ဩဂုတ် ၂၃ – ၂၀၂၅
SN (VOM)
ပြည်သူ့ပါတီ သက်တမ်း ခုနစ်တာကာလအတွင်း ရွေးကောက်ပွဲ အနိုင်ရ ပါတီတွေလိုမျိုး တရားဝင် လုပ်ပိုင်ခွင့် မရှိခဲ့တဲ့အတွက် ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ ထူးထူးခြားခြား ဆောင်ရွက်နိုင်တာမျိုး မရှိခဲ့ဘူးလို့ အဆိုပါ ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။
ဒီကနေ့ ဩဂုတ် ၂၃ ရက်မှာ ရန်ကုန်မြို့၊ တာမွေမြို့နယ်က Sky Star ဟိုတယ်မှာ ပြုလုပ်တဲ့ ပြည်သူ့ပါတီ တည်ထောင်ခြင်း ခုနစ်နှစ်မြောက် အခမ်းအနားနဲ့ ပတ်သက်လို့ VOM ရဲ့ မေးမြန်းချက်ကို ပါတီဥက္ကဋ္ဌက အဆိုပါအတိုင်း ပြန်လည် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော်တို့က ပြည်သူအတွက် ဆိုတာမှာ ရေဘေးတို့၊ လေဘေးတို့၊ ငလျင်ဘေးတို့ အဲဒီလိုကိစ္စမျိုးတွေပဲ လုပ်နိုင်တာပေါ့။ ကျန်တာကတော့ ရွေးကောက်ပွဲအနိုင်ရ ပါတီတွေလိုမျိုးတော့ တရားဝင် လုပ်ပိုင်ခွင့်တာဝန် မရှိဘူး။ အဲဒီတော့ ထူးထူးခြားခြားတော့ ပြောစရာတော့ မရှိပါဘူး။ ပါတီက တတ်နိုင်သလောက် သွားပြီး လှူတာတန်းတာပဲရှိတယ်။ ကိုယ်လုပ်နိုင်သလောက်တော့ လုပ်ပေးခဲ့တာရှိပါတယ်” လို့ ဦးကိုကိုကြီးက ပြောပါတယ်။
ပြည်သူအတွက် ဆောင်ရွက်တဲ့နေရာမှာ လုပ်ပိုင်ခွင့်ရှိမှသာ အဆင်ပြေနိုင်တာဖြစ်ပြီး ပါတီ ခုနစ်တာ သက်တမ်းအတွင်းမှာတော့ သဘာဝဘေး လှူဒါန်းရေး ကိစ္စတွေအပြင် အရွယ်မရောက်သေးတဲ့ ကလေးစစ်မှုထမ်းကိစ္စ၊ တချို့ ဌာနဆိုင်ရာတွေက ဆောင်ရွက်တဲ့ ဥပဒေရေးရာ ကူညီဖြေရှင်းပေးတာနဲ့ မှတ်ပုံတင် ရရှိရေးကိစ္စတွေကိုသာ ဆောင်ရွက်ပေးနေတာမျိုး ရှိတယ်လို့ သူက ပြောပါတယ်။
ပါတီအနေနဲ့ အဆိုပါ ခုနစ်နှစ်တာ ကာလအတွင်း လုံခြုံရေးအရ စိန်ခေါ်မှုတွေအပြင် လှုမှုကွန်ရက်ပေါ်မှာ ဆဲဆို တိုက်ခိုက်မှုတွေကိုလည်း ကြုံခဲ့ရသလို ဘဏ္ဍာရေး အခက်အခဲတွေလည်း ရှိခဲ့တဲ့အတွက် စိတ်သွားတိုင်း ကိုယ်မပါနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
လက်ရှိမှာတော့ ပြည်သူ့ပါတီအနေနဲ့ ရှေ့ဆက် ဆောင်ရွက်ရမယ့် ကိစ္စတွေထဲမှာ ဦးစားပေးအဖြစ် ငြိမ်းချမ်းရေးကို အဓိကထား အကောင်အထည်ဖော်သွားဖို့ ရှိတယ်လို့ သူက ပြောပါတယ်။
လက်ရှိ နိုင်ငံရေးဖြစ်စဥ်မှာ ငြိမ်းချမ်းရေးဟာ အဓိကကျပြီး ငြိမ်းချမ်းရေးမရှိဘဲနဲ့ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဆိုတာတွေအားလုံး ကို ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့လည်း လက်ရှိ နိုင်ငံရေးနဲ့ ပတ်သက်လို့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်ပြီး ဒါမှသာ ထိရောက် အဆင်ပြေနိုင်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“နိုင်ငံရေးကို စိတ်ပျက်ပြီး၊ စိုးရိမ် ကြောက်ရွံ့ပြီးတော့ ကိုယ်နဲ့မဆိုင်သလို နေလို့ရှိရင် ကိုယ့်ရဲ့ ဆုံးဖြတ်ချက်၊ ကိုယ့်ရဲ့ ကိုယ်စားပြုမှု ဆုံးရှုံးမယ်။ ဒါကြောင့် နိုင်ငံရေးမှာ ပြည်သူတွေ တက်တက်ကြွကြွပါဝင်ဖို့ အဓိက တိုက်တွန်းချင်ပါတယ်။ ကျွန်တော်တို့ ရှေ့မှာ ရုန်းကန်ရမယ့်ခရီးက ခရီးအရှည်ကြီးပါ။ ဒါကြောင့် ပါတီတွေတင်မကဘူး။ ပြည်သူတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုက အင်မတန် အရေးကြီးပါတယ်” လို့ သူက ပြောပါတယ်။
ပြည်သူတွေအနေနဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စိတ်ခံစားမှုနောက် မလိုက်ဘဲ အမြင်ကျယ်ကျယ်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့လိုပြီး ပဋိပက္ခအလွန် တိုင်းပြည် ပြန်လည်ထူထောင်ရေး ကိစ္စတွေအထိ စဉ်းစား ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။
Photo – VOM
