ဂန့်ဂေါနယ်မှာ ဒေသတွင်း လက်နက်ကိုင်တပ်တွေရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲ ဖြစ်ပွားနေ

ဒီဇင်ဘာ ၃၁ – ၂၀၂၅
SN (VOM)
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ဒေသတွင်း လက်နက်ကိုင်တပ်တွေက ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲ ပြင်းထန်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒေသတွင်း လက်နက်ကိုင်တပ်တွေက Yawland Opreation စစ်ဆင်ရေးအဖြစ် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့ကတည်းက ဂန့်ဂေါခရိုင်အတွင်းရှိ အစိုးရတပ်နဲ့ ပြည်သူ့စစ်တွေ တပ်စွဲထားတဲ့ နေရာတွေကို ထိုးစစ်ဆင် တိုက်ခိုက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
“တိုက်ပွဲဖြစ်ပြီ ဆိုတာနဲ့ အစိုးရဘက်ကလေကြောင်း တိုက်ခိုက်တာတွေလည်း ပါလာတာပါပဲ။ အခု အခြေအနေကတော့ လက်နက်ကိုင် အဖွဲ့တွေဘက်ကလည်း ထိုးစစ်ဆင်လာသလို အစိုးရတပ်ဘက်ကလည်း နေ့စဉ်နဲ့အမျှ နယ်မြေရှင်းလင်းရေး လုပ်နေတာ ရှိတယ်။ ညတိုင်းလိုလိုလည်း မြို့ထဲ ကင်းပတ်နေတာ၊ ကင်းပုန်းဝပ်တာတွေ လုပ်နေတယ်။ ခံစစ်ပြင်ထားတဲ့ အနေအထားကို တွေ့ရတယ်” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
လက်ရှိမှာ အစိုးရတပ်တွေဟာ ဂန့်ဂေါနယ်အတွင်းက ခြေလျင်တပ်ရင်း (ခလရ – ၅၀)၊ ပစ်မကျေးရွာ၊ ပျားရွာနဲ့ ရှောက်ပင် ကျေးရွာတွေမှာ ကာကင်း အခိုင်အမာယူထားသလို မနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ မြို့အဝင်၊ အထွက်နဲ့ မြို့အတွင်း ဖြတ်သန်းသွားလာခြင်း ပြုလုပ်ကြဖို့ လှည့်လည် သတိပေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“မာရှယ်လော ထုတ်ထားပေမယ့် အရင်က နားလည်မှုနဲ့ သွားလာလို့ရတယ်။ အခုကတော့ မရတော့ဘူး။ သူတို့ သတ်မှတ်ထားတဲ့ အချိန်ကျော်ရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ လော်စပီကာနဲ့ လိုက်အော်နေတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
လက်ရှိ ဂန့်ဂေါခရိုင်အတွင်း ဖော်ဆောင်နေတဲ့ Yawland Opreation အခြေအနေနဲ့ ပတ်သက်လို့ ဒေသတွင်း လက်နက်ကိုင်တပ်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ ရက်စွဲနဲ့ သတင်း ထုတ်ပြန်ထားတာမှာ ဒီဇင်ဘာ ၂၇ ရက်နေ့၊ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း ပြည်သူ့စစ် ကျေးရွာတရွာကို သိမ်းပိုက်ထားပြီး ဖြစ်တယ်လို့ အသိပေးထားပါတယ်။
သိမ်းယူထားတယ်ဆိုတဲ့ ကျေးရွာနဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ စစ်ရေးသတင်း လုံခြုံရေး အခြေအနေအရ အသိပေးနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
လက်ရှိ ဂန့်ဂေါနယ်တိုက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်လို့ ‌အစိုးရ တာဝန်ရှိသူတွေဘက်က သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပေမယ့် အစိုးရတပ် စစ်ရေး သတင်းရင်းမြစ်တွေကတော့ အဲဒီ မြို့နယ်အတွင်းက မြောက်ခင်ရန်း ပြည်သူ့စစ်ကျေးရွာကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက ဒီကနေ့ ဒီဇင်ဘာ ၃၁ ရက်၊ မနက် ၉ နာရီဝန်းကျင်မှာ အင်အား အလုံးအရင်းနဲ့ စတင် တိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။
အဲဒီ တိုက်ပွဲအတွင်း ‌‌လက်နက်ကိုင် တပ်တွေဘက်က အထိနာပြီး သုံးယောက် သေဆုံးခဲ့ကာ လက်နက်ငယ် သုံးလက်၊ စိန်ပြောင်း တလက် ထားခဲ့ပြီး ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလော အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ရေး လေ့လာစောင့်ကြည့်သူ တယောက်က “ဒီဂန့်ဂေါနယ်က ရွေးကောက်ပွဲ အပိုင်း (၂) မှာပါတယ်။ အပိုင်း (၁) ရွေးကောက်ပွဲ မစခင်မှာပဲ လက်နက်ကိုင် တပ်တွေက ဒေအသီးသီးမှာ စစ်ရေးအရှိန်မြှင့်လာတာ တွေ့ရတယ်။ ၂၀၂၆ ခုနှစ်၊ နှစ်စပိုင်းမှာ နေရာဒေသ အတော်များများ အခုထက်ပိုင်ပြီး တိုက်ပွဲတွေ စိပ်လာနိုင်တယ်” လို့ ပြောပါတယ်။
လက်ရှိ ဂန့်ဂေါနယ်အတွင်း စစ်ရေး တင်းမာမှုတွေ ရှိနေတဲ့အတွက် ဒေသတွင်း လက်နက်ကိုင်တပ်တွေက ယင်းမာပင် – ပုလဲ – ဂန့်ဂေါလမ်းပိုင်း အသုံးပြုခွင့်ကို တားမြစ်ထားတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW