ဇန်နဝါရီ ၂၁ ၊ ၂၀၂၆
CC (VOM)
တနင်္သာရီတိုင်း ၊ လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာမှာ ကြိုတင်မဲ ကောက်ယူတဲ့အဖွဲ့ ဒရုန်းဗုံး နဲ့တိုက်ခိုက်ခံရမှုမှာ ကျေးရွာဒေသခံ သုံးယောက်သေဆုံးကာ နောက်ထပ် သုံးယောက် ဒဏ်ရာပြင်းထန် ရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ် ။
ကြိုတင်မဲ ကောက်ယူတဲ့ အဖွဲ့ကို ဒရုန်းဗုံးတိုက်ခိုက် ခံရတာနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ကို VOM မှ ဆက်သွယ်မေးမြန်းခဲ့ရာ ဖြစ်စဥ်မှန်ကြောင်း ပြောဆိုပါတယ်။
” ဒရုန်းဗုံးကြဲခံရတာတော့ ဟုတ်တယ် ။ တရားဝင်စာတော့ တက်မလာသေးဘူး ။ မဲစာရင်းကောက်တဲ့ အဖွဲ့တွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး ။ ” လို့ တိုင်း ရွေး/ ကော် ဥက္ကဋ္ဌက ပြောပါတယ်။
ဖြစ်စဥ်က ဇန်နဝါရီ ၂၀ ရက်နေ့ ၊ နေ့လယ်ပိုင်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း ၊ တိုက်ခိုက်မှုအတွင်းမှာ မဲစာရင်းကောက်ယူတဲ့အဖွဲ့က ထိခိုက်ဒဏ်ရာရတာ မရှိဘဲ စခန်းကြီးရွာက ဒေသခံတွေသာ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
” မဲစာရင်းကောက်တဲ့အဖွဲ့ကတော့ ဘာမှ မဖြစ်ဘူးသိရတယ်။ မဲကောက်ဖို့သွားချိန် ဒရုန်းဗုံး ချခံရတာ ။ သေဆုံးတာက အဲဒီစခန်းကြီးရွာက အမျိုးသမီးသုံးယောက်ပါ။အဲဒီထဲမှာ နှစ်ယောက်က သားအမိတွေလို့သိရတယ်။ ဒဏ်ရာရတဲ့အထဲက ကလေးငယ်လေးဆိုလည်း အူတွေတောင်ထွက်ကျလို့ ဘုန်းကြီးကားနဲ့ ဆေးရုံလိုက်ပို့ရတယ် သိရတယ် ။ ” လို့ ဖြစ်စဥ်သိရှိသူ ဒေသခံက ပြောပါတယ် ။
ဒရုန်းဗုံးတိုက်ခိုက်မှုအတွင်းမှာ သေဆုံးခဲ့ရသူတွေဟာ စခန်းကြီးရွာက ဒေါ်မာလာ၊ ဒေါ်ချို ဆိုသူနဲ့ မခင်မာအေး ဆိုသူတို့ ဖြစ်ကြောင်းသိရှိရပြီး ဒဏ်ရာရရှိသူတွေကတော့ အသက် ၁၀ နှစ်ကျော်အရွယ် မိန်းကလေးငယ် နဲ့ နောက်ထပ် အမျိုးသားတယောက် ၊ အသက်ကြီးပိုင်း အမျိုးသမီး တယောက်တို့ဖြစ်တယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာ ရရှိသူတွေထဲက ကလေးငယ်နဲ့ အမျိုးသမီးကတော့ ဒဏ်ရာပြင်းထန်တဲ့အခြေအနေ ရှိတာကြောင့် လက်ရှိအထိ အရေးပေါ်ကုသနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။
လောင်းလုံးမြို့နယ်က လာမယ့် ၂၅ ရက်နေ့မှာ ကျင်းပမယ့် အပိုင်း ၃ ရွေးကောက်ပွဲမှာ ပါဝင်တာကြောင့် ကြိုတင်မဲတွေ လိုက်လံကောက်ခံနေတာ ဖြစ်သလို မြို့နယ်အတွင်းမှာ မဲပေးမှုသရုပ်ပြခြင်း ၊ မဲရုံတွေ ပြင်ဆင်ခြင်း စတဲ့ လိုအပ်တာတွေကို လုပ်ဆောင်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ လောင်းလုံးမြို့နယ်ထဲမှာ လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရတပ်တွေ အကြား တိုက်ပွဲတွေလည်း ဖြစ်ပွားမှုရှိနေပြီး စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
