ဆစ်ဒနီ၊ ဩဂုတ်-၅-၂၀၂၅
ရတီ(VOM)
ဩစတြေးလျရေတပ်ကို ဂျပန်အခြေစိုက် Mitsubishi Heavy Industries က တည်ဆောက်မယ့် မိုဂါမီ အမျိုးအစား စစ်သင်္ဘော ၁၁ စီးနဲ့ အဆင့်မြှင့်တင်မယ်လို့ ကာကွယ်ရေးဝန်ကြီး ရစ်ချက်မာလက်စ်က ပြောပါတယ်။
၂၀၂၃ခုနှစ်က ကြေညာခဲ့တဲ့ အဓိကစစ်ရေးပြုပြင်ပြောင်းလဲမှုအရ ဩစတြေးလျဟာ တရုတ်ရေတပ်အင်အားကို ပိုထိရောက်စွာတုံ့ပြန်နိုင်ဖို့ တာဝေးပြေးဒုံးပစ်စွမ်းရည်တွေဘက်ကို အာရုံစိုက်လာနေပြီး လာမယ့် ၁၀နှစ်အတွင်း အဓိကစစ်သင်္ဘောအရေအတွက်ကို ၁၁စီးကနေ ၂၆စီးအထိ တိုးချဲ့ဖို့ ကြိုးစားနေပါတယ်။
“ဒါဟာ ဂျပန်နဲ့ဩစတြေးလျကြား အခုထိလက်မှတ်ထိုးခဲ့တဲ့ အကြီးမားဆုံး ကာကွယ်ရေးစက်မှုလုပ်ငန်း သဘောတူညီမှုဖြစ်တယ်”လို့ မာလက်စ်က ဒေါ်လာ ခြောက် ဘီလီယံတန် သဘောတူညီချက်နဲ့ပတ်သက်ပြီး ပြောပါတယ်။
Mitsubishi Heavy Industries ကို ဂျာမနီက ThyssenKrupp Marine Systems ထက် ဒီလုပ်ငန်းအတွက် ရွေးချယ်လိုက်တာဖြစ်ပြီး ဩစတြေးလျအတွက် အသင့်တော်ဆုံးစွမ်းရည်ကို အခြေခံပြီး ဒီဆုံးဖြတ်ချက်ကိုချမှတ်ခဲ့တာလို့ သူကဆိုပါတယ်။
ဂျပန်နဲ့ ဩစတြေလျတို့အကြား နီးကပ်တဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ရှိထားပြီး မိုဂါမီအမျိုးအစား စစ်သင်္ဘောတွေဟာ ရေဒါကနေ ပျောက်နိုင်စွမ်းရှိကာ စွမ်းအားပြည့် လက်နက်တွေ တပ်ဆင်ထားတဲ့ သင်္ဘောတွေဖြစ်တယ်လို့ ပြောပါတယ်။
ဒီသင်္ဘောတွေကို ခေတ်နောက်ကျနေပြီဖြစ်တဲ့ Anzac အမျိုးအစား သင်္ဘောတွေနေရာမှာ အစားထိုးမယ်လို့ ဆိုထားပြီး ၂၀၃၀ခုနှစ်မတိုင်ခင် ပထမဆုံး စစ်သင်္ဘောကို အသုံးပြုနိုင်အောင် လုပ်မယ်လို့ ပြောပါတယ်။ သင်္ဘောတွေမှာ တာဝေးပစ်ဒုံးကျည်တွေပစ်လွှတ်နိုင်တဲ့ ဒုံးပစ်စင် ၃၂ ခုပါဝင်ပါတယ်။
ဒါအပြင် တွမ်မဟော့ ဒုံးကျည်တွေကိုလည်း ပစ်ခတ်နိုင်တယ်လို့ ဩစတြေးလျ တာဝန်ိရှသူတွေက ထုတ်ဖော်ပြောကြားထားပါတယ်။
Ref:CNA
Photo:AFP