နေပြည်တော်မှာ ဆိုင်ကယ်လုပြီး လူပါအသတ်ခံရမှုဖြစ်ပွား ၊တရားခံမမိသေး

ဇူလိုင် ၂၉၊ ၂၀၂၅
GG (VOM)
နေပြည်တော်ကောင်စီ ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်မှာ ဒီနေ့ ဇူလိုင် ၂၈ ရက် မနက်ပိုင်းက လူသတ်ပြီး ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စင်ဉ်မှာ ဇမ္ဗူသီရိမြို့နယ်ထဲက Junction စျေးဝယ် စင်တာ နောက်လမ်းမှာရှိတဲ့ အဆင့်မြင့်ဈေးအနီးမှာ ဆိုင်ကယ်လုယက်ခံခဲ့ရတဲ့အပြင် လူကိုပါဓားနဲ့ထိုးကာ သတ်ဖြတ်သွားတာဖြစ်ပြီး သေဆုံးသူအမျိုးသားက အသက် ၂၇ နှစ်အရွယ်ဖြစ် တယ်လို့ သိရပါတယ်။
” အဲဒီဘက်တွေက အရင်ထဲက လူပြတ်တယ်။လုယက်မှုလည်း ခဏခဏဖြစ်တယ်။ဖြစ်သမျှလည်း သူခိုးမပေါ်တာကများတယ်။ခုလည်း ဆိုင်ကယ်လုတာကို လူပါသတ်သွားတယ်။အလောင်းကတော့ဆေးရုံပို့လိုက်ကြပြီ။” လို့ ဒေသခံကပြောပါတယ်။
ယခု လုယက်မှုဖြစ်ပွားတဲ့ Junction စျေးဝယ်စင်တာ နောက်ဘက်လမ်းတဝိုက်မှာ ဆိုင်ကယ်စီးသူတွေ မကြာခဏ လုယက်ခံရလေ့ရှိပြီး လုယက်မှုဖြစ်စဥ်အများစုက ရဲစခန်းကို တိုင်ကြားမှုနည်းကြောင်း ၊ လုယက်မှုကျူးလွန်သူတွေကိုလည်း ဖမ်းဆီးရရှိမှု အလွန်နည်းတယ်လို့သိရပါတယ်။
” အဲဒီနေရာတွေက ဖြတ်လမ်းလို့ပြောရမှာပေါ့။လူပြတ်တယ်လေ။အဖော်မကောင်းရင် သွားလို့မသင့်ဘူး။အဲနေရာမှာ လုတဲ့သူတွေက အဖွဲ့လိုက်ဖြစ်ဖို့များပြီး စောင့်ကြည့်နေကြတာဖြစ်ဖို့များတယ်။ကျွန်တော့ညီမတုန်းက ဓားထောက်လုတာ။ဝတ်ထားတဲ့ ရွှေတွေနဲ့ဆိုင်ကယ်ရော ၊ ပိုက်ဆံအိတ်၊စျေးဝယ်လာတာပါမကျန် လုသွားတာ။သူတို့က ပြန်ခုခံရင်သတ်မယ်ဆိုတဲ့ပုံစံပါ။ရဲစခန်းကိုသွားပြီး အသိပေးခဲ့တာတော့ရှိ အမှုတော့မဖွင့်ခဲ့ဘူး။” လို့ ဒေသခံကပြောပါတယ်။
အဆိုပါ လူသတ်ပြီးဆိုင်ကယ်လုယက်သွားသူတွေကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။
ဇူလိုင် ၁၆ ရက်ကလည်း နေပြည်တော် ၊ဥတ္တရသီရိမြို့နယ်မှာ သပြေကုန်းကျေးရွာရှိ လေးကျွန်းမဏ္ဍိုင်ဘုန်းကြီးကျောင်းက ကပ္ပိယဖြစ်သူ ဦးလှဝင်းဆိုသူလည်း အသတ်ခံရပြီး ဖုန်းနဲ့ငွေလုယက်ခံခဲ့ရတဲ့အပြင် အလောင်းပါစွန့်ပစ်ခံခဲ့ရပါတယ်။အဲဒီအမှုမှ တရားခံတွေကိုတော့ ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW