ဟံသာဝတီမြို့ဟောင်း မြို့ရိုးနဲ့ ကျုံးကို ပြန်လည်ထိန်းသိမ်းဖို့ နေအိမ်တွေ ဖျက်ပေးဖို့ညွှန်ကြားမှုအပေါ် ပြန်လည်စဥ်းစားသုံးသပ်ပေးဖို့ တောင်းဆို

စက်တင်ဘာ ၅၊ ၂၀၂၅
GG(VOM)
ပဲခူးမြို့ရှိ ဟံသာဝတီမြို့ဟောင်းမြို့ရိုးနဲ့ ကျုံးကို ပြန်လည်ထိန်းသိမ်းဖို့အတွက်ဆိုပြီး ကျုံးနဲ့ မြို့ရိုးနယ်နမိတ်အတွင်းတည်ဆောက်ထားတဲ့ နေအိမ်တွေကို ဖျက်သိမ်းပြောင်းရွှေ့ပေးဖို့ အာဏာပိုင်တွေဘက်က ညွှန်ကြားလာမှုအပေါ် ပြန်လည်စဥ်းစားသုံးသပ်ပေးစေလိုကြောင်း နေအိမ်ပိုင်ရှင်တွေက တောင်းဆိုလိုက်ပါတယ်။
နေအိမ်တွေဖျက်ပေးရမယ့်ကိစ္စက ရပ်ကွက်နေထိုင်တဲ့ အခြေခံလူတန်းစား၊ လူလတ်တန်းစားအားလုံးအတွက် ဆုံးရှုံးနစ်နာမှုကြီးမားပြီး အချို့သော မိသားစုတွေမှာဆိုရင် အိမ်ခြေယာမဲ့ဘဝကိုရောက်ရှိသွားနိုင်တယ်လို့ ရပ်ကွက်နေထိုင်သူတွေဆီကသိရပါတယ်။
“အင်းဝင် အရှေ့ဘက်ခြမ်းတွေပါ။ညီမတို့မြေတွေက ညီမတို့ ဘိုးဘွားတွေလက်ထက်ကတည်းက နေလာတာပါ။ဘိုးဘွားပိုင်မြေပါ။ဂရမ်တော့မရှိပါဘူး။အခုက ကျုံးနဲ့ ပေ ၂၀၀ မလွတ်လို့ ဖျက်ပေးရမယ့်အထဲပါသွားတာပါ။ဆုံးရှုံးမှုကတော့ ပြောမပြတတ်အောင်ပါဘဲ။ညီမတို့ ငယ်ငယ်လေးထဲက အိမ်ငှားမနေခဲ့ဖူးဘူး။အခု အိမ်ဖျက်ပြီးဖယ်ရတော့မယ်ဆိုတော့အိမ်ငှားဖို့ကြတော့လည်းအဆင်မပြေဘူး။အိမ်ငှားတာက လချုပ်တွေဆိုတော့ ညီမတို့လို့ တနေ့လုပ်တနေ့စားတွေအတွက်ဒုက္ခရောက်ပါတယ်။” လို့ ဖျက်သိမ်းခံရမယ့် အိမ်ထဲပါဝင်တဲ့ နေအိမ်ပိုင်ရှင် တယောက်ကပြောပါတယ်။
နေအိမ်တွေဖျက်ပေးရမယ့်နေရာတွေကတော့ကျုံးနဲ့ မြို့ရိုးအနီးရှိ ဆိုရှယ်လစ်ရပ်ကွက် ၊ပုဏ္ဍားစုရပ် ကွက်၊ စကြာခြံရပ်ကွက် ၊မှော်ကန်ရပ်ကွက် နဲ့ အလင်းရောင်ရပ်ကွက်ရှိ နေအိမ်တွေကို စက်တင်ဘာလ ၃ ရက်နေ့နောက်ဆုံးထားပြီး ပြောင်းရွှေ့ဖယ်ရှားပေးဖို့ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးရုံးတွေကနေ အသိပေးထားတာဖြစ်တယ်လို့သိရပါတယ်။
ဒါကြောင့် လက်ရှိမှာ ရပ်ကွက်နေထိုင်သူတွေက အိမ်ဖျက်ပေးရမယ့်အချိန်ကို ယခုဝါတွင်းကာလပြီးဆုံးအထိ စောင့်ဆိုင်းပေးဖို့ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ထံတင်ပြတောင်းဆိုခဲ့ရာ ဖျက်သိမ်းမယ်ရက်ကို ယခုစက်တင်ဘာလအကုန်ထိ စောင့်ဆိုင်းပေးမယ်ဆိုပြီး အကြောင်းပြန်လာတယ်လို့သိရပါတယ်။
” ညီမတို့ရပ်ကွက်ကတော့ တောင်းဆိုထားတာပေါ့နော် ဝါကျွတ်တဲ့ထိစောင့်ပေးပါလို့။သူတို့ဘက်ကတော့ ဒီလကုန်အပီးပြောင်းပေးပါလို့​ပြောထားတယ်။” လို့ သူကထပ်မံပြောပါတယ်။
အာဏာပိုင်တွေကတော့ ကျုံးနဲ့မြို့ရိုးကို ပြန်ထည်ထိန်းသိမ်းခြင်းလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက် အဆိုပါနယ်နမိတ်အတွင်းမှာ ပိုင်ဆိုင်မှုအထောက်အထားတစုံတရာမရှိဘဲ ကျူးကျော်ဆောက်လုပ်ထားတဲ့ နေအိမ်၊အဆောက်အဦး ၊ခြံစည်းရိုးတွေကို အပြီးပြောင်းရွှေ့ဖယ်ရှားပေးဖို့ အသိပေးစာမှာရေးသားထားတာတွေ့ရပါတယ်။
“ကျူးကျော်မဟုတ်ပါဘူး။ ကျွန်တော်တို့ မမွေးခင်ထဲက အမေတို့နေလာကြတာပါ။အခုအကုန်ဖျက်ပြီးပြောင်းရမယ်ဆိုတော့ ဒုက္ခရောက်တာပေါ့။အိမ်ပိုင် ခြံပိုင်ကနေ အိမ်မရှိ ခြံမရှိဘဝရောက်ပြီး အိမ်ငှားနေရတော့မယ်။အခုလို နိုင်ငံရေးကမကောင်း အလုပ်ကမကောင်း ဝင်ငွေကနည်းနေချိန် အိမ်ငှားခကပိုရှာရမယ်။အိမ်တအိမ်ပိုင်ဖို့ဆိုတာ မလွယ်တော့တဲ့အခြေအနေမှာ ခုလိုလုပ်တာဘဝမပျက်ရုံတမယ်ပါဘဲ။ခြံနဲ့အိမ်ပိုင်ဖို့ဆိုရင် တလကို သိန်းဆယ်ချီဝင်ရင်တောင် နှစ်ချီစုမှ ရနိုင်မှာပါ။ပြန်စဥ်းစားပေးစေချင်ပါတယ်။” လို့ နေအိမ်ဖျက်ခံရမယ့် သူတယောက်ကထပ်မံပြောပါတယ်။
ခုလို နေအိမ်တွေ ဖျက်ပြီး ပြောင်းရွှေ့ခိုင်းတဲ့အပေါ် နေအိမ်ပိုင်ရှင်တွေအပြင် ပြည်သူတွေအကြားမှာလည်း ဝေဖန်ပြောဆိုမှုတွေ ဖြစ်ပွားနေတာတွေ့ရပါတယ်။
” ခုချိန်မှာ ဒီမြို့ရိုးနဲ့ကျုံးက ထိန်းသိမ်းဖို့ တကယ်လိုအပ်လား ပြန်စဥ်းစားစေချင်တယ်။ဒီမြို့ရိုးထိန်းသိမ်းဖို့အတွက် မိသားစုပေါင်းများစွာအိုးမဲ့ အိမ်မဲ့ဖြစ်ရမယ့်အခြေအနေကို ထည့်တွက်စေချင်ပါတယ်။တကယ်လို့မဖြစ်မနေ လုပ်မယ်ဆိုရင်လည်း မြေအစားပြန်ပေးတာတို့ လုပ်ပေးသင့်ပါတယ်။ခုကာလအိမ်တလုံးပိုင်ဖို့ဆိုတာ မလွယ်တော့ဘူး။ကိုယ်ချင်းစာပါတယ်။ ” လို့ ပြည်သူတယောက်က ပြောဆိုပါတယ်။
လက်ရှိမှာတော့ အာဏာပိုင်တွေက နေအိမ်တွေဖျက်ပြီး ပြောင်းရွှေ့ဖယ်ရှားပေးဖို့သာအသိပေး ညွှန်ကြားလာတာဖြစ်ပြီး ဖျက်သိမ်းခံရမယ့်အိမ်တွေအတွက် မြေအစားပြန်ပေးမယ့်အကြောင်း ပြောဆိုခြင်းမရှိဘူးလို့သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW