ဆူးငှက်
နန်းရှေ့ဦးထိပ်တံခါးအထွက် ဘယ်ဘက်မှာရှိသော မဟာဝိသုတာ ရာမကျောင်းတိုက်ကြီးသည် ယခုတော့ အုံ့ဆိုင်းနေသော မန်ကျည်းပင်အိုကြီးများ အရိပ်အောက်ဝယ် ငြိမ်သက်တိတ်ဆိတ်စွာ ကမ္မဋ္ဌာန်းရှုနေတော့၏။ လွန်ခဲ့သော နှစ်ပေါင်း ၁ဝဝ ကျော်ကာလမှာ တော့ မဟာဝိသုတာရာမ ကျောင်းတိုက်ကြီးသည် မင်းတရားကောင်းမှု ကျောင်းတိုက်ကြီးမို့ နန်းဦးထိပ်တွင် နေရာယူကာ ရွှေနန်းတော် ကြီးနှင့် ရွှေလမ်းငွေလမ်း ပေါက်ရောက်လျက်ရှိသည်။ ထို့ကြောင့်လည်း မင်းတရားကြီး၏ သာသနာရေးရာကိစ္စများတွင် မဟာဝိသုတာ ရာမကျောင်းတိုက်ကြီးက အမြဲပါဝင်နေရ၏။ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတွင် ဤသို့ ဖတ်ရှုဖူးသည်။
“သက္ကရာဇ် တစ်ထောင့်နှစ်ရာလေးဆယ်ခု၊ ကဆုန်လ မဟာဝိသုတာရာမကျောင်းတော်က မဟာအတုလဝေယန်ကျောင်း တော်ကြီးသို့ ပိဋကတ်တော်များကို ရေကြောင်းပင့်တော်မူရန် ဖောင်တော် သမ္ဗာန်တော် လှေတော်မှစ၍ ရေတပ်အခင်း အကျင်း အခမ်းအနားများကို ပိဋကတ်တော် မပင့်မဆောင်မီ ကဆုန်လဆန်း ဆယ်ရက်နေ့ ရွှေမြို့ တော်အရှေ့မျက်နှာ၊ ကျုံးထိပ်စံနန်းတော်သို့ ထွက်တော်မူ၍ ကြည့်ရှုတော်မူသည်။ ထိုနှစ် နယုန်လဆန် တစ်ရက်နေ့မှစ၍ ဝါဆိုလဆန်း ရှစ်ရက် နေ့တိုင် သာသနာ တော်သုံးပါးတွင် အရင်းမူလဘူတဖြစ်သော ပရိယတ္တိ သာသနာတော် ထွန်းလင်းတောက်ပစေခြင်းငှာ နှစ်စဉ်မပျက် စာပြန်ဆိုစေသည့်အတိုင်း မဟာဝိသုတာရာမ တိုက်တော် ပထမပဉ္စင်းလောင်းတော် ရှင်ပဏ္ဍိစနှင့် ပထမကြီး တစ်၊ ပထမလတ် လေးဆယ့်ငါး၊ ပထမငယ် ကိုးဆယ်၊ စုစုပေါင်း ပထမ ပဉ္စင်းလောင်းတော် ရှင်လောင်းတော် တစ်ရာ့ ဆယ့်ခုနစ်တို့ကို သုဓမ္မာဇရပ်တော်များတွင် ဝဲယာလေးဌာန ခွဲဝေ၍ ပထမစာတော် ပြန်ဆိုကြသည်”
ဟူ၍ ပါရှိ၏။ ဤနယုန်လ စာပြန်ပွဲအပြီး (၅)လအကြာ ၁၂၄ဝ ခုနှစ် သီတင်းကျွတ်လဆန်း (၆) ရက် အင်္ဂါနေ့တွင် ဘဝရှင် မင်းတုန်းမင်း တရားကြီး နတ်ရွာစံတော်မူလေသည်။
ထို့ကြောင့် ရွှေမြို့တော် အရှေ့ဦးထိပ်တံခါးမှအထွက် ရန်ကင်း တောင်တော်အထိ နန်းရှေ့လမ်းမကြီးပေါ်တွင် ကျန်ရစ်တည်ရှိနေခဲ့သော မင်းတုန်းမင်းကြီးကောင်းမှုကုသိုလ်များမှာ ဉေယျဓမ္မာတိမုနိ ဝရဉာဏကိတ္တိ သီရိဓဇ ဓမ္မသေနာပတိ မဟာသဓမ္မရာဇာဓိရာဇာဂုရု တံဆိပ်တော်ရ သာသနာပြုဆရာတော် သီတင်းသုံးနေသည့် ကျောင်းရံနှစ်ဆယ်ကျော်နှင့် တကွသော မဟာဝိသုတာရာမတိုက်တော်နှင့် မဟာတုလွှတ်ဘုံစံ ရွှေ ကျောင်းတော်ကြီး၊ မတ္တရာမြစ်မှ ရွှေလောင်းမြောင်း တူးဖောက်ရာတွင် ရေသွားရေလာ မပေါက်ရောက်သည့် နေရာများ၌ ထပ်မံ တူးဖောက်တော် မူခဲ့သည့် “ရတနာနဒီ” မြစ်တော်၊ ရွှေမြို့တော်လေးပြင် မြေမြို့ ရိုးကြီး တံခါး ငါးဆယ့်ခုနစ်ရပ်များတွင် ရဟန်းရှင်လူ အသွားအလာ များပြား သည့် အရှေ့မျက်နှာ ဌာနသုံးရပ်၊ တောင်မျက်နှာ ဌာနလေးရပ်၊ မြောက်မျက်နှာ ဌာနတစ်ရပ်များတွင် ဆောက်လုပ်တော်မူသည့် အုတ်ဇရပ်ကြီး ရှစ်ဆောင်အနက် နန်းရှေ့ရှိ မုန်တိုင်ဇရပ်တော်ကြီးနှင့် သက္ကရာဇ် ၁၂၃၈ ခုနှစ် နတ်တော်လတွင် စတင်တည်ထားသော ရွှေမြို့တော်ကြီး အရှေ့ မျက်နှာ ရန်ကင်းတောင်အနီး ဇေယခုံအရပ်၌ အဉ္စနဂီရိမည်သော မျက်စဉ်း တောင်အဆင်းနှင့်တူသော သယံဇာတကျောက်တို့ဖြင့် မြေဝင် ငါးတောင့် တစ်မိုက်၊ အချင်းသံတောင် သုံးရာ့နှစ်ဆယ့်တစ်မိုက်လေးသစ်၊ အမြင့်ပန်း တင် ဖရုံတုံး ချရားသီးဆုံးတိုင် နှစ်ရာ့ငါးဆယ်ခြောက်တောင် နှစ်မိုက်ရှိ သော ပုံစံစနစ်အတိုင်း ဓာတုဃရ မဟာထာဝရ ကျောက်စေတီတော်ကြီး တို့ဖြစ်ပါသည်။
ထိုစေတီမှာ မင်းတရားကြီးလက်ထက် အပြီးသတ်မသွား နိုင်ခဲ့ဘဲ နှစ်ပေါင်း တစ်ရာ့နှစ်ဆယ်ကျော်အကြာ ယခုမှ အပြီးသတ်နိုင်ခဲ့ သည့် မြကျောက်စေတီတော်ကြီး ဖြစ်ပါသည်။
အလားတူ မင်းတုန်းမင်းတရားကြီး ပြုပြင်ဖောက်လုပ်အပ်သော ရတနာနဒီမြောင်းတော်မှာလည်း ခမည်းတော် အမရပူရ ဒုတိယမြို့တည် နန်းတည် မင်းတရားကြီးလက်ထက်ကတည်းက ရွှေလောင်းမြောင်းတော် အဖြစ် အမိန့်တော်မြတ်ဖြင့် လဲချားစော်ဘွားကြီးကို ကြီးကြပ်စေ၍ အမှုထမ်း ဆင်းရဲသားတို့ ဆည်ဖို့ တူးဖောက်စေခဲ့သည်ဟု ဆို၏။ ရွှေလောင်းမြောင်း တော်မှာ သဖန်းကိုင်းဆည်မှ စတင်ကာ အမရပူရသို့ ရေများရောက်သည်။ ကြီးကြပ်ဖောက်လုပ်သူ လဲချားစော်ဘွားက မန္တလေးမြို့ တောင်ပြင်တွင် ဟော်ဆောက်၍ နေထိုင်ကြီးကြပ်တူးဖောက်ရသောကြောင့် ယခုတိုင် ထို အရပ်ကို “ဟော်ကုန်းရပ်” ဟု အမည်တွင်နေဆဲ ဖြစ်ပါသည်။
ထီးရိပ် နန်းရိပ် ကြငှန်းရိပ်နှင့် အစတည်ခဲ့သော နန်းရှေ့လမ်းမကြီး မှာ ထီးမွေနန်းမွေအဖြစ် ယခုတိုင် ထင်ရှားနေသောလုပ်ငန်းများလည်း ရှိပါ၏။ နန်းရှေ့ လွန်းတစ်ရာချိတ်လုပ်ငန်းနှင့် နန်းရှေ့မင်္ဂလာစည်တော် ကြီးတို့ ဖြစ်ပါသည်။
မင်းတုန်းမင်းကြီးလက်ထက်တော်တွင် ညီတော်အိမ်ရှေ့စံ ကနောင်မင်းသားကြီးနှင့် အမြင်ကျယ်သော မှူးမတ်ဝန်ကြီး မင်းညီမင်းသားများ ကြိုးပမ်းမှုအဖြစ် စက်မှုလက်မှုလုပ်ငန်းများ စတင်ထွန်းကားခဲ့ရာတွင် အမြောက်စက်ရုံ၊ သေနတ်လက်နက်စက်ရုံ၊ ဖန်ချက်စက်ရုံ၊ ဝါဂွမ်းစက်ရုံ၊ ဒင်္ဂါးစက်ရုံ၊ ရေမွှေးချက်စက်ရုံ၊ သစ်ခွဲစက်၊ သံချက်စက်ရုံ၊ မီးခြစ်စက်ရုံ၊ သင်္ဘောစက်ရုံ၊ ကြာဆံစက်ရုံ၊ ဆန်ကြိတ်စက်ရုံများနည်းတူ ရက်ကန်းစက်ရုံ များလည်း ပါဝင်ခဲ့၏။ ရက်ကန်းစက်ရုံများမှာ မြောက်ပြင် လက်နက်စက်ရုံ အနီးတွင် တည်ရှိခဲ့ပါသည်။
ရက်ကန်းစက်ရုံများ တည်ရှိခဲ့သဖြင့် ပိတ်၊ သက္ကလတ်၊ ကတ္တီပါ၊ ကော်ဇော၊ ကျင်ခတ်၊ နာနတ်ချည်၊ ပိုးအဖြူ၊ အနီ၊ အဝါ၊ အစိမ်း၊ အပြာ အရွက်နှစ်ထပ် သုံးထပ် အပင့် အခက် အရွက်နှင့်တကွ နှပ်လွှား များစွာ ရက်လုပ်သုံးစွဲနိုင်ကြပါပြီ။ ကတ္တီပါကိုမူ အဠဝတီလမ်း ရွှေတချောင်း ထိပ်၌ နေထိုင်သော ပြင်သစ်သူတစ်ဦးက ရက်လုပ်ခဲ့သည်ဟု ဆို၏။ မည်သို့ပင် အဝတ်အစား အသစ်အဆန်းများ ပေါ်ပေါက်ပါစေ။ နန်းထိုက် တော်ဝင်အထည်များကား လွန်းချိတ်ထဘီများပင် ဖြစ်၏။
ထို့ကြောင့် လွန်းရာကျော် ချိတ်ထဘီများကို သူ့ထက်ငါ အဆန်းထွင်ကာ ဒေါင်း၊ ဟင်္သာရုပ်များပင် ထည့်သွင်းရက်ခတ်လာကြသည်။ မင်းတုန်းမင်းလက်ထက် တွင် ယောက်ျားဝတ် ဗလာပုဆိုးနှင့် မိန်းမဝတ် ထဘီများတွင် အချိတ် ပုဆိုးဆင် (၃၇) မျိုးရှိ၍ အချိတ်ထဘီဆင် (၃၀) ခန့်အပြင် ပန်းစုံကိုက် (၁) နှင့် ပန်းစုံစပ် (၁) တို့ ဖြစ်ပါသည်။ ထို့ကြောင့် ကင်းဝန်မင်းကြီးက “လွန်းတစ်ရာချိတ်၊ လှိုင်းရိပ်အသွင်၊ ကောင်းကင်တနှယ်” ဟု စပ်ဆို ခဲ့သလို ရှင်လောင်းလှည့် သျှိုးလိုက်ရတုတစ်ပုဒ်တွင်လည်း “လွန်းတစ်ရာ ကိုးဆယ်ချိတ်၊ ဝါပေါင် စိမ်းပေါင် အနီရောင်သည် ရဲရောင်တဖိတ်ဖိတ်” ဟု စပ်ဆိုခဲ့ကြသည်ဟု မှတ်သားရပါ၏။
ရတနာပုံခေတ်ကတည်းက ခေတ်စားလာခဲ့သော ရိုးရာချိတ်ထဘီ များသည် နောက်ပိုင်းတွင် ပွဲနေပွဲထိုင်ထည်များအဖြစ် သီးခြား လူနည်းစု ၌သာ တမက်တမော ဝတ်ဆင်လာကြသည်။ ကိုလိုနီခေတ်တွင် နိုင်ငံခြား ဖြစ် အဝတ်အထည်များက အဆင်စုံ၊ အရောင်စုံ၊ အမျိုးစုံ ဝင်ရောက် လာကာ ဝယ်ယူရာတွင် လွယ်ကူ အဖိုးသားနား ချိုသာ၊ အရည်အသွေး ကောင်းမွန်၊ ဝတ်ဆင်ရာတွင် ပေါ့ပါးသည့် ဂုဏ်ပုဒ်များဖြင့် နေရာယူလာ ကြ၏။ ကွမ်တုံမြိတ်တဲ့၊ ရှန်ဟဲဖဲပွင့်ကြီးတဲ့၊ ဖဲကြီးပြောင်တဲ့၊ စူရတီတဲ့၊ ချစ်တီးလုံချည်တဲ့၊ ဘန်ကောက်တဲ့၊ ဇင်းမယ်တဲ့၊ ရှန်ဟဲညွန့်တဲ့၊ ဂျော်ဂျက် တဲ့၊ ဘရိုကိတ်တဲ့၊ ပါတိတ်တဲ့၊ ကီမိုနိုတဲ့၊ တက်ထရွန်တဲ့၊ ခရစ်တဲ့ အမျိုးမျိုး။
ပြည်တွင်းဖြစ်များမှာလည်း ယောလုံချည်တဲ့၊ မန္တလေးမြောက်ပြင် တဲ့၊ အင်းလေးတဲ့၊ ထားဝယ်တဲ့၊ ရွှေတောင်တဲ့၊ ရခိုင်တဲ့၊ ဂန့်ဂေါ တဲ့စုံလို့။
၁၉၆ဝ ခုနှစ် နောက်ပိုင်းရောက်ပါမှ မြန်မာ့လွန်းရာကျော်ချိတ်များကို မင်းပွဲစိုးပွဲများ၌ ပွဲဝင်ဝတ်ဆင်ကြရာမှ ပြန်လည်မျက်စိကျ လာကာ လွန်းရာကျော်ဝတ်ပါမှ ခေတ်မီသလိုပင် တွင်ကျယ်လာပြန်တော့၏။ ရှေးဟောင်းအကျိတ်ဆင်ကြီးများကို တခုတ်တရ ပြန်လည် ဖော်ထုတ် ဝတ်ဆင်ကြသလို အဆင်သစ် ဒီဇိုင်းသစ်များဖြင့်လည်း ပွဲလယ်တင့်ခဲ့ကြပါ၏။ ယခုနောက်ပိုင်းတွင် မည်မျှပင် နိုင်ငံခြားခေတ်မီ အဝတ်အစားများ အလျှံပယ် ဝင်ရောက်လာစေကာမူ “ကြိုးကြီးချိတ်” ပါမှပင် ပွဲဖြစ်မြောက်ရပါတော့သည်။
မင်္ဂလာသတို့သား သတိုးသမီးကလည်း မင်္ဂလာပွဲရက် သတ်လိုက် ကတည်းက “နန်းရှေ့ ဒေါ်စု” တိုက်မှာ ကြိုးကြီးချိတ် ကြိုမှာ ထားကြမှ စိတ်ချရတော့သည်။
ထို့အတူ ရှင်ပြုအလှူလှူဖို့ ရည်မှန်းကတည်းက အလှူဒါယကာ ဇနီးမောင်နှံသည် ကြိုးကြီးချိတ် ကြိုတင်မှာထားကြရပြီ။
တကယ်တော့ ကြိုးကြီးချိတ်လုံချည်သည် တစ်ခါဝယ်ပြီးပါက တစ်သက်လုံး ဝတ်ပေရော ဆိုရမည့် လုံချည်ဖြစ်သည်။ အရောင် အသွေးအသား ဘာမျှပြောစရာမရှိ။
ထီးရိပ် နန်းရိပ်မှ ပေါက်ဖွားလာသော မြန်မာ့ကြိုးကြီးချိတ်သည် နန်းရှေ့မှ ယနေ့ထက်ထိ မျက်နှာပွင့်လန်းနေဆဲဖြစ်ပါ၏။
(ဆက်ရန်)
