ရှစ်ထပ်ရေတံခွန် ဖြစ်စဉ်မှ အမေရိကန်သူ ရုပ်အလောင်း တလောင်း ထပ်မံတွေ့ရှိ၊ တယောက် ပျောက်ဆုံးနေဆဲ

စက်တင်ဘာ ၃၀ – ၂၀၂၅
SS (VOM)
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာအနီး ရှစ်ထပ် ရေတံခွန်တောင်က လူငါးယောက် ပြုတ်ကျမှုဖြစ်စဉ်မှ အမေရိကန် နိုင်ငံသူ ရုပ်အလောင်း တလောင်းကို ထပ်မံရှာဖွေ တွေ့ရှိထားပြီး တယောက်ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ စေတနာမွန် လူမှုကူညီရေးအသင်း (အုန်းချော) မှ သိရပါတယ်။
မနေ့ စက်တင်ဘာ ၂၉ ရက်၊ မွန်းလွဲ ၃ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်စဉ်အတွင်း အန္တရာယ် ကြုံတွေ့ခဲ့ရသူတွေဟာ မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ်အတွင်းရှိ ကိုယ်ပိုင်ကျောင်း တကျောင်းက ဝန်ထမ်းတွေဖြစ်ပြီး နိုင်ငံခြားသား ဝန်ထမ်း နှစ်ယောက် ပါဝင်တယ်လို့ သိရပါတယ်။
တောင်ကျရေနဲ့အတူ ပြုတ်ကျခဲ့သူ ငါးယောက်မှာ ရုရှားလူမျိုး အမျိုးသားတယောက်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တာဖြစ်ကာ အမျိုးသမီး နှစ်ယောက်ကိုတော့ မနေ့ ညနေ ၄ နာရီဝန်းကျင်မှာ သေဆုံးလျက် ပြန်လည် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ စက်တင်ဘာ ၃၀ ရက်၊ မနက် ၈ နာရီဝန်းကျင်မှာ ကျန်ရှိနေတဲ့ ပျောက်‌ဆုံးနေသူ နှစ်ယောက်ကို ရှာဖွေရေး လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်ခဲ့တာမှာ မနက် ၁၁ နာရီခွဲဝန်းကျင်မှာတော့ ရုပ်အလောင်း တလောင်းကို ထပ်မံ တွေ့ရှိခဲ့တာဖြစ်တယ်လို့ စေတနာမွန် လူမှုကူညီရေးအသင်း (အုန်းချော) မှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
“ဒီ‌နေ့တွေ့တဲ့ Dead Body က ကျွန်တော်တို့မနေ့က Dead Body တွေ တွေ့ခဲ့တဲ့နေရာရဲ့ အောက်ဘက်၊ တော်တော်ဝေးဝေးမှာ ပြန်တွေ့ခဲ့တာပါ။ သူက ဟိုးအောက်ကို ရောက်သွားတာ။ ‌ကျန်တဲ့ တယောက်ကိုလည်း ဆက်ရှာနေပေမယ့် ဒီနေ့လည်း မတွေ့သေးပါဘူး။ မနက်ဖြန် ဆက်ရှာဖို့ စီစဉ်ထားပါတယ်” လို့ သူက ပြောပါတယ်။
ကျန်ရှိနေသူ တယောက်ကို ဆက်လက် ရှာဖွေရာမှာ တောင်ကျရေ ကျဆင်းထားတာ ဖြစ်တာကြောင့် အဲဒီ နေရာတဝိုက်မှာ ရေအနည်းငယ် နောက်ကျိနေတဲ့အပြင် မိုးရွာသွန်းမှုလည်း ရှိလာတဲ့အတွက် ရှာဖွေရေးလုပ်ငန်းကို အနည်းငယ် အခက်တွေ့စေတဲ့ အနေအထားမှာ ရှိခဲ့တယ်လို့ သူက ပြောပါတယ်။
ဒီကနေ့ ညနေ ၆ နာရီဝန်းကျင်မှာတော့ ရာသီဥတု အခြေအနေကြောင့် ရှာဖွေမှုကို ရပ်ဆိုင်းခဲ့ပြီး မနက်ဖြန် အောက်တိုဘာ ၁ ရက်နေ့၊ မနက်ပိုင်းမှာတော့ ကျန်ရှိနေတဲ့ တယောက်ကို ဆက်လက် ရှာဖွေသွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“ရေတံခွန်ဆိုတော့ ကျောက်ဆောင်တွေလည်း တော်တော်များတာ ဆိုတော့ ပျောက်နေတဲ့ တယောက်က လှိုဏ်ဂူထဲပဲ ဝင်နေသလား၊ ကျောက်ဆောင်တွေကြားပဲ ညှပ်နေသလားပေါ့လေ။ အောက်မှာလည်း ကျွန်တော်တို့ ပိုက်စိပ်တိုက် ရှာတာဆိုတော့ အောက်မှာတော့ မရှိတော့ဘူး” လို့ သူက ပြောပါတယ်။
ဒီကနေ့မှာ ရှာဖွေရေးလုပ်ငန်းကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ မြို့နယ်နဲ့ နယ်မြေခံ ညီနောင်အဖွဲ့တွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ဒီကနေ့မှာ ပြန်လည် တွေ့ရှိခဲ့တဲ့ ရုပ်အလောင်းကိုလည်း စေတနာမွန် လူမှုကူညီရေးအသင်း (အုန်းချော) အသင်းကားနဲ့ ပြင်ဦးလွင်ဆေးရုံကြီးကို ထပ်မံ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)

Related posts

Leave a Comment

VOM News

FREE
VIEW