ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးအခြေအနေ အထူးစိုးရိမ်နေရ

ဩဂုတ် ၅ – ၂၀၂၅
SN (VOM)
ယာယီသမ္မတ ဦးမြင့်ဆွေဟာ ကျန်းမာရေး အထူးစိုးရိမ်ဖွယ်ရာ အခြေအနေကြောင့် အမှတ် (၂) စစ်ဆေးရုံကြီး၊ ခုတင် ၁၀၀၀ အထူးကြပ်မတ် ကုသဆောင်မှာ ဆေးကုသမှု ခံယူနေရတယ်လို့ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ (ကာလုံ) သတင်းထုတ်ပြန်ရေးအဖွဲ့က ဒီကနေ့ ဩဂုတ် ၅ ရက်၊ ညနေပိုင်းမှာ သတင်း ထုတ်ပြန်ပါတယ်။
ယာယီသမ္မတ ဦးမြင့်ဆွေဟာ ၂၀၂၃ ခုနှစ်၊ နှစ်ဆန်းပိုင်းမှစတင်ကာ လှုပ်ရှားရာမှာ တုန့်နှေးခြင်းနဲ့ အစာအာဟာရ စားသုံးနိုင်မှု အားနည်းလာခြင်းတို့ကို စတင် ခံစားခဲ့ရတာ ဖြစ်တဲ့အတွက် အထူးကု ဆရာဝန်ကြီးတွေ ပါဝင်တဲ့ အထူးဆေးကုသမှုအဖွဲ့မှ ကျန်းမာရေး စစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့တယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျန်းမာရေး စမ်းသပ် စစ်ဆေးချက်တွေအရ အာရုံကြောတွေ နှေးကွေးတုန့်ဆိုင်းတဲ့ ရောဂါ (Parkinson’s Disease)၊ ၎င်းနဲ့ ဆက်စပ်ဖြစ်ပေါ်တဲ့ အာရုံကြော အားနည်းရောဂါတို့ ခံစားနေရတာကို တွေ့ရှိရတဲ့အတွက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်မှ ၁၉ ရက်အထိ စင်ကာပူနိုင်ငံ Mount Elizabeth Medical Center မှာလည်းကောင်း၊ မေလ ၂၇ ရက်နေ့မှ ဇွန်လ ၁၈ ရက်နေ့အထိ အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှာလည်းကောင်း ဆေးကုသမှုတွေ ခံယူခဲ့ရတယ်လို့ ဆိုပါတယ်ပါ။
“ဆေးရုံကဆင်းပြီးနောက် ယာယီသမ္မတ ဦးမြင့်ဆွေကို ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်တဲ့ အထူးဆေးကုသမှုအဖွဲ့နဲ့ ကျန်းမာရေး စစ်ဆေးကုသမှုတွေ ဆက်လက် ပြုလုပ်ခဲ့တယ်” လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
သို့သော်ငြားလည်း ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ကျန်းမာရေး အခြေအနေမှာ တိုးတက် ကောင်းမွန်လာခြင်း မရှိတဲ့အတွက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်ကာ နေအိမ်မှာပင် ဆေးခွင့်နဲ့ အနားယူပြီး ဆေးကုသမှု ဆက်လက် ခံယူနေခဲ့တယ်လို့ သိရပါတယ်။
ယာယီသမ္မတ ဦးမြင့်ဆွေဟာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း ကိုယ်အလေးချိန် လျော့ကျခြင်း၊ အစာကောင်းစွာ မစားနိုင်ခြင်း၊ အဖျားတက်ခြင်း၊ ဦးနှောက်နိုးကြားမှု လျော့နည်းလာခြင်းတို့ကြောင့် ဇူလိုင်လ ၂၄ ရက်နေ့မှာ အမှတ် (၂) တပ်မတော်ဆေးရုံကြီး၊ ခုတင် (၁၀၀၀) မှာ ထပ်မံ ဆေးရုံတက်ရောက် ကုသမှု ခံယူခဲ့ရတယ်လို့ သိရပါတယ်။
ရောဂါ စစ်ဆေးချက်တွေအရ ယာယီသမ္မတရဲ့ လက်ရှိအခြေအနေမှာ အထူးစိုးရိမ်ဖွယ်ရာ အခြေအနေ ဖြစ်တာကြောင့် အမှတ် (၂) တပ်မတော်ဆေးရုံကြီး၊ ခုတင် (၁၀၀၀) အထူးကြပ်မတ် ကုသဆောင်မှာ အထူးကြပ်မတ် ဆေးကုသမှု ခံယူလျက်ရှိတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ရေးသား ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ်၊ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက်မှာ ဦးမြင့်ဆွေဟာ ယာယီသမ္မတ ဖြစ်လာတာဖြစ်ပြီး အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ဦးဆောင် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှာတော့ ဦးမြင့်ဆွေကို ကျန်းမာရေး အခြေအနေကြောင့်လို့ ဆိုကာ နလအဥက္ကဋ္ဌက ယာယီသမ္မတရာထူး ပြောင်းလဲ ယူခဲ့တာဖြစ်ပါတယ်။

ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးအခြေအနေ အထူးစိုးရိမ်နေရ

Photo – Getty Image

Related posts

✕
VOM News

FREE
VIEW