ဝါရှင်တန်၊၊ ဩဂုတ်-၁၄-၂၀၂၅
မျိုးဆက်(VOM)
ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အလက်စကာမှာပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲအပြီးမှာ ယူကရိန်းစစ်ပွဲရပ်တန့်ဖို့ သဘောတူညီမှုမရရင် ရုရှားအနေနဲ့ အလွန်ဆိုးရွားတဲ့ အကျိုးဆက်တွေ ရင်ဆိုင်ရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတိပေးလိုက်ပါတယ်။
ထရန့်ဟာ ဥရောပခေါင်းဆောင်တွေ၊ ယူကရိန်းသမ္မတ ဇီလန်စကီးတို့နဲ့ အွန်လိုင်းကနေ ဆွေးနွေးပြီးနောက် အခုလိုက် သတိပေးလိုက်တာပါ။ ဒီဆွေးနွေးမှုမှာ ယူကရိန်း ငြိမ်းချမ်းရေးအစီအစဉ်နဲ့ နယ်မြေဆိုင်ရာကိစ္စတွေကို ဆွေးနွေးခဲ့ကြပြီး ဂျာမနီဝန်ကြီးချုပ်က စီစဉ်ကျင်းပခဲ့တာဖြစ်ပါတယ်။
ထရန့်နဲ့ပူတင်တို့ရဲ့ လာမယ့် သောကြာနေ့မှာ ထိပ်သီးဆွေးနွေးကြမှာပါ။ ရုရှားအနေနဲ့ အကောက်ခွန်တိုးမြှင့်မှုဒါမှမဟုတ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရင်ဆိုင်ရမလားလို့ ထရန့်ကိုမေးတဲ့အခါ အကျိုးဆက်တွေရှိမယ် လို့ပဲပြန်ဖြေခဲ့ပြီး အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုတားမရှိပါဘူး။
ပူတင်နဲ့ လာမယ့်ထိပ်သီးဆွေးနွေးပွဲအဆင်ပြေရင် ပူတင်နဲ့ ဇီလန်စကီးတို့ကလည်း ဆန္ဒရှိမယ်ဆိုရင် သုံးပွင့်ဆိုင် ဆွေးနွေးချင်တယ်လို့ ထရန့်က ပြောပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ သူ့နိုင်ငံကို ဘယ်လိုအပစ်အခတ်ရပ်စဲရေးညှိနှိုင်းမှုမှာမဆို ပါဝင်ဖို့လိုတယ်ဆိုတဲ့ သူ့ရပ်တည်ချက်ကို ထပ်ပြောခဲ့ပြီး သုံးနိုင်ငံဆွေးနွေးပွဲတွေအတွက် ဆန္ဒရှိတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့နိုင်ငံရဲ့ နယ်မြေပြည့်စုံမှုနဲ့ပတ်သက်တဲ့ ဘယ်ကိစ္စမဆို ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့လူမျိုးတွေကို ထည့်မစဉ်းစားဘဲ ဆွေးနွေးလို့မရဘူးဆိုတာ အလေးအနက်ထားပြောချင်ပါတယ်။ နိုင်ငံတော်ရဲ့ဆန္ဒ၊ ကျွန်တော်တို့လူမျိုးတွေရဲ့ဆန္ဒနဲ့ ယူကရိန်းဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားရမယ်” လို့ သူက ပြောပါတယ်။
ပြင်သစ်သမ္မတ မက်ခရွန်ကလည်း ဒီကိစ္စအပေါ် ထောက်ခံပြောဆိုခဲ့ပါတယ်။ ယူကရိန်းနိုင်ငံအတွင်းက နယ်မြေဆိုင်ရာကိစ္စတွေကို ယူကရိန်းသမ္မတကသာ ညှိနှိုင်းဆွေးနွေးနိုင်တယ် ဆိုတာကို ထရန့်က သဘောတူခဲ့တယ်လို့ ပြင်သစ်သမ္မတက ပြောပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ယူကရိန်းကို ဆက်လက်ထောက်ခံကြောင်း ကတိပြု ပြောဆိုခဲ့ပြီး ညှိနှိုင်းဆွေးစားပွဲဝိုင်းသို့ ပူတင်ကို ခေါ်ဆောင်ခဲ့တဲ့ အတွက် ထရန့်ကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ရုရှားဟာ ယူကရိန်းနယ်မြေ ၂၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပါတယ်။
ယူကရိန်းစစ်ပွဲ အပြစ်အခတ်ရပ်စဲရေးမှာ ယူကရိန်းနယ်မြေအချို့ ပိုင်ဆိုင်မှု အပြောင်းအလဲရှိနိုင်ကြောင်း ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောဆိုထားပြီး နယ်မြေပိုင်ဆိုင်မှုကို အင်အားသုံးပြောင်းလဲမှုမပြုဖို့ ဥရောပခေါင်းဆောင်တွေက သတိပေးထားပါတယ်။
Ref:NHK
Photo:Guardian
