ဩဂုတ် ၅ – ၂၀၂၅
SN (VOM)
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ရေကြီးမှုအခြေအနေ ပိုမို ဆိုးရွားလာနိုင်တာကြောင့် အင်းလေးကန်အတွင်းက နုံးမြေတွေကို အမြန်ဆုံး ဆယ်ယူဖို့ လိုပြီး နိုင်ငံတော်အဆင့် ဆောင်ရွက်မှသာ အဆင်ပြေနိုင်မယ်လို့ အင်းလေးကန် ထိန်းသိမ်းရေး (Save the Inle Lake) ရဲ့ တွဲဘက်အတွင်းရေးမှူးဖြစ်သူ ဦးညီညီထွန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့ကစပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကလော၊ အောင်ပန်း၊ ပင်လောင်း၊ တောင်ကြီး၊ ညောင်ရွှေ စတဲ့ မြို့နယ်တွေမှာ ရေကြီး၊ ရေလျှံခဲ့တဲ့အတွက် အဆိုပါ မြို့နယ်တွေက တောင်ကျရေတွေဟာ အင်းလေးကန်အတွင်း စုပေါင်း ရောက်ရှိလာတာကြောင့် ရေကြီးမှု ပိုမို ဆိုးရွားလာခြင်း ဖြစ်တယ်လို့ ဦးညီညီထွန်းက ပြောပါတယ်။
“အခု အင်းလေးဒေသ ရေအခြေအနေက အင်းထဲမှာ မိုးတကြိမ်လောက်၊ ဥပမာ လေး၊ ငါးရက်လောက် မိုးဆက်တိုက် ရွာမယ်ဆိုရင် တော်တော် ဆိုးဆိုးရွားရွား မြုပ်သွားမယ့် အနေအထားလောက် ရောက်နေပါပြီ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကြိုတင် ပြင်ဆင်မှုတွေလုပ်ဖို့ စီစဉ်နေပါတယ်။ ဘယ်တော့ စတင်မလဲ ဆိုတာကတော့ နောက်ထပ် ရေ ၆ လက်မလောက် တက်လာမယ်ဆိုရင်တော့ ချက်ချင်း အရေးပေါ် ရေလျှော့ချ၊ ဖောက်ချနိုင်မယ့် နည်းလမ်းတွေကိုလည်း စီစဉ်နေပါတယ်။ အစိုးရ ဌာနဆိုင်ရာ အပိုင်းကိုလည်း တင်ပြသင့်တာတွေ တင်ပြထားပါတယ်။ နုံးတွေဘာတွေ ဆယ်ဖို့ဆိုတာကလည်း နိုင်ငံတော်အဆင့် လုပ်မှရမယ်။ ကျွန်တော်တို့ကတော့ လတ်တလော ဖြေရှင်းတဲ့နည်းလောက်ပဲ အဆင်ပြေနိုင်မယ်” လို့ သူက ပြောပါတယ်။
လတ်တလော နုံးကျတာ အများဆုံးကတော့ အင်းအနောက်ဘက်အခြမ်း ဖြစ်ပြီး ကလော၊ အောင်ပန်း အနောက်ဘက် တောင်ကြောကနေကျတဲ့ ရေတွေထဲမှာ နုံးက ပမာဏအများဆုံး ပါဝင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ အင်းလေးကန်ရဲ့ အခြေအနေဟာ မုန်တိုင်းသက်ရောက်မှုကြောင့် မိုးရွာသွန်းခြင်း မဟုတ်ဘဲ ပုံမှန် မိုးရွာသွန်းမယ်ဆိုရင်တောင် ရေထပ်တက်နိုင်တဲ့ အနေအထားမှာ ရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အင်းလေးကန်အတွင်းက ရေတွေ အဆိုပါကန်ရဲ့ (တောင်ဘက်ပိုင်း)၊ လောပိတ ရေအားလျှပ်စစ်ဘက်ကို ကောင်းမွန်စွာ စီးဆင်းနိုင်ဖို့အတွက် ချောင်းတိမ်ကောပြီး ချောင်းရေစီးဆင်းမှု နှေးကွေးသွားတဲ့ နေရာတွေကို တူးဖော်ပြီး ရေတွေကို ဆွဲချနိုင်မှသာလျှင် အဆင်ပြေနိုင်မယ်လို့ ဆိုပါတယ်။
ဒါမှသာ နောက်ထပ် မိုးရွာသွန်းချိန်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ရေကြီးတာထက် ပိုဆိုးနိုင်တဲ့ အနေအထားကနေ ကာကွယ်နိုင်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“လောပိတ ရေအားလျှပ်စစ်ဘက်ကို စီးဆင်းတဲ့ ချောင်းရဲ့ အကျဉ်းဆုံးနေရာမှာ တောင်ကျချောင်း သုံး၊ လေးချောင်းလောက်ရှိတယ်။ မိုးရွာရင် အဲဒီနေရာမှာ သဲ၊ ကျောက်၊ နုံးတွေ သွားပြီးတော့ စုပုံတတ်တယ်။ အဲဒီတော့ အင်းလေးကန် (မြောက်ဘက်)၊ ရေဆင်းတဲ့နေရာမှာ နည်းနည်း အတားအဆီးလေးတခု ဖြစ်သွားတာပေါ့။ အဲဒါကို အစောပိုင်းကတော့ ဌာနဆိုင်ရာနဲ့ ဒေသခံတွေပေါင်းပြီး ဆယ်တာတော့ရှိတယ်။ ဒါပေမယ့် တနိုင်ငံလုံးမှာ မိုးကများနေတာဆိုတော့ ရေထွက်ပေါက်က သေးတယ်၊ ရေဝင်ပေါက်က အများကြီးဖြစ်နေတော့ ရေက မလျော့နိုင်ဘူး ဖြစ်နေတာ” လို့ သူက ပြောပါတယ်။
လက်ရှိမှာ အင်းလေးကန်ရဲ့ ရေကြီးမှုအခြေအနေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း အဆမတန် ရေကြီးခဲ့တဲ့ ဖြစ်စဉ် အနေအထားကို ရောက်ရှိနေတာဖြစ်ပြီး အခုနှစ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လကထက် ၂ ပေခန့် ရေထပ်တိုးနေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“ပြီးခဲ့တဲ့ ဇွန်လမှာ ရေစတက်လာတယ်။ စပါးခင်းတွေလည်း ရေဝင်ကုန်တယ်။ စပါးတွေ မသိမ်းနိုင်ခင် ဇူလိုင်လမှာ ရေက ၆ လက်မလောက် ပြန်ကျသွားတယ်။ အဲဒီနောက်မှာ ရေက ချက်ချင်း ၂ ပေလောက် ပြန်တက်လာတာပါ။ စပါးခင်းတွေလည်း ရိတ်သိမ်းတော့မယ့် နှစ်ပတ်လောက်အလို၊ ၁၀ ရက်လောက် အလိုမှာ ရေအောက်ကို ရောက်သွားတာ။ လက်ရှိ မိုးကတော့ နေ့တိုင်းလိုလို အနည်းနဲ့ အများတော့ ရွာနေတယ်” လို့ သူက ပြောပါတယ်။
လက်ရှိ ရေကြီးမှုဟာ ပြီးခဲ့တဲ့ နှစ်တွေထက် တလခန့် စောတာကြောင့် စပါးခင်း အပါဝင် ဟင်းသီးဟင်းရွက်စိုက်ခင်း ၉၀ ရာခိုင်နှုန်းလောက် ရေနစ်မြုပ်၊ ပျက်စီးဆုံးရှုံးမှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ဒါအပြင် လက်ရှိ အင်းထဲမှာ ရေဝင်နေတဲ့ အိမ်ခြေ စုစုပေါင်း တထောင် ဝန်းကျင်လောက် ရှိနေပြီး ဒေသခံတွေအနေနဲ့ ရေထပ်တက်မှာကို စိုးရိမ်တဲ့အတွက် ပစ္စည်းတွေကို သိမ်းဆည်း၊ ရွှေ့ပြောင်းမှုတွေ ပြုလုပ်နေကြတယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ ဌာနဆိုင်ရာက ရေဘေးရှောင်စခန်း ဖွင့်လှစ်ဖို့ စီစဉ်နေပေမယ့် အကောင်အထည် မပေါ်သေးဘဲ ရေအခြေအနေကို စောင့်ကြည့်နေတဲ့ အနေအထားမှာပဲ ရှိနေသေးတယ်လို့ ဆိုပါတယ်။
ဒါကြောင့် လတ်တလော ရေမြုပ်နေတဲ့ အိမ်တချို့အနေနဲ့ ကုန်းမြင့်ရာ နေရာတွေမှာ စင်ထိုးပြီး နေထိုင်နေကြတာရှိသလို တချို့ကတော့ ဘုန်းကြီးကျောင်းနဲ့ နီးစပ်ရာ ဆွေမျိုးတွေအိမ်မှာ သွားရောက် နေထိုင်လျက်ရှိကာ လက်ရှိမှာတော့ ရေဘေးရှောင်ပြည်သူ အရေအတွက် နည်းပါးနေသေးတယ်လို့ သူက ပြောပါတယ်။
ဒါနဲ့ ပတ်သက်လို့ ဒေသခံတယောက်က “အင်းလေးမှာ ရေတရိပ်ရိပ်တက်နေပြီ။ အိမ်တော်တော်များများက ကြမ်းခင်းနဲ့ သိပ်ပြီး မလွတ်ချင်တော့ဘူး။ တချို့အိမ်တွေ မြုပ်ကုန်ပါပြီ။ ငလျင်ကြောင့် ယိုင်နဲ့နေတဲ့ အိမ်တွေလည်း ရှိတော့ အိမ်နံရံကိုလာရိုက်တဲ့ ရေလှိုင်းရဲ့ ဒဏ်က ဘယ်လိုမှ အဆင်မပြေဘူး။ ပိုဆိုးစေတယ်။ ရေအောက်ရောက်သွားတဲ့ လျှောက်လမ်း တံတားပျဉ်ချပ်တွေ ပြုတ်ထွက်ကုန်မှာကိုလည်း စိုးရိမ်ရတယ်” လို့ ပြောပါတယ်။
ဒါကြောင့် မည်သည့်ရွာမဆို ရွာအတွင်းမှာ စက်လှေတွေကို ဖြည်းဖြည်းချင်း ညင်သာစွာ မောင်းနှင်ပေးစေလိုတယ်လို့ သူက ပြောပါတယ်။
လက်ရှိ အင်းလေးကန်အတွင်းမှာ ပြီးခဲ့တဲ့နှစ် ရေကြီးချိန်က သဲ၊ နုံးနဲ့ ရွှံ့မြေတွေလည်း တင်ကျန်ရစ်ခဲ့တာကြောင့် မိုးအနည်းငယ် ရွာတာနဲ့ ရေအတက်မြန်နေပြီး နေအိမ်တွေ နစ်မြုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို အခြေအနေနဲ့ ပတ်သက်လို့ Save the Inle Lake ရဲ့ တွဲဘက်အတွင်းရေးမှူး ဦးညီညီထွန်းကတော့ အင်းလေးဒေသမှာ နုံးဝင်ရောက်မှုဟာ တနှစ်ကို တန်ချိန် သိန်းနဲ့ချီ ရှိနေတာကြောင့် ဖြစ်တယ်လို့ ဆက်လက် ပြောဆိုပါတယ်။
သဘာဝပတ်ဝန်းကျင် ပျက်စီးပြီး သစ်ပင်တွေ ပြုန်းတီးကာ အင်းထဲ နုံးအနည်ကျတာတွေ တောက်လျှောက် ဖြစ်ပေါ်နေတဲ့အတွက် မြေရဲ့ထုထည် မြင့်တက်လာတာကြောင့် ရေအနည်းငယ် မြင့်တက်လာတာနဲ့အမျှ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာလို့ သူက ပြောပါတယ်။
နောက်တကြိမ် မိုးကြီးခဲ့ပါက သေချာပေါက် ရေကြီး၊ ရေမြုပ်နိုင်တဲ့အတွက် အခုရှိနေတဲ့ ကန်တွင်းရေခံတွေကို ရေစီးဆင်းမှု နှေးကွေးနေတဲ့ အင်းတောင်ပိုင်း ရေစီးဆင်းချောင်းမှာ စက်လှေ ၁၀ စီးခန့်နဲ့ ရေလှိုင်းဆွဲ မောင်းဆင်းကာ ရေဆွဲချဖို့ စီစဥ်နေပြီဖြစ်ကာ တရက်မောင်းပါက ရေ ၆ လက်မခန့် ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့အနေနဲ့ ချောင်းကို ချက်ချင်းကြီး ယန္တရားတွေနဲ့ တူးချဲ့ဖို့ကလည်း မဖြစ်နိုင်ဘူးလေ။ အရေးပေါ် ချက်ချင်းကို ရေကျအောင် လုပ်နိုင်တဲ့ နည်းလမ်းကတော့ ကျွန်တော်တို့ အတွေ့အကြုံရ လုပ်မယ့်နည်းလမ်းပေါ့။ ဒါနဲ့ပတ်သက်လို့ အဓိက ကတော့ ဘတ်ဂျက်လိုတယ်။ ကျွန်တော်တို့ စက်လှေ ၁၀ စီးသုံးရင် တရက်ကို ၁၅ သိန်းဝန်းကျင်လောက် ဆီဖိုးနဲ့ စရိတ် ကုန်ကျနိုင်တယ်။ အဲဒီလို အခက်အခဲတွေတော့ ရှိပါတယ်။ ရေကတော့ အဲဒီလိုလုပ်ရင် လျော့မယ်၊ ကျမယ်။ ဒါပေမယ့် စရိတ်စက အခက်အခဲလေးတွေတော့ ရှိပါတယ်” လို့ ဦးညီညီထွန်းက ပြောပါတယ်။
လက်ရှိမှာ အင်းထဲက နုံးတွေကိုလည်း ဌာနဆိုင်ရာက ဆယ်ယူနေတာတွေ ရှိပေမယ့် အဝေးကိုတော့ စွန့်ပစ်နိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
“ဒီနုံးတွေက အဝေးကို သယ်ထုတ်နိုင်မှ အဆင်ပြေမယ်။ နုံးဆယ်ပြီး အင်းလေးကန်ထဲမှာပဲ ပြန်တင်ထားမယ်ဆို အဓိပ္ပာယ် မရှိဘူးလေ။ အဲဒီလိုလုပ်ဖို့ကလည်း လွယ်တော့မလွယ်ဘူး။ နိုင်ငံတော်အဆင့် တကယ် အကြီးကြီးလုပ်မှ ရမယ့်အနေအထား ရှိပါတယ်” လို့ သူက ပြောပါတယ်။
အဆိုပါ နုံးတွေကို ဆယ်ယူပြီး စွန့်ပစ်ဖို့အတွက် ဆိုရင် နုံးတွေဟာ မြေဆီမြေနှစ်လည်း ကောင်းမွန်တာကြောင့် အလေအလွင့် မဖြစ်စေဖို့ စိုက်ပျိုးမြေမကောင်းတဲ့ ဒေသတွေကို ပို့ဆောင်နိုင်ဖို့ လိုပြီး ဒါမှသာ အားလုံးအတွက် အဆင်ပြေ အကျိုးရှိနိုင်မယ်လို့လည်း သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ အတွင်းကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ညောင်ရွှေမြို့ပေါ်အထိ ရေကြီးခဲ့ပြီး အင်းလေးကန်အတွင်းမှ ကျေးရွာနဲ့ နေအိမ်တွေအများအပြား ရေနစ်မြုပ်မှု ကြီးမားစွာ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ်၊ ရေကြီးပြီး တလအကြာ အောက်တိုဘာလပိုင်းမှာ ရေ ၁၀ ပေနီးပါး ဆွဲချ စီးဆင်းသွားတာကြောင့်အပြင် ငလျင်ကြောင့်လည်း အင်းလေးကန် မြေမျက်နှာသွင်ပြင် ပြောင်းလဲသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အခု ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း မိုးဦးရွာတာနဲ့ လယ်တွေ၊ အိမ်တွေ ရေနစ်မြုပ်ကာ ရိတ်သိမ်းခါနီး စိုက်ခင်းတွေ နစ်မြုပ်ပျက်စီး သွားခဲ့ပြီး ဆုံးရှုံးမှု အလွန်ကြီးခဲ့တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် အင်းလေးကန် တောင်ဘက်ပိုင်းမှ မိုးဗြဲရေကာတာအထိ ရေစီးဆင်းမှု နှေးကွေးသွားတာကြောင့် အကယ်၍ လာမယ့် စက်တင်ဘာလအတွင်း အရင်နှစ်ကလို မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါက ၂၀၂၄ ခုနှစ် ရေကြီးတာထက် နှစ်ဆ ပိုနိုင်တယ်လို့ ဆိုပါတယ်။
Photo – Save the Inle Lake/ CJ
