တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက် ၄၈ ဒသမ ၀၆ ရာခိုင်နှုန်း ရှိ

ဇူလိုင် ၂၆ – ၂၀၂၅
SN (VOM)
၂၀၂၄-၂၀၂၅ ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်းကို ဒီကနေ့ ဇူလိုင် ၂၇ ရက်၊ မနက်ပိုင်းက ထုတ်ပြန် ကြေညာခဲ့တာမှာ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ စာမေးပွဲ အောင်ချက် ရာခိုင်နှုန်း ၄၈ ဒသမ ၀၆ ရှိတယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရပါတယ်။
ဖြေဆိုသူ ၂၀၇၈၉၈ ယောက် ရှိတဲ့အနက် ၉၉၉၂၄ ယောက် အောင်မြင်ခဲ့တာဖြစ်ပြီး လက်ရှိ ကြေညာတဲ့ အောင်စာရင်းမှာ ငလျင်ကြောင့် ပြန်လည် ဖြေဆိုရတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
“အောင်ချက်က ၅၀ ရာခိုင်နှုန်းနီးနီးရှိတယ်။ ဒီနှစ်က အောင်ချက်ကောင်းတယ် ပြောရမယ်။ အောင်စာရင်းကို ဝက်ဘ်ဆိုက်ကနေပဲ ကြည့်လိုက်တာ။ တခြားသူတွေ အတော်များများလည်း အဲဒီလိုပဲ။ ကျောင်းကို တော်ရုံ ဘယ်သူမှ သွားမကြည့်ကြတော့ဘူး” လို့ ကျောင်းသားမိဘ တယောက်က ပြောပါတယ်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ရန်ကုန်တိုင်းက အောင်ချက် အများဆုံးနဲ့ အောင်မြင်ခဲ့တာဖြစ်ပြီး ၃၇၄၆၇ ယောက် ဝင်ရောက် ဖြေဆိုရာမှာ ၁၉၃၆၆ ယောက် အောင်မြင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒုတိယ အောင်ချက် အများဆုံးကတော့ မန္တလေးတိုင်းဖြစ်ပြီး ၃၃၇၉၁ ယောက် ဝင်ရောက် ဖြေဆိုခဲ့တာမှာ ၁၆၇၆၆ ယောက် အောင်မြင်ခဲ့ကာ ဧရာဝတီတိုင်းကတော့ တတိယအများဆုံးဖြစ်ပြီး ၃၂၂၄၁ ယောက် ဝင်ရောက် ဖြေဆိုခဲ့တာမှာ ၁၅၁၀၇ ယောက် အောင်မြင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ကချင်ပြည်နယ်မှ ၄၁၀၀ ယောက်၊ ကယားပြည်နယ်မှ ၆၈ ယောက်၊ ကရင်ပြည်နယ်မှ ၁၅၀၀ ယောက်၊ ချင်းပြည်နယ်မှ ၁၁၀ ယောက်၊ စစ်ကိုင်းတိုင်းမှ ၄၂၄၁ ယောက်၊ တနင်္သာရီတိုင်းမှ ၂၂၉၇ ယောက်၊ နေပြည်တော်မှ ၅၇၄၁ ယောက်၊ ပဲခူးတိုင်း (အရှေ့) မှ ၅၇၄၄ ယောက်၊ ပဲခူး တိုင်း (အနောက်) မှ ၃၀၂၇ ယောက် အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ မကွေးတိုင်းမှ ၉၂၀၇ ယောက်၊ မွန်ပြည်နယ်မှ ၅၁၂၈ ယောက်၊ ရခိုင်ပြည်နယ်မှ အယောက် ၅၅၀၊ ရှမ်းပြည်နယ် (တောင်ပိုင်း) မှ ၆၀၃၅ ယောက်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ ၂၇၉ ယောက်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မှ ၆၃၉ ယောက်နဲ့ နိုင်ငံခြား စာစစ်ဌာနတွေမှ ၁၉ ယောက် အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ဝက်ဘ်ဆိုက်ဖြစ်တဲ့ www.myanmarexam.org မှာလည်း ဝင်ရောက် ကြည့်ရှု့နိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ တိုင်းနဲ့ ပြည်နယ်တွေက စာစစ်ဌာနတွေရဲ့ အောင်စာရင်းတွေကိုလည်း မြန်မာ့အသံ (ရေဒီယို)၊ တိုင်းရင်းသား အစီအစဉ်တွေကနေ ထုတ်လွှင့် ကြေညာပေးလျက်ရှိတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW