ဩဂုတ် ၈ – ၂၀၂၅
SN (VOM)
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဖျက်သိမ်းတာနဲ့ ပတ်သက်လို့ လက်ရှိ အချိန်အထိ အဆိုပါ ကောင်စီကို တရားဝင် အကြောင်းကြားတာမျိုး မရှိသေးဘူးလို့ အဖွဲ့ဝင်တယောက်က ပြောပါတယ်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး (ကာလုံ) မှ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အပါအဝင် နစက အစိုးရလက်ထက်က ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းပေါင်း ၁၈၄ ဖွဲ့ကို ဖျက်သိမ်းလိုက်တယ်လို့ ဩဂုတ် ၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ဒါနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်တယောက်က “လောလောဆယ် ဖျက်သိမ်းထားတယ်လို့တော့ တွေ့ရပေမယ့် ကျွန်တော်တို့ဆီ တရားဝင် စာရွက်စာတမ်းနဲ့ အကြောင်းကြားလာတာမျိုးတော့ မရှိသေးဘူး။ လောလောဆယ်တော့ စောင့်ကြည့်နေတဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်” လို့ ပြောပါတယ်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ/ရုံးက အမိန့်၊ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး ဖွဲ့စည်းပေးထားတဲ့ အဆိုပါ ကော်မတီနဲ့ ကော်မရှင်အဖွဲ့တွေကို ဖျက်သိမ်းခဲ့ရာမှာ သတင်းမီဒီယာကောင်စီအပြင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်တွေ ဆက်ကပ်ချီးမြှင့် အပ်နှင်းပွဲကျင်းပရေး နာယကအဖွဲ့နှင့် ဦးစီးကော်မတီ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနဲ့ ညှိနှိုင်းရေးကော်မတီ၊ မြေယာကိစ္စများ ကြိုတင်စိစစ်ရေးအဖွဲ့၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီ စတဲ့ အဖွဲ့အစည်းတွေလည်း ပါဝင်နေတာ တွေ့ရပါတယ်။
“ကျွန်တော်တို့ မီဒီယာကောင်စီဘက်ကတော့ တရားဝင် အကြောင်းမကြားသေးတဲ့အတွက် တရားဝင် မဖြစ်သေးတာပေါ့။ တကယ်လို့သာ ဒီသတင်း မှန်မယ်ဆိုရင်တော့ သူတို့သွားတဲ့ခရီး လမ်းကြောင်းမှာ အထောက်အကူဖြစ်မယ့် အဖွဲ့အစည်းတွေက အသက်ပြန်ဝင်လာမယ့် သဘောပါပဲ ” လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဟာ လွတ်လပ်တဲ့ အဖွဲ့အစည်းလည်း ဖြစ်သလို ပေါင်းကူးတံတားလို ဆက်သွယ်ပေးနိုင်တဲ့ အဖွဲ့အစည်းလည်း ဖြစ်တာကြောင့် နိုင်ငံတခုမှာ ရှိသင့်တဲ့ အဖွဲ့အစည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ကာလုံရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ သတင်းအယ်ဒီတာဟောင်း တယောက်ကတော့ “အခုဖွဲ့ထားတဲ့ မီဒီယာကောင်စီ ဆိုတာကလည်း မီဒီယာသမားတွေရဲ့ သဘောဆန္ဒ တခုမှပါပြီး ဖွဲ့ထားတာမျိုး မဟုတ်ဘူးလေ။ လက်ရှိ မီဒီယာသမားတွေ အပေါ်မှာလည်း ဘာအကျိုး သက်ရောက်မှုမှ မရှိဘူး။ လက်ရှိ အခြေအနေအရကိုက မီဒီယာသမားတွေအတွက် ကောင်းကျိုးတခုမှ မရှိတဲ့ ကာလဖြစ်နေတယ်။ အဲဒီတော့ ဒီကာလ၊ ဒီအခြေအနေမှာ မီဒီယာကောင်စီ ဖျက်သိမ်းခြင်း၊ မဖျက်သိမ်းခြင်းက ဘာမှ ထူးခြားလာမှာ မဟုတ်သလို ဘာမှလည်း ဖြစ်မလာနိုင်ဘူး” လို့ ပြောပါတယ်။
ဒါနဲ့ ပတ်သက်လို့ မီဒီယာကောင်စီ အဖွဲ့ဝင်ဟောင်း တယောက်ကလည်း မီဒီယာကောင်စီ ဆိုတာဟာ သတင်းသမား ဖမ်းဆီးခံထားရတဲ့ ကိစ္စတွေ ပြောဖို့၊ လုပ်ဆောင်နိုင်ဖို့၊ ပြည်တွင်းက သတင်းဌာနတွေ လွတ်လပ်စွာ သတင်းယူနိုင်ဖို့၊ ဖော်ပြနိုင်ဖို့ ကိစ္စတွေ မလုပ်နိုင်ရင် သတင်းလောက က လွတ်လပ်တဲ့ ကောင်စီလို့ အသိအမှတ်ပြုကြမှာ မဟုတ်ဘူးလို့ သုံးသပ် ပြောဆိုပါတယ်။
လက်ရှိ အဖွဲ့အစည်းတွေကို ဖျက်သိမ်းတာကလည်း လုပ်ထုံးလုပ်နည်းအရ ဖျက်သိမ်းရတဲ့ သဘောဖြစ်ပြီး လိုအပ်တဲ့ အဖွဲ့တွေ အသစ်ပြန်ကြေညာကာ အတည်ပြုနိုင်တဲ့အတွက် သတင်းမီဒီယာ ကောင်စီဟာလည်း အဲဒီလို ပြန်အတည်ပြုတဲ့ အဖွဲ့တွေထဲ ပါဝင်လာနိုင်တယ်လို့ သူက ပြောပါတယ်။
လတ်တလော စုံစမ်းသိရှိရတဲ့ သတင်း အချက်အလက်တွေအရ နစက အစိုးရလက်ထက်က ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းတွေကို လုပ်ငန်းစဉ်အရ ဖျက်သိမ်းခဲ့ခြင်းဖြစ်ပြီး ထုတ်ပြန်ချက်တွေ ထပ်မံ ထုတ်ပြန်ကာ အဆိုပါအဖွဲ့တွေကို ဆက်လက် အတည်ပြုမှာ ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ
