နေတိုးအဖွဲ့ဝင် ပိုလန်ထဲကို ရုရှားဒရုန်းတွေ ပထမဆုံးအကြိမ် ဝင်ရောက်

ဝါဆော၊ စက်တင်ဘာ-၁၀-၂၀၂၅
မျိုးဆက်(VOM)
ယူကရိန်းအနောက်ပိုင်းကို ရုရှားက တိုက်ခိုက်စဉ်အတွင်း ပိုလန်လေပိုင်နက်ထဲကို ရုရှားဒရုန်းတွေ အကြိမ်ကြိမ် ချိုးဖောက်ဝင်ရောက်ခဲ့တယ်လို့ ပိုလန်စစ်တပ်က ပြောပါတယ်။
၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို လုံးလုံးလျားလျားကျူးကျော်ဝင်ရောက်ပြီးနောက်ပိုင်း နေတိုးအဖွဲ့ဝင် ပိုလန်နိုင်ငံထဲကို ရုရှားဒရုန်းတွေ ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့တာဖြစ်ပြီး ကြားဖြတ်ပစ်ချခဲ့တယ်လို့ ပိုလန်စစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။
ပိုလန်နဲ့ နေတိုးလေယာဉ်တွေ ဖြန့်ကျက်ချထားပြီးနောက် စစ်ဆင်ရေးဆောင်ရွက်မှု ပြီးဆုံးသွားခဲ့ပြီလို့ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တပ်ခ် က အရေးပေါ်အစည်းအဝေးခေါ်ယူပြီနောက် ပြောပါတယ်။ဒါဟာ ပိုလန်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို အမှန်တကယ် ခြိမ်းခြောက်မှုဖြစ်စေတဲ့ ရန်စမှု လို့ ပိုလန်က ပြောပါတယ်။
ရုရှားကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်မပေးပါဘူး။ ပိုလန်ကို ဝင်ရောက်လာတဲ့ ဒရုန်းတွေဟာ ယူကရိန်းအပေါ် နောက်ဆုံးလေကြောင်းတိုက်ခိုက်မှုရဲ့ တစိတ်တပိုင်းဖြစ်ပြီး သမ္မတဇီလန်စကီးကတော့ ဒါဟာ ဥရောပအတွက် အလွန်အန္တရာယ်များတဲ့ စံနမူနာတခုလို့ ပြောပါတယ်။
ဒီလို ဒရုန်းတွေဝင်ရောက်မှုကို နေတိုးအဖွဲ့ဝင်နိုင်ငံတွေကလည်း စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ဆွီဒင်ဝန်ကြီးချုပ်ကတော့ ဒီကိစ္စက လက်ခံနိုင်စရာမရှိဘူးလို့ပြောပါတယ်။ ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်စစ်ဟာ ဥရောပနိုင်ငံအားလုံးရဲ့ လုံခြုံရေးကိုခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။
နော်ဝေနဲ့ လတ်ဗီးယားတို့ကလည်း ဒီလိုကျူးကျော်ဝင်ရောက်မှုကို ရှုတ်ချထားပြီး ပိုလန်နဲ့အတူ ရပ်တည်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဘီလာရုစ်နယ်စပ်ကနေ ၂၅ မိုင်အကွာမှာ ပျက်စီးနေတဲ့ ဒရုန်းတစင်းကို တွေ့ရှိခဲ့တယ်လို့ ပိုလန်စစ်တပ်က ပြောပါတယ်။
Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW