စက်တင်ဘာ ၁၀ – ၂၀၂၅
SS (VOM)
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်နဲ့ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ မနေ့ စက်တင်ဘာ ၉ ရက်က လေကြောင်း၊ ဒရုန်း အသုံးပြု တိုက်ခိုက်မှုကြောင့် ခြောက်ယောက်သေဆုံးကာ ၁၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါ ဖြစ်စဉ်တွေမှာ ဝက်လက်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လေးယောက် သေဆုံးကာ ၁၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို လက်ပံတန်း မြို့နယ်မှာတော့ ဒရုန်းအသုံးပြု တိုက်ခိုက်ခံရမှုကြောင့် နှစ်ယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဝက်လက်မြို့ ဖြစ်စဉ်မှာ မနေ့ ညနေ ၆ နာရီခွဲဝန်းကျင်က အဆိုပါမြို့နယ် အရှေ့ခြမ်းရှိ သစ်ဆိမ့်ရွာ၊ အင်ဒေါင်းရွာ၊ ရုံးပင်ကုန်းရွာ၊ မင်းကုန်းရွာ၊ နဘဲပင်လှရွာနဲ့ တပ်ရွာတို့မှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
“စစ်သင်္ဘောတွေ စုန်ဆင်းနေတဲ့ အပေါ်မှာ ပျံဝဲနေတဲ့ Y-12 လေယာဉ်က လေကြောင်းတိုက်ခိုက်သွားတာပါ။ အခု ဖြစ်တာကလည်း မြစ်ကမ်းဘေးက ကျေးရွာတွေချည်းပါပဲ။ သေဆုံးသွားတဲ့သူတွေက မင်းကုန်းရွာက စစ်ရှောင်တွေပါ။ ဒဏ်ရာ ရတဲ့သူတွေထဲမှာ ပြင်းထန်အဆင့်တွေပါတယ်။ သေဆုံးအရေအတွက် ထပ်တိုးလာနိုင်တယ်။ လက်ရှိမှာလည်း တံတားဦးလေတပ် Jet Fighter တစီး ဝက်လက်နယ်ပေါ် ပျံဝဲနေတယ်။ စိတ်မချရသေးဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကနေ ဧရာဝတီ မြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ အဆိုပါ စစ်သင်္ဘောတွေအတွက် Y-12, J-Fighter, Mi-35 လေယာဉ်တွေ လိုက်ပါ ပျံဝဲပြီး လုံခြုံရေး ယူပေးနေတာဖြစ်ပြီး စစ်သင်္ဘောတွေ ဖြတ်သန်းရာ နေရာတလျှောက်မှာ လေကြောင်း တိုက်ခိုက်မှုတွေအပြင် လက်နက်ကြီး ပစ်ခတ်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ဒါအပြင် ဒီကနေ့ စက်တင်ဘာ ၁၀ ရက်၊ နေ့လယ် ၁၂ နာရီ ၁၂ မိနစ်ဝန်းကျင်ကလည်း ဝက်လက်မြို့နယ် အရှေ့ခြမ်းက သစ်ဆိမ့်ကျေးရွာ စာသင်ကျောင်းမှာ လေကြောင်း တိုက်ခိုက်မှု ထပ်မံ ဖြစ်ပွားခဲ့တယ်လို့ သိရပြီး ထိခိုက်၊ ဒဏ်ရာရမှု အခြေအနေကို VOM က ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်သင်္ဘောတွေဟာ ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာ အရှေ့ဘက် မြစ်ကြောင်းကို ရောက်ရှိနေပြီ ဖြစ်တဲ့အတွက် မြစ်ကမ်းနံဘေး ကျေးရွာတွေဖြစ်တဲ့ ရှိမ်းမကား၊ အင်ဒေါင်း၊ မင်းရွာ တောင်ရွာ၊ ရွာသာ၊ ကမ်းဖြူ၊ ငသိုက်ကောင်၊ ငါးရယ်၊ ဘိုကြီးကျွန်း၊ သဲကျွန်း၊ ရွာတန်း၊ မူးကြိုး စတဲ့ ကျေးရွာပေါင်း ၁၁ ရွာက ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
အဆိုပါ စစ်သင်္ဘောတွေဟာ ဗန်းဗော်မြို့ကနေ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့မှာ ဧရာဝတီ မြစ်ကြောင်းအတိုင်း စုန်ဆင်းလာတာဖြစ်ပြီး ကသာ၊ ရွှေကူနဲ့ ထီးချိုင့်မြို့နယ်တွေကို ဖြတ်ကျော်လာခဲ့ကာ မန္တလေးဘက်ကို ဦးတည်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ် ဖြစ်စဉ်မှာတော့ မနေ့ စက်တင်ဘာ ၉ ရက်၊ နေ့လယ် ၁၂ နာရီဝန်းကျင်က အဆိုပါမြို့က သစ်ရောင်းပြင် ကျေးရွာမှာ ဒရုန်းအသုံးပြု တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့တာလို့ သိရပြီး လူထိခိုက် သေဆုံးမှုအပြင် နေအိမ် နှစ်လုံးလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့ အိမ်ထဲမှာ ရှိနေကြတဲ့အချိန် ဖြစ်တာပေါ့။ ဒဏ်ရာရတဲ့ သူတွေကလည်း စိုးရိမ်ရတဲ့ အခြေအနေရှိတယ်။ ဆေးရုံတင်ထားရတယ်။ ၁ မိုင်ကျော်လောက်ကနေ ကျေးရွာထဲကို ဒရုန်းကျတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
သစ်ရောင်းပြင် ကျေးရွာဟာ လက်ပံတန်းမြို့နဲ့ ၂ မိုင်ခန့်သာ ကွာဝေးတယ်လို့ သိရပြီး လက်ရှိ ဖြစ်စဉ်ကြောင့် အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတဲ့ အဆိုပါ ကျေးရွာက ဒေသခံအများစု ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်လို့ သူက ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကလည်း လက်ပံတန်းမြို့က သရက်ချောင်းရွာမှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး တယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Photo – CJ