ဖားကန့်မြို့ပေါ်မှာ ၅ ရပ်ကွက်ပဲ မဲရုံရှိမည်

အောက်တိုဘာ ၂၊ ၂၀၂၅
Shy V (VOM)
ကချင်ပြည်နယ်၊ မိုးညင်းခရိုင်၊ ဖားကန့်မြို့ပေါ်မှာတော့ လာမယ့် ဒီဇင်ဘာ ၂၈မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ မြို့ပေါ် ၅ ရပ်ကွက်မှာပဲ မဲရုံ ရှိမှာ ဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အတွက် ပါတီ သုံးခုကသာ ဝင်ပြိုင်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဖားကန့်မြို့ပေါ်က လက်ရှိအချိန်ထိတော့ ငါးရပ်ကွက် ပဲ ရှိပါတယ် မဲရုံက။ ကားမိုင်း နဲ့ ရှဒူဇွပ် ဘက်ကော ဆိုရင် တမြို့နယ်လုံးမှ မဲရုံ ၂၅ ရုံ ခန့်ပဲ ရှိမယ်လို့ ကနဦး သိရှိရပါတယ်။ တခြားလွှတ်တော်တော့ မသိဘူး ကျနော် ပြိုင် မယ့် ပြည်သူ့လွှတ်တော် ကတော့ ၃ ပါတီ ပဲ ရှိပါတယ်။ ပါတီ အနေနဲ့ တော့ မဟုတ်ဘူးနော် ကျွန်နော့ အနေနဲ့ ပဲ ဖြေတာပါ။” လို့ ဝင်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ ဦးသက်ပိုင်ထူးက VOM ကို ပြောပါတယ်။
မဲဆွယ်စည်းရုံးမှုတွေကို အွန်လိုင်းကနေ အဓိက လုပ်မှာဖြစ်ပြီး လက်ရှိမှာတော့ နာမည်တင်သွင်းထားတဲ့ သူတွေကို ခရိုင် ရွေးကောက်ပွဲကော်မရှင် အထိသာ အတည်ပြုသေးပြီး လာမယ့် အောက်တိုဘာလ ၄ ရက်နေ့ နောက်ပိုင်းမှသာ ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုမှာဖြစ်တယ်လို့ သူကရှင်းပြပါတယ်။
ဖားကန့်မှာ မဲစာရင်းကို အောက်တိုဘာလ ၁ ရက်နေ့က စကပ်ပြီး ပြည်သူ့လွှတ်တော်အတွက် ဝင်ပြိုင်မယ့် ပါတီတွေကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)၊ တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီနဲ့ (TNDP) ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) တွေဖြစ်တယ်လို့ ဆိုပါတယ်။
“ပြည်သူ့လွှတ်တော်မှာ ခုပြိုင်တဲ့ ပါတီ သုံးခုနဲ့ လူစာရင်း သုံးယောက်ပါ။ ခုထိစည်းရုံးလှုပ်ရှားတာ မရှိပါဘူး။ ရွေးကောက်ပွဲကို လူထုစိတ်ဝင်စားမှုနည်းတယ်လို့ ယူဆပါတယ်။” လို့ ဖားကန့် ဒေသခံ တယောက်က ပြောပါတယ်။
ဝင်ပြိုင်မယ့် ပါတီများများစားစား မရှိပဲ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကိုသာ အဓိက တွေ့ရပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လှုပ်ရှားတာတွေ မတွေ့ရသေးဘူးလို့ နောက်ထပ် ဒေသခံ တယောက်ကလည်း ပြောပါတယ်။
ဖားကန့်မှာ ပြီးခဲ့တဲ့ မေလကုန်ခန့်ကစ စစ်ရေးအခြေအနေ ရှုပ်ထွေးနေတာတွေရှိပေမယ့် ဒီရက်ပိုင်း တိုက်ပွဲတွေ အနည်းငယ် ငြိမ်နေတာ တွေ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့ပေါ်မှာ ရပ်ကွက် ၆ ခုရှိပြီး မြို့ပေါ်နေ လူဦးရေ ၁၄၀၀၀၀ ကျော်ရှိကာ မဲပေးခွင့်ရှိသူ မဲဆန္ဒရှင် ၈၀၀၀၀ ကျော်ရှိကြောင်း ၂၀၂၃ ခုနှစ်က ဖားကန့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ဒေသဆိုင်ရာ အချက်အလက်တွေ အရသိရပါတယ်။
ရွေးကောက်ပွဲများ ကျင်းပခြင်း မပြုမည့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၅၆ နယ် နဲ့ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံး ရသူ အနိုင်ယူ (FPTP) မဲဆန္ဒနယ် ၅၆ နယ် ထဲမှာ ကချင်ပြည်နယ် ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ အင်ဂျန်းယန်မြို့နယ် မဲဆန္ဒနယ် တွေပါဝင်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။
ပထမ အချိန် မဲစာရင်းကို စက်တင်ဘာလ ၃၀ ရက်နေ့ ကနေ အောက်တိုဘာလ ၁၃ ရက်နေ့ အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အဖွဲ့ခွဲရုံးတွေမှာ ကပ်ထားကြေညာထားမှာဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာ အဖွဲ့ခွဲရုံးတွေမှာ မဲစာရင်းမကပ်နိုင်ပါက သက်ဆိုင်ရာ မြို့နယ် အဖွဲ့ခွဲရုံးတွေမှာ လာရောက် ကြည့်ရှိုနိုင်ကြောင်းလည်း သတင်းဖော်ပြထားပါတယ်။
မဲဆန္ဒရှင်တွေအနေနဲ့ မိမိအမည် စာရင်းမပါပါက ပုံစံ ၃ နဲ့ တောင်းဆိုနိုင်ပြီး မပါသင့်သူ ပါနေပါက ပုံစံ ၄ နဲ့ ကန့်ကွက်နိုင်ကာ အချက်အလက် မှားယွင်းနေပါက ပုံစံ ၄ – ဂ နဲ့ ပြင်ဆင် တင်သွင်းနိုင်တာဖြစ်ပြီး ပုံစံတွေကို အခမဲ့ ရယူနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။
မဲစာရင်းတွေကို နိုဝင်ဘာလအတွင်း နောက်ဆုံး အကြိမ်အဖြစ် ကြေညာ သွားမှာဖြစ်ပြီး အိမ်ထောင်စုတိုင်းက လူ အနည်းဆုံး တယောက် မဲစာရင်း လာရောက်ကြည့်ရှုဖို့လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။
Photo Crd#

Related posts

✕
VOM News

FREE
VIEW