ဩဂုတ် ၂၅ ၊ ၂၀၂၅
GG (VOM)
နောင်ချိုမြို့နယ်ထဲက TNLA ထိန်းချုပ်ထားတဲ့ ရတနာသိင်္ဂီမိုင်းတွင်းနယ်မြေ နဲ့ မတ္တရာ – ပုသိမ်ကြီးမြို့နယ်အကြားက ဖယောင်းတောင်ရွှေလုပ်ကွက်ကို ဩဂုတ် ၂၄ ရက်မှာ စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်တယ်လို့သိရပါတယ်။
” ပြင်ဦးလွင်- မိုးကုတ် လမ်းပေါ်က မိုးကုတ်ကို အဓိက ကာထားတဲ့ရတနာသိင်္ဂီ မိုင်တွင်းခြေကုဒ်စခန်းကိုတပ်က ပြန်သိမ်းလိုက်ပြီ။ဒီတော့ရှေ့မှာကြီးကြီးမားမား ဆိုလို့မိုင်းလုံ တခုပဲ ကျန်တယ်။ ” လို့ လုံခြုံရေးတပ်ဖွဲနဲ့ နီးစပ်သူကပြောပါတယ်။
ရတနာသိင်္ဂီမိုင်းတွင်းက မိုးကုတ် – ပြင်ဦးလွင် လမ်းပိုင်းမှာ အရေးပါတဲ့နေရာတခုဖြစ်ပြီး စစ်တပ်အနေနဲ့ အချိန်တိုအတွင်းမှာ TNLA လက်ထဲကနေ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
” နောင်ချို-ကျောက်မဲလမ်းပိုင်းမှာ နောင်ပိန်ဒေသဟာ အရေးအပါဆုံးနေရာဖြစ်သလို မိုးကုတ်-ပြင်ဦးလွင်လမ်းပိုင်းမှာ ရတနာသိဂီမိုင်းတွင်းဟာ အရေးပါဆုံးနေရာဖြစ်နေပါတယ်။လေးရက် ရက်အတွင်းမှာ မတူညီတဲ့ လမ်းပိုင်းနှစ်ခုက စစ်ဗျူဟာအရေးကြီးဒေသတွေကို သိမ်းလိုက်တဲ့တပ်မတော်ဟာ အားလုံးကိုမျက်လှည့်ပြနေပါပြီ။” လို့ နောင်ချိုမှာရောက်ရှိတာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် တယောက်က ပြောထားပါတယ်။
ရတနာသိင်္ဂီမိုင်းတွင်းက မိုးကုတ်မြို့နဲ့ ပိုပြီးနီးတာကြောင့် စစ်တပ်အနေနဲ့ မိုးကုတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေရှိ လာနိုင်တဲ့အခြေအနေရှိနေတယ် လို့ သုံးသပ်မှုတွေလည်းရှိနေ ပါတယ် ။
ပုသိမ်ကြီးနဲ့ သပိတ်ကျင်းနယ်ထဲက ဖယောင်းတောင်သတ္ထုတွင်း ရွှေလုပ်ကွက်မှာ ဒေသတွင်းလက်နက်ကိုင်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲ ဖြစ်ပွားပြီး ဖယောင်းတောင်ကို စစ်တပ်က ပြန်လည် သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။
အလားတူ.မနေ့က က လမိုင်းရွာမှာ လုံခြုံရေး တပ်တွေနဲ့ ဒေသတွင်းလက်နက်ကိုင် တပ်အကြားတိုက်ပွဲ ဖြစ်ပြီး ဒေသတွင်းလက်နက်ကိုင်ဘက်က နှစ်ယောက်သေဆုံးကာ လက်နက်အချို့သိမ်းဆည်းရမိခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲနဲ့ နီးစပ်သူဆီကသိရပါတယ်။
လက်ရှိမှာ စစ်တပ်အနေနဲ့ ရတနာသိင်္ဂီမိုင်းတွင်းနယ်မြေ နဲ့ မတ္တရာ – ပုသိမ်ကြီးမြို့နယ်အကြားက ဖယောင်းတောင်ရွှေလုပ်ကွက်ကို ပြန်လည်ထိန်းချုပ်လိုက်ပေမယ့် အဆိုပါနယ်မြေတွေထဲမှာ ဒေသတွင်းလက်နက်ကိုင် တပ်တွေနဲ့ TNLA တပ်တွေဆက်ရှိနေသးတယ်လို့သိရပါတယ်။
စစ်တပ်ကတော့ လက်ရှိမှာ ကျောက်မဲကိုပြန်ထိန်းချုပ်နိုင်ဖို့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်နေရာ ဒီနေ့ ဩဂုတ် ၂၅ ရက်မှာလည်း လေကြောင်းဗုံးကြဲခံရလို့ သေဆုံးနဲ့ထိခိုက် ဒဏ်ရာရသူတွေရှိနေတယ်လို့သိရပါတယ်။
သပိတ်ကျင်း နဲ့ မတ္တရာဒေသတွေဘက်မှာလည်း မြေပြင်ထိုးစစ်အပြင် လေကြောင်းတိုက်ခိုက်မှုတွေပါရှိနေတယ်လို့သိရပါတယ်။
မနေ့က ဩဂုတ် ၂၄ ရက်မှာ နောင်ချိုမြို့နယ် ၊ ကမ္ဘာကျော် သက်တမ်း ၁၂၅ နှစ်ရှိ ဂုတ်ထိပ်တံတားလည်း မိုင်းခွဲဖျက်ဆီးခံရလို့ ကျောက်မဲဘက်အခြမ်းက တံတား ပေ ၃၀ လောက်ပျက်စီးသွားပါတယ်။မိုင်းခွဲဖျက်ဆီးမှုအပေါ် TNLA ပြုလုပ်တာဖြစ်ကြောင်း နလအမှ ပြောဆိုထားပြီး TNLA ဘက်ကတော့ ငြင်းဆိုထားပါတယ်။
