးတဲ့ မက်လုံးတွေကြောင့်လည်း အမှန်ကို မမြင်နိုင်ကြတော့ပါဘူး။
အထွေထွေ အကျပ်အတည်းတွေကြောင့် စိတ်ဖိစီးရာကနေ ထွက်ပေါက်ပေးတဲ့ အနေနဲ့ လောင်းကစား လုပ်မိသွားတဲ့သူတွေလည်း ရှိပါတယ်။ အပျော်သဘော လောင်းမိတာကနေ တဖြည်းဖြည်းနဲ့ ‘ပျော်စရာတွေ’ ဆိတ်သုဉ်းပြီး ‘ပျက်စရာတွေ’ ပဲ ဖြစ်လာတော့တာပါ။
“ကျွန်တော် အလုပ်လုပ်နေတဲ့ ကုမ္ပဏီက အရောင်းဝန်ထမ်းတယောက်ဆို သူပစ္စည်းသွားချတဲ့ ဆိုင်တွေက ရှင်းလိုက်တဲ့ ပိုက်ဆံတွေ ကုမ္ပဏီကို ပြန်မအပ်ဘဲ ဂိမ်းဆော့ပစ်လိုက်တဲ့အထိ ဖြစ်တာ။ သူပြောတာတော့ အချီကြီးနိုင်ရင် ကုမ္ပဏီကိုပေးရမယ့် ပိုက်ဆံတွေလည်း ရမယ်။ သူ့အတွက်လည်း ကျန်မယ်ပေါ့။ ဒီလိုတွက်တာ။ ရှုံးမယ်ဆိုတာကိုတော့ သူလုံးဝ တွေးမထားဘူး။ အဲဒီလောက်ထိကို ဆင်ခြင်နိုင်စွမ်း မဲ့သွားတာ။ နောက်ဆုံး အလွဲသုံးစားမှုနဲ့ ထောင်ထဲရောက်တဲ့အထိပဲ” လို့ ကုမ္ပဏီ ဝန်ထမ်းတယောက်က ပြောပါတယ်။
လောင်းကစား ဆိုတာမျိုးဟာ ဆင်းရဲနွမ်းပါးမှ၊ ပညာမတတ်မှ ပြဿနာဖြစ်နိုင်တာ မဟုတ်ပါဘူး။ လူတိုင်း သတိလက်လွတ် ဖြစ်သွားတဲ့အခါ ကြုံတွေ့ရနိုင်တဲ့ ကိစ္စရပ်မျိုး ဖြစ်ပါတယ်။
သုတေသီတယောက်ဖြစ်တဲ့ Lia Nower ကတော့ လောင်းကစား စွဲလမ်းခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်း သုံးခု ရှိတယ်လို့ ဆိုပါတယ်။ ပထမဆုံးအချက်ကတော့ လောင်းကစားလုပ်လို့ နိုင်တဲ့အခါ ပျော်ရွှင်မှုရပြီး ဒါကို စွဲသွားတဲ့အခါ တခြားနည်းနဲ့ မပျော်တတ်တော့ဘဲ ထပ်ကာထပ်ကာ လောင်းတယ်လို့ ဆိုပါတယ်။
ဒုတိယတချက်ကတော့ စိတ်ဒဏ်ရာတွေ၊ အကြမ်းဖက်ခံရတာတွေ၊ လျစ်လျူရှုခံရတာတွေ ရှိခဲ့ပြီး အဲဒီစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကနေ ရှောင်ပြေးချင်တဲ့အတွက် လုပ်မိတာမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။ တတိယအချက်ကတော့ တခြားသော ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ပြဿနာတွေနဲ့ စိတ်ရောဂါတွေ ရှိနေတာကြောင့် ဖြစ်တယ်လို့ မှတ်ချက်ပြုထားပါတယ်။
ဒါကြောင့် လောင်းကစား ဆိုတာမျိုးဟာ ခပ်ပေါ့ပေါ့ သဘောထားလို့ရတဲ့ ပြဿနာမျိုး မဟုတ်တော့ပါဘူး။ စွဲလမ်းတဲ့အထိ ဖြစ်နေတယ်ထင်ရင်တော့ တတ်ကျွမ်းနားလည်တဲ့ စိတ်ပညာရှင်တွေနဲ့ ကုထုံးယူဖို့ လိုပါလိမ့်မယ်။
ဒါအပြင် လောင်းကစား လုပ်တတ်သူတွေ၊ လောင်းကစား ကြော်ငြာတွေနဲ့လည်း ခပ်ဝေးဝေးနေဖို့ လိုပါမယ်။ အခုခေတ်မှာတော့ လောင်းကစားနဲ့ ပတ်သက်လို့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေပေါ်မှာ ကြော်ငြာအား ကောင်းနေတဲ့အတွက် ရှောင်ဖို့တောင် အတော်ခက်နေပါပြီ။
နိုင်ငံတကာမှာလည်း ဒီလိုပါပဲ။ လုံးဝ ပိတ်ပင်ထားလို့ ရတဲ့အရာ မဟုတ်လေတော့ တရားဝင်တောင် ခွင့်ပြုထားကြရပါတယ်။ ဒါကြောင့် ကိုယ်တိုင်ဆင်ခြင်နိုင်ဖို့ကသာ အဓိကအကျဆုံး ဖြစ်ပါတယ်။
အကောင်းဆုံးကတော့ လုံးဝ အစမလုပ်မိဖို့ပါဘဲ။ လုပ်မိပြီဆိုရင်လည်း အချိန်မီ ရပ်တန့်နိုင်ဖို့ လိုပါလိမ့်မယ်။ အကြွေးနွံထဲ နစ်နေတာကို လောင်းကစားလုပ်လိုက်လို့ လွတ်သွားတဲ့သူ မမြင်မိသလောက် ရှားပါတယ်။ ပိုပိုပြီးပဲ နစ်သွားကြတာ များပါတယ်။
“ကျွန်မကတော့ ခုတလော ရေပန်းစားနေတဲ့ ကျွဲဂိမ်းကိုဆော့တာ။ ပထမတော့ အပျော်သဘောပေါ့။ ဆော့တိုင်းနိုင်နေတော့ ပိုက်ဆံပိုရချင်လာတယ်။ တခါကဆို လက်ထဲ ပိုက်ဆံ ရှစ်သောင်းလောက်ပဲရှိတာ။ အဲဒီအချိန် ငွေကလည်း လိုနေတာနဲ့ ဘာလုပ်ရမှန်းမသိတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး အဲဒီ ရှစ်သောင်းလုံး အကုန်ထည့်ဆော့ပစ်လိုက်တာ ၁၀ သိန်းလောက်အထိ ရဖူးတယ်။ အသိတယောက်ဆို ကျွဲဂိမ်းကနေ သိန်း ၅၀ လောက်အထိ ရဖူးတယ်။ အဲဒီတော့ လောဘက ပိုတက်လာပြီး ထိုင်ရာမထ ဆော့ဖြစ်လာတယ်” လို့ အွန်လိုင်းဂိမ်း ဝါသနာရှင်တယောက်က ပြောပါတယ်။
အွန်လိုင်းဂိမ်း ဆိုတာဟာလည်း ဖုန်းထဲကနေပဲ ပိုက်ဆံထည့်ပြီး ဆော့ရတာဖြစ်တဲ့အတွက် အချိန်မရွေး၊ အင်တာနက်လိုင်း ရရှိတဲ့ နေရာမရွေး အလွယ်တကူ ဆော့လို့ရနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် လမ်းလွယ်လိုက်ရင်း ငွေကုန်လို့ ကုန်မှန်းမသိ ဖြစ်လာတယ်လို့ သူမက ပြောပါတယ်။
“နောက်ပိုင်း ဆော့ရင်းဆော့ရင်း ဘာဖြစ်လာလဲဆိုတော့ ကုန်လို့ကုန်မှန်းတောင် မသိတော့ဘူး။ တခါရှုံးရင် ရှုံးတာတွေ ပြန်ရမလားဆိုတဲ့စိတ်နဲ့ ထပ်ထပ်ပြီး ဆော့နေမိတယ်။
နောက်ဆုံး အိမ်မှာရှိတဲ့ ဆိုင်ကယ်ပါရောင်းရတဲ့အထိ၊ အိမ်ဆိုင်လေးပါ ပြုတ်တဲ့အထိ ဖြစ်သွားတယ်။ ဈေးရောင်းနေတုန်းကလည်း ဂိမ်းဆော့ချင်တဲ့စိတ်က များနေတော့ ဆိုင်ကိုဈေးဝယ်လာလည်း လှည့်မကြည့်နိုင်တော့ဘူး။ အဲဒါကြောင့် ဆိုင်ကပစ္စည်းတွေလည်း အခိုးခံရဖူးတယ်။ ဒီလိုနဲ့ ဂိမ်းဆော့ရင်း သူများဆီမှာ အတိုးရော အရင်းပါပေါင်းရင် အကြွေး သိန်း ၇၀ လောက်အထိ တင်သွားတယ်” လို့ သူမက ပြောပါတယ်။
အခုအချိန်မှာလည်း သူမဟာ အဲဒီအွန်လိုင်းဂိမ်းကို ယတိပြတ် မစွန့်လွှတ်နိုင်သေးဘဲ ရံဖန်ရံခါဆိုသလို ဆော့ဖြစ်နေတုန်းပဲလို့ ဆိုပါတယ်။ ကစားတဲ့အခါတိုင်းလည်း သူမအတွက်ရလဒ်က အရှုံးတွေချည်းပဲလို့လည်း ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ ရန်ကုန်မြို့နေ ပြည်သူတယောက်က “ကျွန်တော့်အမြင်ပေါ့။ လောင်းကစားနဲ့ ထိတွေ့မိတဲ့ လူတိုင်းက မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ မချနိုင်ကြတော့တာ များတယ်။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ဖို့ အရမ်းခက်သွားပြီ။ အရှက်သိက္ခာလည်း နည်းသွားကြတယ်။ ဘယ်သူ့တွေ့တွေ့ ပိုက်ဆံချေးဖို့ ဝန်မလေးကြတော့ဘူး။ ဒီပတ်ဝန်းကျင်မှာလည်း တွေ့နေရတာပဲ။ လူချင်းမတွေ့ရင်တောင် Kpay ကနေ ပိုက်ဆံလွှဲခိုင်းပြီး ချေးတာမျိုး။ သေရေး၊ ရှင်ရေးတမျှ အရေးကြီးနေသလို မရမချင်းတောင်းတာမျိုး ကြုံဖူးတယ်။ ဒီပြဿနာက မူးယစ်ဆေးတွေ၊ အရက်တွေလိုပဲ စွဲသွားရင် ဖြတ်ဖို့ခက်တာမျိုးပဲ” လို့ ပြောပါတယ်။
လက်ရှိ နိုင်ငံတဝန်းမှာ အသက် နှစ်ဆယ်ကျော်အရွယ် လောင်းကစားလုပ်တဲ့သူ အရေအတွက်ဟာ အလျင်မြန်ဆုံးအရှိန်နဲ့ မြင့်တက်လာနေတယ်လို့ သုတေသနတခုက ပြောပါတယ်။ ဒါဟာ ကလေးအရွယ်ကတည်းက ဆော့ကစားတဲ့ ဂိမ်းတွေကိုက လောင်းကစား ဆန်လာတာကြောင့်လည်း ပါပါတယ်။ အဲဒီလို Early Exposure ရခဲ့ခြင်းဟာ နောင်တချိန်မှာ လောင်းကစား ပြဿနာတွေကြုံရဖို့ ပိုများစေတယ်လို့ သိရပါတယ်။ မိဘတွေအနေနဲ့ အလေးအနက် သတိထားသင့်တဲ့ကိစ္စ ဖြစ်ပါတယ်။
စိတ်ကျန်းမာရေး ပညာရှင်တွေရဲ့ အဆိုအရ လောင်းကစားလုပ်တဲ့ သူတွေဟာ ကိုယ့်ကိုယ်ကိုယ် လေးစားမှု ကျဆင်းလာတတ်တယ်လို့ သိရပါတယ်။ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ စိုးရိမ်ပူပန်တတ်လာတာ၊ စိတ်ကျရောဂါ ခံစားရတာတွေလည်း ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဒါအပြင် ပေါင်းသင်းဆက်ဆံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အကုန်လုံးကို မီးခိုးကြွက်လျှောက် ပြဿနာ ပေးလာနိုင်တယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ ကမ္ဘာ့သုတေသန ပညာရှင်တွေကလည်း ကမ္ဘာ့လူဦးရေရဲ့ ၄၂ ရာခိုင်နှုန်းလောက်ဟာ လောင်းကစား လုပ်နေကြတယ်လို့ ဆိုထားပြန်ပါတယ်။ အဲဒီ ၄၂ ရာခိုင်နှုန်းထဲမှာ အသက် ၂၀ ကျော် လူငယ်တွေနဲ့ အသက် ၃၀ ကျော် လူလတ်ပိုင်းအရွယ်တွေ အများကြီး ပါဝင်နေတယ်လို့ ဆိုပါတယ်။
အွန်လိုင်း လောင်းကစားတွေရဲ့ အက်ပလီကေးရှင်း အများစုဟာ တရုတ်နိုင်ငံက ရေးဆွဲထားတာဖြစ်ပြီး အဲဒီဘက်မှာပဲ အထိုင်ချတယ်လို့ အွန်လိုင်းလောင်းကစားနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ပြည်တွင်းမှာတော့ လက်ခွဲကိုယ်စားလှယ်တွေပေးပြီး ကစားမယ့်သူကို ရှာစေတာဖြစ်တယ်လို့ ဆိုပါတယ်။
ကစားဖို့ လူရှာဖွေသူ (Organize) လုပ်မယ့်သူကို ချန်နယ်လ်တခု ထောင်ပေးလိုက်ပြီး အဲဒီ ချန်နယ်လ်ကနေပြီး လူရှာစေတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ ချန်နယ်လ်ကိုဝင်လာတဲ့ လောင်းကစား လောင်းကြေးငွေ ပမာဏတွေပေါ်မှာ ရာခိုင်နှုန်း (percentage) တခု Organize ကို ပေးတယ်လို့ သိရပါတယ်။
များသောအားဖြင့်တော့ Organize တွေဟာ ၇၅ ရာခိုင်နှုန်း (75 Percentage) လောက်အထိ ရကြတယ်လို့ သိရပါတယ်။ ဒါကြောင့် ပြည်တွင်းက ကိုယ်စားလှယ်ယူထားတဲ့ ချန်နယ်လ်တွေအနေနဲ့ ကစားသူ များလာဖို့အရေး တလကို သိန်း ၃၀ ကနေ ၁၀၀ ကြား သုံးစွဲပြီး ကြော်ငြာအား ကောင်းကောင်းနဲ့ ရှာဖွေကြတယ်လို့ အွန်လိုင်းလောင်းကစားနဲ့ နီးစပ်သူက ပြောပါတယ်။
အဲဒီဂိမ်းတွေဆော့ရင် နိုင်ခြေ ၈၀ ရာခိုင်နှုန်းနဲ့အထက် ရှိတယ်လို့ မက်လုံးပေးပြီး ဂိမ်းကစားချင်လာအောင် ဆွဲဆောင်ကြတယ်လို့လည်း သူက ပြောပါတယ်။ ဒါအပြင် မန်ဘာသစ် ဘောနက်စ်၊ အသင်းဝင်အသစ်ကို ဖုန်းဘီလ်ပေးတာ၊ အသင်းဝင်က လူသစ်တယောက်နဲ့ မိတ်ဆက်ပေးရင် ဘောနပ်စ်ပေးတာမျိုး နာမည်မျိုးစုံပေးပြီးတော့ ဆော့ချင်လာအောင် မြူဆွယ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အွန်လိုင်း လောင်းကစားဂိမ်းတွေဟာ အစပိုင်းမှာ ထိုးသားကို ပေးလျော်လေ့ ရှိပေမယ့် နောက်ပိုင်းမှာ ထိုးသား အနိုင်ရတဲ့ပမဏ နည်းသွားပြီး အရှုံးများစေဖို့ စီမံထားခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဂိမ်းတွေရဲ့ ဆာဗာတွေကို ပိုင်ရှင်ကနေ ထိန်းချုပ်ထားတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ အွန်လိုင်းလောင်းကစား အက်ပလီကေးရှင်းတွေက ကစားတဲ့သူရဲ့ စိတ်ကို ဖတ်နိုင်တဲ့အထိ အဆင့်မြင့်ကြတယ်လို့ ဆိုပါတယ်။
“အဲဒီ အက်ပလီကေးရှင်းတွေက ဘယ်အချိန်မှာ ဘယ်လိုထိုးကြွေးရမယ်၊ ဘယ်အချိန်မှာ ဘယ်လို အနိုင်ယူရမယ်ဆိုတာ တိတိကျကျ စီမံခန့်ခွဲနိုင်တယ်။ ကိုယ်စားလှယ် ယူထားသူတွေကတော့ တခဏအတွင်းမှာပဲ စီးပွားဖြစ်သွားကြတာပေါ့။ ကစားတဲ့သူတွေမှာသာ မွဲကျန်ခဲ့တာ။ အွန်လိုင်းဂိမ်း ဆိုကတည်းက သူ့ရဲ့ Control အောက်မှာဖြစ်သွားတာ” လို့ သူက ပြောပါတယ်။
အွန်လိုင်း လောင်းကစားဂိမ်းတွေဟာ လောင်းကစားဥပဒေနဲ့ ငြိစွန်းတယ်လို့ တရားလွှတ်တော် ရှေ့နေတယောက်က ပြောပါတယ်။ ပြည်ထောင်စု လွှတ်တော်ကနေ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ မေလ ၇ ရက်နေ့က ပြဋ္ဌာန်းလိုက်တဲ့ လောင်းကစားဥပဒေ ပုဒ်မ ၂ (ဃ) မှာ အီလက်ထရောနစ် ပစ္စည်းအပြင် အီလက်ထရောနစ် ဆက်သွယ်ရေး နည်းပညာသုံး ကိရိယာတွေကိုလည်း လောင်းကစားကိရိယာအဖြစ် ပြဋ္ဌာန်းထားတယ်လို့ ဆိုပါတယ်။
“အခုလိုတွေ ပြဋ္ဌာန်းထားပေမယ့်လည်း ဒီနေ့ခေတ်မှာ အွန်လိုင်းလောင်းကစားတွေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတယ်။ ဒါ ဘာကြောင့်လဲ။ အဖြေက ရှင်းရှင်းလေး။ တရားဥပဒေ စိုးမိုးမှု အလွန့်အလွန် အားနည်းနေတာကြောင့်။ ရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အားနည်းချက်တွေကြောင့်ပဲ ဖြစ်တယ်” လို့ သူက ပြောပါတယ်။
ဆော့ကစားသူတွေဟာ “ရေမျော ရေနဲ့လိုက်၊ ငွေမျော ငွေနဲ့လိုက်” ဆိုသလို ဆော့ကစားရင်းကနေ အချီကြီး ရှုံးသွားသူတွေလည်းရှိပြီး ငွေလိုတဲ့အတွက် ဒုစရိုက်လောကထဲ သက်ဆင်းသွားရတဲ့ သူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ ဒီရဲ့ အကျိုးဆက်က ဓားပြတိုက်၊ လုယက်တာမျိုးအထိ ဖြစ်လာတယ်လို့ သူက ပြောပါတယ်။
“ဒီဂိမ်းတွေကြောင့်ပဲ ခိုးဆိုး လုယက်တာတွေက များနေတယ်လို့ ယူဆလို့ရတယ်။ ဘယ်လောက်ပဲ ဖမ်းဆီး အရေးယူမှုတွေ လုပ်ဆောင်နေတယ် ပြောပြော၊ ဒီဂိမ်းတွေကတော့ ထိုးဖောက်မှုအား ကောင်းနေဆဲပဲ။ ဒါကို သုံးသပ်ရရင် နိုင်ငံတော်အစိုးရ၊ ပြည်ထဲရေး ဝန်ကြီးဌာနထက်ကို ဒီ လောင်းကစားသမားတွေက ပိုပြီး အရည်အချင်း ရှိနေတာမျိုး ဖြစ်နေတယ်” လို့ သူက ပြောပါတယ်။
နစကဥက္ကဋ္ဌကတော့ တရားမဝင် အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်မှု (ကျားဖြန့်) တွေကို ထိထိရောက်ရောက် အရေးယူနေတယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောကြားထားပါတယ်။ နိုင်ငံတကာနဲ့ ပူးပေါင်းပြီး တက်တက်ကြွကြွ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
ဒါအပြင် အဲဒီ အစည်းအဝေးမှာ သက်ဆိုင်ရာ နယ်မြေအလိုက် တာဝန်ရှိသူတွေကိုလည်း တင်းတင်းကျပ်ကျပ် အရေးယူဖို့ မှာကြားခဲ့ပါတယ်။ အဆိုပါကိစ္စရပ်တွေမှာ တာဝန်ရှိသူတွေပါ ပါဝင် ပတ်သက်နေတယ် ဆိုရင်လည်း အားလုံးကို ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်တယ်လို့ နစကဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေပြီး စီးပွားရေး ချွတ်ခြုံကျဆင်းနေတာ ဖြစ်ပါတယ်။ အခုလိုအချိန်မှာ ငွေကြေးနဲ့ ဆော့ကစားရတဲ့ လောင်းကစားဂိမ်းတွေဟာ မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ခေတ်စားလို့နေပါတယ်။
လောင်းကစားစွဲနေတာကို ချက်ချင်း ဖျောက်ဖို့ဆိုတာကတော့ တော်ရုံနဲ့ မလွယ်ကူနိုင်ပါဘူး။ တဖြည်းဖြည်းချင်း လျော့နည်းလာအောင်ပဲ အနီးစပ်ဆုံး လုပ်ယူရမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် အစကတည်းက သွားမစမ်းကြည့်တာ အကောင်းဆုံးပါပဲ။
လောင်းကစားရဲ့ သဘောသဘာဝကိုက လောင်းမဲ့သူအတွက် မက်လုံးပေးပြီး လွယ်ကူအောင် လုပ်ပေးတယ်။ ရှုံးသွားလည်း ထပ်ထပ်လောင်းချင်နေအောင် မြှောက်ပေးတယ်။ ဒီလိုနဲ့ပဲ နွံထဲ နစ်ကုန်ကြရတာ ဖြစ်ပါတယ်။
မိသားစုတစုမှာ လောင်းကစားသမားတယောက် ရှိရင် မျိုးဆက်သုံးဆက်အထိ ဆင်းရဲတတ်တယ်လို့ လေ့လာ မှတ်သားရပါတယ်။ ဒါကြောင့် လောင်းကစားကိစ္စတွေကို အပျော်သဘော အဖြစ်တောင် မစမ်းသပ်သင့်ပါဘူး။ အပျော်ကနေ ဘဝတွေပျက်တဲ့အထိ ဖြစ်သွားပါလိမ့်မယ်။ ။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW