ကုလသမဂ္ဂ ၊ ဇူလိုင်-၂၆-၂၀၂၅
မျိုးဆက် (VOM)
ထိုင်းနဲ့ ကမ္ဘောဒီးယားကြား နယ်စပ်ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက တံခါးပိတ် အစည်းအဝေး ကျင်းပခဲ့ပါတယ်။
ကမ္ဘောဒီးယားဘက်က ချက်ချင်းပစ်ခတ်မှုရပ်စဲရေး တောင်းဆိုနေပြီး ထိုင်းဘက်ကတော့ နှစ်နိုင်ငံတိုက်ရိုက်ဆွေးနွေးမှု ပြန်စေဖို့ တွန်းအားပေး နေပါတယ်။ ဒီအရေးပေါ်အစည်းအဝေးကို ကမ္ဘောဒီးယားဘက်က တောင်းဆိုမှုအရ သောကြာနေ့က ကျင်းပခဲ့တာဖြစ်ပြီး အစည်းအဝေးမှာ ဘာတွေဆွေးနွေးခဲ့သလဲဆိုတဲ့ အသေးစိတ်အချက်တွေကိုတော့ အခုထိ မသိရသေးပါဘူး။
ပစ်ခတ်တိုက်ခိုက်မှုတွေကို လုံးကို ချက်ချင်းရပ်စဲဖို့နဲ့ ငြိမ်းချမ်းစွာဖြေရှင်းဖို့ တောင်းဆိုခဲ့တယ်လို့ အစည်းအဝေးပြီးတဲ့နောက် ကုလသမဂ္ဂဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်က သတင်းထောက်တွေကို ပြောပါတယ်။
ဒါအပြင် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကလည်း နှစ်နိုင်ငံစလုံးအနေနဲ့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့နဲ့ သံတမန်နည်းလမ်းနဲ့ဖြေရှင်းဖို့ တိုက်တွန်းခဲ့တယ် လို့ သံအမတ်က ဆိုပါတယ်။ ထိုင်းသံအမတ်ကတော့ ကမ္ဘောဒီးယားဟာ အရပ်ဘက် ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပြီး ဒီလုပ်ရပ်ကို ရှုတ်ချတယ်လို့ လုံခြုံရေးကောင်စီကို ပြောပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ကမ္ဘောဒီးယားကို ပဋိပက္ခတွေအားလုံးကို ချက်ချင်းရပ်တန့်ပြီး စိတ်ရင်းမှန်နဲ့ ဆွေးနွေးမှုတွေ ပြန်စဖို့ တိုက်တွန်းတယ်လို့လည်း သူကဆိုပါတယ်။ ဒါအပြင် ပြဿနာပြေလည်စေရေး တခြားနိုင်ငံက ကြားဝင်စေ့စပ်တာ မလိုအပ်ဘူးလို့ ထိုင်းအစိုးရကလည်း ပြောပါတယ်။
လက်ရှိ ပဋိပက္ခတွေကြောင့် နှစ်နိုင်ငံစလုံးမှာ လူ ၁၆ ယောက်အထိ သေဆုံးပြီး သိန်းနဲ့ချီတဲ့ ပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်။ နှစ်ဖက်စလုံးကတော့ ပထမဆုံးပစ်ခတ်မှုအတွက် အပြန်အလှန် အပြစ်တင်နေကြပါတယ်။
ထိုင်းရဲ့ ယာယီဝန်ကြီးချုပ် ဖုန်သန် ဝေချာယာချိုင်းက သောကြာနေ့မှာ ဒီတိုက်ပွဲတွေဟာ စစ်ပွဲဆီသို့ ဦးတည်နိုင်တယ်လို့ သတိပေးလိုက်တယ်။ လက်ရှိမှာ လက်နက်ကြီးတွေပါ အသုံးပြုနေပြီး နယ်စပ်တစ်လျှောက် နေရာ ၁၂ ခုအထိ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
Ref:NHK
Photo:UN