ဆူးငှက်
လက်ငုတ်လက်ရင်း အလုပ်
—————————–
မန္တလေးသို့ အဘတို့ ရောက်ကတည်းက ဆောက်ကာနေထိုင်ခဲ့သော ကျွန်တော်တို့ အိမ်ကလေးမှာ အတော်ကို စုတ်ချာနေပါပြီ။ ထိုအခြေအနေတွင် အဘနှင့် အမေကလည်း ဆီရောင်းရတာ အဆင်မပြေတော့။ အစ်မအငယ်ဆုံးက ပန်တျာကျောင်းတက်တော့ ဝါးတန်းကနေ ဘတ်စ်ကားစီးရသည်။ အဝတ်အစားလေးတွေ အထိုက်အလျောက် ဝယ်ပေးရသည်။ တော်ပါသေးရဲ့ အစ်မတို့ ပန်တျာကျောင်းက တစ်လလျှင် စတိုင်ပင်ခေါ် ပညာသင်စရိတ်က ၂၅ကျပ်ရသည်။ အဘက အစ်မရသော စတိုင်ပင်စရိတ်ငွေလေးတွေကို စုထားပေး၏။ အစ်မ သွားရေးလာရေး အဆင်ပြေဖို့ စက်ဘီးလေး တစ်စီး ဝယ်ပေးမလို့တဲ့။ ထို့ကြောင့် ရပ်ကွက်လူကြီးတစ်ဦး ဖြစ်သော ကိုအေးကြီးကို မိန်းမစီးစက်ဘီး တစ်ပတ်ရစ် သင့်တင့်တာလေးရှိရင် ပြောပါ ဟု မှာထားသည်။ ဆီရောင်းဖို့ အဆင်မပြေတော့သော အဘကို ဦးလေးသောင်က သူ့ဆီစက်က ဘွိုင်လာမီးထိုးအလုပ် ပေးလိုက်၏။ နေ့စား တစ်နေ့ ၃ကျပ် ၁၅ပြား ဖြစ်သည်။
ထိုဈေးနှုန်းက အစိုးရက သတ်မှတ်သော နေ့စားဈေးနှုန်းဖြစ်သည်။ ဆီစက်ကလည်း ကိုယ်ပိုင်မကြိတ်ရဘဲ အစိုးရ၏ ကုန်ကြမ်းကိုပဲ လက်ခစား နဝလီကြိတ်ရသည်။ အမေကတော့ ဖြစ်ကာမှ ဖြစ်ရော မတတ်နိုင် စိတ်ချရသည့် သူ့ဖောက်သည် တချို့ထံ လိုအပ်သည့် ဆီကို သိုသိုဝှက်ဝှက် ရောင်းရသည်။ ဥပမာ အိမ်နှင့် နီးသော မာလကာခြံရပ်ထဲက ဘုရင်ဆေးလိပ်ခုံသို့ ပုဏ္ဏားဝင်း လမ်းကြားထဲက ဖြတ်ကာ ပို့သည်။ ဝေးသည့်နေရာဖြစ်သော မလွန်က ဒေါ်ပို၏ ထမင်းဆိုင်ကိုတော့ ဒေါ်ပို၏ တူ ကိုချစ်က စက်ဘီးလေးနှင့် လာယူသည်။
အလုပ်သမား စုပေါင်း အသင်း
———————————-
ကိုယ့် အိမ်မှမဟုတ်၊ မြောက်ဘက်က ကိုကိုစိန်လှိုင်တို့ ခြေနင်းချုပ် ကုတင်ကြီးပေါ်မှာလည်း အလုပ်မရှိတော့။ ၂၆ဘီလမ်း ယခင်ရိုးကုမ္ပဏီ (ယခု ဘဏ် ၁) နှင့် မျက်နှာချင်းဆိုင် ရှပ်ရှင်းခြေနင်းဆိုင်ပိုင်ရှင် ပေါက်ဖော်ဆရာကြီးက သူ့အလုပ်ကို နားလိုက်သည်။ နားတာကလည်း ဆိုင်ရှိအလုပ်သမား အချို့က အလုပ်သမား အခွင့်အရေးဟုဆိုကာ ဆိုင်ရှင့်ထံက ရုံးပြင် ကနားတက်ပြီး နစ်နာကြေးတောင်းလို့ အလုပ်သမားအားလုံးကို တစ်ဦးလျှင် နစ်နာကြေး ၁၀၀ကျပ်စီပေး၍ အလုပ်ကိုပိတ်လိုက်သည်။ ထို့ကြောင့် အလုပ်သမားတချို့က နစ်နာကြေးထဲမှ တစ်ဦးလျှင် ငွေကျပ်၅၀ စီ မစုထည့်ဝင်ပြီး အလုပ်သမား စုပေါင်းဖိနပ်လုပ်ငန်းကို ထောင်ကြသည်။
ထိုစုပေါင်းလုပ်ငန်းတွင် သဖန်းအဖွဲ့ထဲက ကိုကျော် ကိုဌေးအောင် ကိုဘရီ စသူတို့ ဦးစွာပါဝင်ကြ၏။ ထိုလုပ်ငန်းကို အနောက်ပြင် ပလိုင်းရပ်ကွက်ထဲတွင် ထူထောင်ခြင်းဖြစ်သည်။ လက်ရှိ အစိုးရဖြစ်နေသော တော်လှန်ရေး ကောင်စီကလည်း ဆိုရှယ်လစ်လမ်းစဉ်ဖြင့် တိုင်းပြည်ထူထောင်မည်ဟု ကနဦး ကြေညာသောအခါ ဆိုရှယ်လစ်စံနစ်ကို လေ့လာ နှစ်သက်ဖူးသူတွေက အစိုးရလမ်းစဉ်ကို လက်ခံ ကြရာတွင် ထို အလုပ်သမား စုပေါင်းဖိနပ်လုပ်ငန်းလည်း ပါဝင်သည်ဟု ပြောရမည်။ ထို့ကြောင့် ထိုအသင်းက လုပ်အားတံဆိပ် အလုပ်သမားစုပေါင်း ဖိနပ်ချုပ်အသင်းဟု တရားဝင်ဖွဲစည်းကာ အခြား အစုပါဝင်မည့် အလုပ်သမားများလည်း ခေါ်ယူခဲ့သည်။
ကိုကိုစိန်လှိုင်ကတော့ ဖိနပ်လုပ်ငန်း ဆက်မလုပ်တော့ဘဲ အိမ်ထောင်လည်း ကျပြီမို့ အရောင်းအဝယ် လုပ်ငန်းဖက် ဦးလှည့်ဖို့ ပြင်ဆင်သည်။ အလားတူ အိမ်မှာအတူနေသည့် ဒုတိယအစ်မ မခင်လှ၏ ခင်ပွန်းကလည်း တဖက်က နုယဉ် တေးဂီတအသင်းတွင် ထရန်ပက်သမား အဖြစ် ပါဝင်နေဆဲ ဖြစ်သည်။ သို့သော် အပျော်ထမ်း အသင်းမို့ ဝင်ငွေက မယ်မယ်ရရ မရှိ။ လုပ်အားစုပေါင်းဖိနပ်လုပ်ငန်း စတင်ထူထောင်စဉ်ကတော့ အသင်းသားအဖြစ် ပါဝင်ခဲ့သေး သော်လည်း နောက်တော့ သူလည်း အရောင်းအဝယ်လုပ်ဖို့ စိုင်းပြင်းသည်။ ကိုကိုစိန်လှိုင်ရော ကိုသိန်းမောင်ရော သမီးဦးတွေ ရကြပြီလေ။
ဖိနပ်အဟောင်းပြင်သည်
———————–
ကိုကိုစိန်လှိုင့် ညီ ကိုကိုထွန်းရွှေကတော့ ခြေနင်းချုပ်အလုပ်နားသွားသော်လည်း တစ်ဦးတည်းသမားမို့ သိပ်မပူပင်။ သူက သူ့အခန်းလေးထဲမှာ မဂ္ဂဇင်းလေးတွေ ဝတ္ထုစာအုပ်လေးတွေနှင့် ဘာသိဘာသာနေသည်။ (နောက်တော့ သူ့စာအုပ်စင်လေးကလည်း ကျွန်တော်၏ ကနဦး စာကြည့်တိုက် ဖြစ်ခဲ့သည်)။ ကိုကိုထွန်းရွှေက ဒီအတိုင်း အလုပ်မရှိဘဲ နေလို့မရဟု သိသောအခါ တတ်ထားသည့်ပညာဖြင့် အိမ်တော်ရာမြောက်ဘက် ဦးစိန်ကျောင်းနှင့် မျက်နှာချင်းဆိုင် ညောင်ပင်ကြီးအောက်တွင် ဖိနပ်အဟောင်းပြင်ဆိုင်လေးဖွင့်သည်။
၂ပေ×၁ပေခွဲလောက်ရှိသည့် ထင်းရူးပုံးလေးထဲ တူ သံနှုတ် ကပ်ကြေး ညှပ်တူ စူး နှင့် သံမှိုဘူးလေးတွေ၊ ကော်ဘူး၊ နိုင်လွန်ကြိုးခင်၊ ဖိနပ်ဆေးအနက်ဘူး၊ ကီဝီတံဆိပ် ဖိနပ်အရောင်တင်ဘူးလေးတွေ ထည့်ပြီး ပုံးလေးပေါ်မှာ ၁ပေခန့် တိုင်လေး ၂ချောင်းထောင်ကာ ကြေးနန်းကြိုးလေးတန်း၍ ဖိနပ်သည်းကြိုးအသစ်လေးတွေ တန်းထားသည်။ ထင်းရှူးပုံးလေး ဘေးမှာ သံခုံလေး ချထားသည်။ သဲကြိုးပြတ်သူကို သဲကြိုးလဲပေးသည်။ အောက်ခံရာဘာဆိုး ကွာလျှင် ရာဘာဓာတ်ဆီကော်နှင့် ပြန်ကပ်သည်။ အခိုင် စီးချင်သူအတွက် ရာဘာကရစ်အောက်ခံအစား ကားတာယာဟောင်း ဆိုးပြားကို သားရေဖိနပ်ခုံနှင့် တွဲ ကြိုးချုပ်ပေးသည်။ ဟောင်းနေသော ဖိနပ်ကို ဆေးအနက်သုတ်ပေးကာ ပေါလစ်တိုက်ပေးသည်။
ထိုလုပ်ငန်းကို ကိုကိုထွန်းရွှေက အိမ်တော်ရာဘုရားမြောက်ဘက်က ညောင်ပင်ကြီးအောက်မှာ လုပ်ကိုင် သော်လည်း လမ်းကြုံလို့ သူ့ဆိုင်လေးရှေ့ ဖြတ်လျှင် ထင်းရှူးသားပုံးလေးနှင့် သဲကြိုးလေးတွေ သီထားသော ဆိုင်ကလေးကိုသာ တွေ့ရပြီး သူ့ကို တွေ့ရမှာ မဟုတ်။ အကယ်၍ ဖိနပ်ပြင်ချင်သူက ဆိုင်လေးရှေ့ရပ်ပြီး အသံပေးပါမှ ခပ်လှမ်းလှမ်း ညောင်ပင် တစ်ပင်အရိပ်မှာ ဝါးပက်လက်ကုလားထိုင် အဟောင်းလေးနှင့် စာဖတ်နေသော ကိုကိုထွန်းရွှေက လာပြီး မေးမြန်းမည်။ ကဲ ဒီတော့လည်း သူ့ဆိုင်လေးက ဘယ့်နှယ် သက်တမ်းရှည်ပါ့မလဲ။ ထို့နောက် ဖိနပ်အဟောင်းဆိုင် အဆင်မပြေတော့ ဝင်းထိပ် နိုးအေးချောင်းစက်က နို့အေးချောင်းယူရောင်းသည်။ အဲ့လို ရောင်းပြန်တော့ ရေခဲချောင်းပုံးထမ်းဖို့ ကလေးတစ်ယောက်ကို နေ့စားနှင့် ငှားပြန်ရော။
ကျွန်တော်ကတော့ အစ်ကိုဝမ်းကွဲတွေ ဦးလေးတွေ ရှပ်ရှင်းခြေနင်းဆိုင်မှာ အလုပ်မရှိတော့တာကြောင့် နှစ်စဉ် တရုတ်နှစ်သစ်ကူးချိန်တွင် အီကွေးတွေ ခေါက်ဆွဲကြော်တွေ အဝအပြဲ မစားရတော့ဘဲ အန်ပေါင်းမုန့်ဖိုးတွေ မရတော့တာ တွေးပူနေမိသည်။ တကယ်လည်းဟုတ်ပါရဲ့။ ၆နှစ်သားလောက်ကတည်းက အီကွေးမစားရ အန်ပေါင်းမရခဲ့တာ အခု အသက် ၆၀အထိလို့ ရယ်စရာပြောရမည်။
ရောင့်ရဲချင်လို့မှ မဟုတ်တာ
——————————-
အိမ်မှာ အဘက ၃ကျပ်၁၅ပြားနေ့စားနှင့် အမေ၏ သိုသိုဝှက်ဝှက်ရောင်းရသည့် ဆီရောင်းသည့် မဖြစ်စလောက် အလုပ်လေးက ရသည့် ဝင်ငွေပဲရှိသည်။ အခြားသော ဆွေမျိုးအပေါင်းအသင်းတွေကတော့ အလုပ်တွေ ပြောင်းကြပြီလေ။ သူတို့နှင့် တွေ့တိုင်းလည်း သူတို့လို အလုပ်ပြောင်းဖို့ တိုက်တွန်းသည်။
အဘရော အမေရော အင်း အဲ မလုပ်ကြ။ ထိုအချိန်ခေတ်စားနေသော အလုပ်က လားရှိုး မော်လမြိုင်စသော မြို့များက ကုန်ပစ္စည်းတွေ မန္တလေးသို့ သယ်ယူရောင်းချသည့် အလုပ်ဖြစ်သည်။ ထိုကုန်ပစ္စည်းများကလည်း အစိုးရက ကန်းသတ်ထားသည့် ကုန်ပစ္စည်းများမို့ သယ်ယူရောင်းချခွင့် မရှိပေ။ ထို့ကြောင့် မှောင်ခိုဟုခေါ်သော ထိုပစ္စည်းများ သယ်ယူရောင်းချခြင်းအလုပ်က မြိုးမြိုးမြက်မြက်ရသည်။
ရ – ရထား စီးလို့သွား
——————–
မန္တလေးကနေ လားရှိုးကိုရထားစီးသွား၊ လားရှိုးရောက်တော့ ပစ္စည်းတွေဝယ်၊ ရထားပေါ်မှာ သိုဝှက်ပေးကမ်း သယ်ယူလာပြီး မန္တလေးရောက်တာနှင့် ဘူတာအနောက်ဘက်က(သို့မဟုတ်) ဈေးချိုက ဒိူင်မှာ သွင်းရုံပဲလေ။ မော်လမြိုင်ကတော့ ရန်ကုန်ရထားကို ပဲခူးထိစီး၊ ပဲခူးကနေ မော်လမြိုင်ရထားပြောင်းစီးကြသည်။ ပစ္စည်းတွေကတော့ ဆပ်ပြာသွားတိုက်ဆေး ဓာတ်ဘူး အလှကုန် အဝတ်အထည် ပါတိတ်လုံချည် စက်ဘီးပစ္စည်း ဆေးပစ္စည်း စသည့် လူသုံးကုန် စက်ပစ္စည်းအမျိုးမျိုးဖြစ်သည်။
အံမယ် ရထားစီး ပစ္စည်းဝယ် ပြန်သယ် ပြန်ရောင်း မြတ် ဟု လွယ်လွယ် ပြောရတာ။ လားရှိုးရထား ရန်ကုန်ရထား မော်လမြိုင်ရထား တရားဝင်လက်မှတ်တစ်စောင်ရဖို့က အလွန် ခက်ခဲသည်။ ထို့ကြောင့် ရထားပေါ် လက်မှတ်မဲ့ စီးကြရသည်။ ရထားပေါ်ကလည်း လက်မှတ်မဲ့ချည်းမို့ လမ်းပင်လျှောက်မရအောင် ကြပ်ညပ်နေသည်။ အပေါ့အပါး သွားမရအောင်ပင် အိမ်သာထဲထိ လူပြည့်နေသည်။
ဒီလိုရထားစီး ဒုက္ခကို တစ်နေကုန် တညလုံး တစ်ခါတရံ ရထားပျက်လို့ ၂ည ၃ည ဒဏ်ခံစီးရသည်။ ပစ္စည်းတွေ ဝယ်ပြီး အလာတုန်းကလိုပဲ ရထားပေါ်မှာ လက်မှတ်မဲ့နှင့် လိုက်ရပြန်သည်။ အပြန်မှာက ပစ္စည်းတွေပါလို့ သိုရဝှက်ရ ပေးရကမ်းရ ပုန်းရရှောင်ရ အခန့်မသင့်လျှင် ပစ္စည်းသိမ်း အရင်းပြုတ် အဖမ်းအဆီးခံရသည်။ သို့သော် မတတ်နိုင် ကောင်းရောင်းကောင်းဝယ် သက်သက်သာသာနှင့်က ပိုက်ဆံမရ။ ဒီအလုပ်နှင့် အဘတို့ အမေတို့ ဆွေမျိုးမိတ်ဆွေတချို့ စားဖို့သောက်ဖို့ အဆင်ပြေသလို အိမ်မှာလည်း လိုအပ်ပစ္စည်းလေးတွေ ပြောင်ပြောင်ရောင်ရောင် ဖြစ်လာသည်။ ကိုင်း ကိုပေါလူတို့ မချောရင်တို့ ဒီလိုပဲ နေကြမလားပေါ့။ ဒီကြားထဲ ကိုအေးကြီးက အဘ မှာထားသော မိန်မစီးစက်ဘီးလေး တွေ့ပြီတဲ့။ ဘောင်က မြင်းခြံဘောင်၊ ဇက်ခရင်းခွ ဂီယာဝိုင်း ဖရီးဝှီး ချိန်းက တရုတ်၊ ခွေ စပုတ် တာယာ ကျွတ်က အိန္ဒိယတဲ့။ ညွန့်ပေါင်းဘီးခေါ်မှာပေါ့။ တစ်ပတ်ရစ် ဘီးလေး၊ ၃၀၀ ကျပ်တဲ့ သင့်တော်တယ်၊ ယူထားတဲ့။
ဆူးငှက်
