အင်းလေးဒေသက စပါးခင်း ၉၀ ရာခိုင်နှုန်းလောက် ရေမြုပ်ပျက်စီးနေ

အောက်တိုဘာ ၂ – ၂၀၂၅
SS (VOM)
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေတာကြောင့် စပါးစိုက်ခင်း ဧက ၉၀ ရာခိုင်နှုန်းလောက် ရေမြုပ် ပျက်စီးသွားပြီ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်းလေးဒေသမှာ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှ စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး လက်ရှိမှာလည်း ရေထပ်မံ မြင့်တက်လာနေတယ်လို့ သိရပါတယ်။
“ကန်ပတ်လည် ကန်စပ်တလျှောက်မှာ စပါးစိုက်တဲ့ လယ်ကွင်းတွေရှိတယ်။ ဒီနှစ်ကတော့ စပါးခင်းက ၉၀ ရာခိုင်နှုန်းလောက် ပျက်စီးတယ်။ တချို့ကလည်း ရိတ်သိမ်းတာရှိတယ်။ ဒါပေမယ့်လည်း ရေမြုပ်ထားတဲ့စပါး ဆိုတော့ ရောင်းလို့လည်း မရပြန်ဘူး။ တော်တော်များများကတော့ မသိမ်းတော့ဘူး၊ ဒီတိုင်းပဲ အရှုံးခံလိုက်ကြတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒေသခံ လယ်သမားတွေအနေနဲ့ စပါး စိုက်ပျိုးနိုင်ဖို့အတွက် ချေးငွေတွေ ယူထားခဲ့တာကြောင့် လက်ရှိမှာ အကြွေးပြန်ဆပ်နိုင်ဖို့ အခက်အခဲ များစွာ ရှိနေသလို နောက်တဖန် ပြန်လည် စိုက်ပျိုးနိုင်ဖို့အတွက်လည်း မျိုးစေ့ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။
“ဒီနှစ်ကတော့ တော်တော်ကို အခက်အခဲရှိတယ်။ စိုက်ပျိုးဖို့အတွက် စပါးမျိုးစေ့အထုပ်တွေ ဝယ်စိုက်တာလည်း ရှိတယ်။ အများအားဖြင့်တော့ ကိုယ့်လယ်ခင်းကနေ မျိုးပြန်ယူထားကြတာ။ ဒါပေမယ့် ဒီနှစ် ရေက စပါးပင်တွေ မရင့်ခင်ကို မြုပ်သွားတဲ့အတွက် ဒီနှစ်မှာ မျိုးလည်း ပြန်မယူနိုင်တော့ဘူး။ စပါးလည်း မသိမ်းနိုင်ကြတော့ဘူး။ အရှုံးခံလိုက်ကြရတယ်။ မြေဩဇာတွေဆို စပါးပေါ်တဲ့အချိန်မှ ပြန်ဆပ်မယ်ဆိုပြီး ချေးငှားပြီး ထည့်ထားကြတာ ဆိုတော့ အခုအချိန်မှာ ရေမြုပ်တဲ့အတွက် ပြန်ဆပ်နိုင်ဖို့က တော်တော်လေးကို ခက်တယ်” လို့ ဒေသခံ လယ်သမားတယောက်က ပြောပါတယ်။
တောင်သူအများစုဟာ မြေသြဇာအတွက် ငွေကြေး ချေးငှားရာမှာ ၁၀ ကျပ်တိုးနဲ့ ယူထားကြတာဖြစ်ပြီး ပြန်မဆပ်နိုင်သမျှ ကာလပတ်လုံး အတိုး မြင့်တက်နေမှာ ဖြစ်တာကြောင့် တချို့ တောင်သူတွေကတော့ နေ့စားအလုပ် လုပ်ကိုင်ကာ အကြွေး ပြန်ဆပ်နေရတယ်လို့ သိရပါတယ်။
“ဒီဘက်မှာက အတိုးနဲ့ ချေးပေးတဲ့သူတွေ အများကြီးရှိတယ်။ အဖွဲ့အစည်းတွေလည်း တော်တော်စုံတယ်။ ချေးငွေချပေးတဲ့ ဌာန သုံး၊ လေးခုလောက် ရှိတယ်။ အဲဒီလို ဌာနတွေမှာလည်း ပြန်မဆပ်နိုင်ကြတဲ့သူတွေ ရှိတယ်” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ရေကြီးမှု ကြုံခဲ့ရစဥ်က စပါးတွေ ရိတ်သိမ်းပြီးချိန် ဖြစ်တဲ့အတွက် ဆုံးရှုံးမှု နည်းခဲ့ပေမယ့် အခုနှစ်မှာတော့ ငလျင်ဒဏ်အပြင် ရေကြီးမှုဒဏ်ကို ပြီးခဲ့တဲ့ ဇွန်လလောက်ကတည်းက ကြုံခဲ့ရတာကြောင့် စပါးတွေ ဆုံးရှုံးခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါအပြင် အင်းထဲက ရေပေါ် စိုက်ခင်းတွေမှာ သီတင်းကျွတ်ကာလအပြီး စိုက်ပျိုးလေ့ရှိတဲ့ ငရုတ်ပွ၊ ခရမ်းချဉ်သီး၊ သခွားသီး၊ ကြက်သွန် အစရှိတဲ့ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးနိုင်ဖို့အတွက်ကိုလည်း လက်ရှိ ရေအခြေအနေအရ အခုနှစ်မှာ စိုက်ပျိုးဖို့ မဖြစ်နိုင်တော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာလည်း အင်းလေးဒေသအတွင်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့မှ စတင်ကာ ဆက်တိုက် ရွာသွန်းနေတဲ့မိုးကြောင့် ရေ ၃ လက်မလောက် ပြန်တက်လာ‌နေပြီး မိုးဗြဲဆည်ကလည်း ရေအဆက်မပြတ် ဖွင့်ချနေရတယ်လို့ သိရပါတယ်။
အင်းထဲက ကျေးရွာတိုင်းလိုလိုမှာ ရေနစ်မြုပ်နေတာဖြစ်ပြီး တချို့ နေအိမ်အောက်ထပ် နစ်မြုပ်နေသူတွေဟာ အိမ်အပေါ်ထပ်မှာ နေထိုင်နေကြရကာ တထပ်နေအိမ် နစ်မြုပ်နေသူတွေကတော့ အထပ်ခိုးမှာ ထုပ်တန်းထိုးပြီး နေထိုင်နေကြရတယ်လို့ သိရပါတယ်။
လက်ရှိမှာ ညောင်ရွှေမြို့နယ်က အင်းလေးဒေသအပြင် တောင်ကြီး၊ ကလောနဲ့ အောင်ပန်းမြို့တို့မှာလည်း မိုးကြီးနေပြီး ကလောနဲ့ အောင်ပန်းမြို့ရဲ့ အနောက်ဘက် တောင်ကြောကနေတဆင့် တောင်ကျရေတွေ အင်းလေးကန်အတွင်း ဝင်ရောက်လာနိုင်တဲ့အတွက် ရေထပ်တိုးနိုင်ခြေ ရှိနေတာကြောင့် အခြေအနေကို ဆက်လက် စောင့်ကြည့်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW