စက်တင်ဘာ ၅ – ၂၀၂၅
SS (VOM)
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသက ငလျင်ဒဏ်သင့် အင်းလေး ဖောင်တော်ဦးဘုရားကို မနက်ဖြန် စက်တင်ဘာ ၆ ရက်နေ့၊ မနက် အစောပိုင်းမှာ ပြန်လည် ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ အဆိုပါဘုရား ဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောပါတယ်။
အဆိုပါ အင်းလေး ဖောင်တော်ဦးဘုရားကို ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ ငလျင်ဒဏ်ကြောင့် မတ်လ ၃၀ ရက်၊ နေ့လယ်ပိုင်းမှ စတင်ကာ ယာယီ ပိတ်ထားခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ ပြင်ဆင်မှုလုပ်ငန်းတွေ ပြီးစီးနေပြီဖြစ်တဲ့အတွက် မနက်ဖြန် စက်တင်ဘာ ၆ ရက် (တော်သလင်းလပြည့်နေ့)၊ မနက် ၄ နာရီဝန်းကျင်မှ စတင်ကာ ပြန်လည် ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ပြင်ဆင်မှုအပိုင်းကတော့ အားလုံး ပြီးသွားပါပြီ။ ဒီနေ့ အလုပ်ပြန်အပ်မယ်။ မနက်ဖြန်မနက် ဖွင့်ပွဲလုပ်မယ်။ ဒေသစာရီ ကြွချီ အပူဇော်ခံမယ့် အစီအစဉ်အမီ ပြီးသွားတာဆိုတော့ အားလုံး ပူးပေါင်း ဆောင်ရွက်လို့လည်း အချိန်မီ ပြီးသွားတာလို့ ပြောလို့ရပါတယ်။ ရှမ်းပြည်နယ် အစိုးရအဖွဲ့နဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွေက အနီးကပ် ကြီးကြပ်ပြီးတော့မှ နိုင်ငံတော်က စရိတ်စက အကုန်ကျခံပြီး ပြင်ဆင်ခဲ့တာပါ” လို့ ဦးသန်းဝင်းက ပြောပါတယ်။
မတ်လ ၂၈ ရက်နေ့ ငလျင်ဒဏ်ကြောင့် ဖောင်တော်ဦးဘုရားရှိ ရတနာစံကျောင်းတော်၊ ဒေသစာရီ ကြွချီတော်မူရာမှာ အသုံးပြုတဲ့ ကရဝိတ်ဖောင်တော်နဲ့ ဖောင်တော်ထားရှိရာ အဆောက်အအုံတွေ ပျက်စီးခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် ဘုရားရဲ့ ရေထိန်းနံရံ၊ ဘုရားအသုံးအဆောင် ပစ္စည်းတွေနဲ့ ဘုရားကျောင်း လှေကား လေးဖက်၊ ဝရံတာ လေးဖက်လည်း ပျက်စီးခဲ့သလို ရင်ပြင်တော်မှာ ခင်းထားတဲ့ ကျောက်ပြားတွေ အားလုံးလည်း ကွဲအက်ခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။
အဆိုပါ ပျက်စီးမှုတွေကို ကျွမ်းကျင် ပညာရှင်တွေရဲ့ လမ်းညွှန်မှုအပြင် ဒေသခံတွေ၊ စေတနာ့ဝန်ထမ်းတွေရဲ့ ကူညီပေးမှုတွေနဲ့ ပြန်လည် ပြုပြင် မွမ်းမံခဲ့ကြတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ ပြင်ဆင်မှု လုပ်ငန်းတွေ ပြီးစီးနေပြီ ဖြစ်တာကြောင့် ဖောင်တော်ဦးဘုရား ကျောင်းဘေးပတ်လည်ရှိ ဆိုင်ခန်းတွေကို ပြန်လည် ဖွင့်လှစ်ထားပြီး ဖြစ်ပေမယ့် သမိုင်းဝင် ပန်းချီတွေရှိနေတဲ့ ဘုရားကျောင်း အောက်ထပ်က ဈေးဆိုင်ခန်းတွေကိုတော့ ရောင်းကုန်ပစ္စည်းတွေ ပန်းချီကားတွေကို မကွယ်စေဖို့အတွက် နေရာပြောင်းရွှေ့ ဖွင့်လှစ်သွားမှာ ဖြစ်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ ဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌက “အဲဒီ ကိစ္စကိုတော့ ကျွန်တော်တို့ သေချာ မစဉ်းစားရသေးပါဘူး။ ဒီ ဈေးဆိုင်ခန်းတွေ ရွှေ့ဖို့၊ မရွှေ့ဖို့ ကိစ္စကတော့ ဩဝါဒစရိယ ဆရာတော်ကြီးတွေရဲ့ အမိန့်ကို နာခံပြီးတော့မှ စီစဉ်လို့ရမှာပါ” လို့ ပြောပါတယ်။
ဒါအပြင် လက်ရှိမှာ ဖောင်တော်ဦး မြတ်စွာဘုရား ဒေသစာရီ ကြွချီအပူဇော်ခံပွဲကို အစဉ်အလာအတိုင်း စက်တင်ဘာလ ၂၂ ရက်နေ့မှ အောက်တိုဘာ ၉ ရက်နေ့အထိ ၁၈ ရက်တိုင်တိုင် ကျင်းပ ပြုလုပ်သွားဖို့ကိုလည်း စီစဉ်ထားပြီး ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ရှိ နေရာဌာနပေါင်း ၂၆ ဌာနတို့မှာ သီတင်းသုံး၊ ကြွချီ အပူဇော်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ