ရုရှားကို အမျိုးသားလုပ်သားတွေ ထပ်လွှတ်ဖို့ စီစဉ်

အောက်တိုဘာ ၂၊၂၀၂၅
CC (VOM)
အမျိုးသားတွေကို ပြည်ပထွက်ခွင့်ကန့်​သတ်ထားပေမယ့် ရရှားနိုင်ငံကိုတော့ ချွင်းချက်အနေနဲ့ အမျိုးသားလုပ်သားတွေကို နှစ်နိုင်ငံအစိုးရခွင့်ပြုချက်နဲ့ ထပ်မံပြီးတော့ တရားဝင်စေလွှတ်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။
ရရှားနိုင်ငံကို ယခုနှစ်ထဲမှာပဲ မြန်မာအမျိုးသားလုပ်သား ၂၀၀ ကျော်ကို ထပ်ပြီး စေလွှတ်ဖို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတချို့က စီစဥ်နေတာဖြစ်တယ်လို့သိရပါတယ်။
“ကင်းလွတ်ခွင့်တခုနဲ့သွားနေတာပေါ့။အရေအတွက်များရင်တော့ထိန်းချုပ်မှုတခုရှိမှာပေါ့။
နှစ်နိုင်ငံချစ်ကြည်ရေးအတွက်ရော နိုင်ငံအသစ်ကို အလုပ်အကိုင်အခွင့်အလမ်းအသစ်တရားဝင်လုပ်ကိုင်ခွင့်စတင်တဲ့အနေနဲ့လည်း ကင်းလွတ်ခွင့်ပြုထားတဲ့သဘောမျိုးထင်ပါတယ်။နောက်ပြီးမြန်မာနိုင်ငံကလူတွေက ကြိုးစားအားထုတ်မှုကောင်းတယ် ။အမိန့်နာခံမှုရှိတယ်။သင်လွယ်တတ်လွယ်တယ်။အဲဒါကြောင့် အရေအတွက်တချို့ကိုကင်းလွတ်ခွင့်ပြုထားတဲ့သဘောနားလည်တယ်။အာယသာချက်အားနည်းချက်ကတော့ရှိတယ်။ကိုယ့်ဒီဘက်နဲ့ သဟဇာတတည့်ရင်ဆက်လုပ်မယ်။မတည့်ရင် နိုင်ငံတော်အနေနဲ့ ရပ်မယ်ဆိုတဲ့စနစ်နဲ့သွားနေတာ။အားရပါးရလွှတ်မှာမျိုးတော့မဟုတ်ဘူး။” လို့ MOEAF အသင်းဝင်တ​ယောက်ကပြောပါတယ်။
အမျိုးသားလုပ်သားတွေအနေနဲ့ ရရှားနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်း ၊ စိုက်ပျိုးရေး ၊မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းတွေမှာ အဓိကလုပ်ကိုင်ကြရမှာဖြစ်ပြီး ကုန်ကျစရိတ်ကတော့ အေဂျင်စီအပေါ်လိုက်ပြီး ကွာခြးမှုရှိတာကြောင့် အတိအကျပြောဖို့ခက်တယ်လို့သိရပါတယ်။
ရရှားကို အလုပ်လုပ်ဖို့စေလွှတ်တဲ့အခါ လူဦးရေအကန့်အသတ်နဲ့ အသုတ်လိုက်စီခွဲပြီး ပို့ဆောင်သွားမှာဖြစ်ကြောင်း ၊ ရရှားသွားဖို့အတွက် ဘာသာစကားတတ်ကျွမ်းဖို့ကအဓိကဖြစ်တယ်လို့သိရပါတယ်။
“သုံးလသင်တန်းတက်ရတယ်။ဘာသာစကား ၊သက်ဆိုင်ရာ လုပ်ငန်းခွင်ဝင်ဖို့ ကျွမ်းကျင်တဲ့သင်တန်းတွေတက်ရတယ်။အဓိက ဘာသာစကားရဖို့လိုတယ်။အစိုးရကစေလွှတ်ခွင့်ပေးထားတာပါ။ပညာရှင်တွေလည်းခေါ်တယ်။အထွေထွေလုပ်သားလည်းခေါ်တယ်။” လို့ သူက ဆက်ပြောပါတယ်။
လက်ရှိမှာ ရရှားကို အလုပ်သမားစေလွှတ်ဖို့အတွက် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီလေးခုကို တရားဝင်ခွင့်ပြုပေးထားကြောင်း ၊ ရရှားနိုင်ငံက မြန်မာမှ အထွေထွေလုပ်သားအပြင် ပညာရှင်ပိုင်းဆိုင်ရာ အင်ဂျင်နီယာတွေကိုလည်းခေါ်ယူမှုရှိပေမယ့် လိုအပ်တဲ့ပမာဏကို ပြည့်မီအောင်မပို့နိုင်သေး ဘူးလို့သိရပါတယ်။
ပြီးခဲ့တဲ့ မတ် နဲ့ ဧပြီလကတည်းကစတင်ပြီး ရုရှားနိုင်ငံကို မြန်မာအမျိုးသားလုပ်သား ၅၀ ကျော်ကို ပထမဆုံးစတင်စေလွှတ်ခဲ့ပြီး ယခုအထိတော့ ပြဿနာကြီးကြီးမားမားမရှိဘဲ အဆင်ပြေမှုရှိနေတယ်လို့သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေအသက်ဝင်လာပြီးနောက် အသက် ၁၈ ကနေ ၃၅ နှစ်အတွင်းအမျိုးသားတွေကို ပြည်ပထွက်ပြီးအလုပ်လုပ်ကိုင်ခွင့် ကန့်သတ်ထားပြီး ရရှားကိုသာ တရားဝင်စေလွှတ်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။
” အသက်ကန့်သတ်ချက်ကို ဖြေလျှော့ပေးဖို့တော့တောင်းဆိုထားတယ်။ခုထိတော့ မထူးခြားသေးဘူး။ တရားဝင်သွားတာကိုကန့်သတ်လိုက်တော့ တရားမဝင်သွားတဲ့နူန်းများလာပြီး နိုင်ငံ့ဝင်ငွေလည်းလျော့တာပေါ့။” လို့ အေဂျင်စီတခုမှ တာဝန်ရှိသူတယောက်ကပြောပါတယ်။
အသက် ၁၈ ကနေ ၃၅ နှစ်အတွင်းအမျိုးသားတွေကို တရားဝင် ပြည်ပထွက်ပြီး အလုပ်လုပ်ခွင့် ကန့်သတ် မြန်မာအမျိုးသားတွေဟာ တရားမဝင်လမ်းကြောင်းကနေ ထိုင်းကို သွားရောက်မှုပိုပြီးမြင့်လာသလို တရားမဝင်ဝင်ရောက်ဖို့ကြိုးစားတဲ့ မြန်မာလုပ်သားတွေလည်း ထိုင်းဘက်ခြမ်းမှာ နေ့စဥ်နဲ့အမျှ ဖမ်းဆီးခံနေရပါတယ်။
ဓာတ်ပုံ – CJ

Related posts

✕
VOM News

FREE
VIEW