စိတ်သဘောထားချင်း မတိုက်ဆိုင်တော့လို့ PPP ပါတီကနေ နုတ်ထွက်တာလို့ အထွေထွေအတွင်းရေးမှူးတာဝန်ယူခဲ့သူ ဒေါက်တာမျိုးဆက်သွေး ပြော

ဩဂုတ် ၁၃ – ၂ဝ၂၅
KKO(VOM)
ပါတီအတွင်းစိတ်သဘောထားချင်းမတိုက်ဆိုင်တော့လို့သာ နှုတ်ထွက်ရခြင်းဖြစ်ပြီး ပါတီအပေါ် မုန်းတီးလိုစိတ်၊မနာလိုစိတ်နဲ့အခြားသောအကြောင်းအရာတွေမရှိခဲ့ဘူးလို့ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ရဲ့အထွေ ထွေအတွင်းရေးမှူး ရာထူးတာဝန်ကနေ နှုတ် ထွက်ခဲ့သူ ဒေါက်တာမျိုးဆက်သွေးက VOM ကို ပြောပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ကနေနှုတ်ထွက်သည်ဆိုတဲ့ တရားဝင်နှုတ်ထွက်စာကိုလည်း အခုဩဂုတ်လ ၁ဝ ရက်နေ့က ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီထံသို့တရားဝင်တင်ပြပေးအပ်ခဲ့ပြီးဖြစ်တယ်လို့လည်း ဒေါက်တာမျိုးဆက်သွေးက ပြောပါတယ်။
အဲဒီနှုတ်ထွက်စာကိုလည်း ဒေါက်တာမျိုးဆက်သွေးက သူရဲ့လူမှုကွန်ရက် Facebook စာမျက်နှာတွင် တင်ခဲ့ပြီး စာတွင်ဒေါက်တာမျိုးဆက်သွေး ပြည်သူ့ရှေ့ဆောင်ပါတီဝင်အမှတ်(A – 000025)သည် ပါတီဝင်အဖြစ်မှ နှုတ်ထွက်လိုပါသောကြောင့် နှုတ် ထွက်ခွင့်ပြုဖို့ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။
“ပါတီဆိုတာက သဘောသဘာ၀မတူတဲ့သူတွေနဲ့ စုဖွဲ့ထားတာ ဖွဲ့စည်းထားတာပါ။ပါတီအတွင်းမှာ ရည် ရွယ်ချက်တွေ မူဝါဒတွေရပ်တည် ချက်တွေညှိနှိုင်းရတာတွေရှိပါတယ်။ပါတီအတွင်းမှာ ကြိုစားပုံကြိုးစားနည်း လုပ်ပုံလုပ်နည်း၊တွေးပုံခေါ်ပုံဒါလေးတွေသဘောထားမတိုက်ဆိုင်တာတွေရှိလာတယ်။တော်တာ်များများနဲ့ စိတ်သဘောထားချင်းမတိုက်ဆိုင်တာများလာတယ်။အဓိက ပါတီရဲ့ရပ်တည်ချက်နဲ့လုပ်ပုံကိုင်ပုံတွေရပ်တည်ချက်တွေကကျွန်‌တော်သွားချင်တဲ့နိုင်ငံရေးလမ်းကြောင်းနဲ့ နည်းနည်းလေး
မတိုက်ဆိုင်တာများလာတယ်။ပါတီတွင်းအလုပ်လုပ်တဲ့နေရာမှာတယောက်နဲ့တယောက်လုပ်ပုံကိုင်ပုံတွေအဆင်မပြေတဲ့အခါမှာရေရှည်ကျွန်တော်ဆက်လုပ်လို့မရဘူးလို့ယူဆလို့ထွက်တာပါ။အခြားပုဂ္ဂိုလ်ရေးအရအမုန်းပွားတာမကျေနပ်တာတွေမဟုတ်ပါဘူး၊မရှိပါဘူး”လို့ ဒေါက်တာမျိုးဆက်သွေးက ဆက်ပြီး ပြောပြခဲ့ပါတယ်။
PPP ပါတီက နှုတ်ထွက်အပြီးမှာ အခြားသောနိုင်ငံရေးပါတီတွေက ကမ်းလှမ်းဖိတ်ခေါ်မှုတွေရှိလာခဲ့တယ်လို့ ဒေါက်တာမျိုးဆက်သွေးက ပြောပါတယ်။
အဲဒီအပေါ်မှာလည်းသေချာအချိန်ယူစဉ်းစားဆုံးဖြတ်သွားမှာဖြစ်သလို သူ့အနေနဲ့ နိုင်ငံရေးလမ်း ကြောင်းအပေါ်မှာသာဆက်ရှိနေဦးမှာဖြစ်ပြီး နိုင်ငံရေးအလုပ်တွေကိုသာဆက် လက်လုပ်ဆောင်သွားမယ်လို့ ဒေါက်တာမျိုးဆက်သွေးက ဆိုပါတယ်။
“ပါတီရဲ့ပထမဦးဆုံးဖွဲ့တဲ့ CEC ထဲမှာပါခဲ့တယ်။ပါတီအတွက် ကျွန်တော်လုပ်ပေးခဲ့တာ တွေအများကြီးရှိပါတယ်။အမုန်းနဲ့ခွဲခွာခဲ့တာမဟုတ်သလို လက်ရှိပါတီအပေါ်မုန်းတာစိတ်နာတာမရှိခဲ့ဘူး။ပါတီကိုနိုင်ငံ‌ရေးလမ်း ကြောင်းပေါ်တင်ပေးခဲ့ပြီးပြီ။တာ၀န်ကျေပြီလို့ထင်ပါတယ်။ဒီလောက်နဲ့ပဲရပ်လိုက်ပါမယ်၊ ဒီအချိန်ကကိုယ်ဆက်လျှောက်ရမယ့်လမ်း ကြောင်းအတွက်ဆက်လျှောက်သင့်ပြီလို့ထင်တယ်။နိုင်ငံရေးကတော့ဆက်လုပ်သွားပါမယ်။ကမ်းလှမ်းနေကြတဲ့ပါတီတွေလည်းရှိပါတယ်။ဒါကတော့ အေးဆေးဆုံးဖြတ်ချက်ချရမှာပါ”လို့ ဒေါက်တာမျိုးဆက်သွေးက ပြောပါတယ်။
PPP ပါတီအနေနဲ့ ဒေါက်တာမျိုးဆက်သွေးကို ပါတီမှာ ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ပြန်လည်ကမ်းလှမ်းခဲ့မှုအပေါ်မှာလည်း သူကအခုလိုပြောပြပါတယ်။
“ပါတီမှာကျွန်တော်ကိုပြန်ခေါ်ချင်ကြတဲ့သူတွေရှိတယ်။အစကနှုတ်ထွက်တာလူသိ ရှင်ကြားမဟုတ်တဲ့အခါမှာပြန်ခေါ်ချင်ကြတဲ့သူတွေရှိပေမယ့်၊အားလုံးကလိုလိုလားလားရှိတဲ့ဟာမတွေ့ရဘူး။အစည်းအ‌ဝေးတွေပြန်တက်တဲ့အခါမှာသိပ်အဆင်မပြေတာတွေရှိတယ်” လို့ ဒေါက်တာမျိုးဆက်သွေးက ပြောပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)က လာမယ့်ရွေးကောက်ပွဲမှာ တပြည်လုံးအတိုင်းအတာအနေနဲ့ မဲဆန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပါတီ ဥက္ကဌ ဖြစ်သူ
ဒေါက်တာဒေါ်သက်သက်ခိုင်က ပြီးခဲ့တဲ့ ဇူလိုင်လက ရန်ကုန်မြို့ရှိ ဆီဒိုနားဟိုတယ်မှာပြုလုပ်တဲ့ သတင်းရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။
လက်ရှိမှာ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) အနေနဲ့ ရွေးကောက်ပွဲကော် မရှင် UEC က ပါတီဝင်အဖြစ်သတ်မှတ်ထားတဲ့လူဦးရေ ပါတီဝင်အရေအတွက်ထက်ကျော်လွန် နေပြီဖြစ်ပြီး နိုင်ငံတဝန်းမှာပါတီရုံးခန်းပေါင်း ၁၃၇ ရုံးအထိဖွင့်လှစ်ထားနိုင်ပြီဖြစ်တယ်လို့ PPP ပါတီတာဝန် ရှိသူတွေက ပြောကြားထားပါတယ်။
ပုံစာ – PPP ပါတီရဲ့ အထွေထွေအတွင်းရေးမှူးအဖြစ်တာဝန်ယူခဲ့သူ ဒေါက်တာမျိုးဆက်သွေးအားတွေ့ရစဉ်။

Related posts

Leave a Comment

VOM News

FREE
VIEW