ဆူးငှက်
ငယ်ငယ်ရွယ်စဉ်မှာ ရှက်စရာ
———————————-
လူပျိုပေါက်အရွယ် ၉တန်းကျောင်းသားအဖို့ ဆန့်ကျင်ဘက် လိင်အပေါ် စိတ်ကစားမှုက သေချာပေါက် ဖြစ်ကြသည်။ ကျွန်တော် ထားထားကို မြင်သည်နှင့် ထပ်မြင်ချင်တာ၊ သူ့ကို တွေ့ချင်တာ၊ သူနဲ့ စကားပြောချင်တာ၊ သူ့အနား ထိုင်နေချင်တာ စသည့် ဆန္ဒများသည် တဏှာပေမနှင့် မဆိုင်။ ရှင်းရှင်း ပြောရလျှင် သူ့ကိုယ်ခန္ဓာကိုပင် စေ့စေ့မကြည့်ခဲ့။ တောင်တောင်အီအီ စိတ်ကူးမယဉ် မစဉ်းစားခဲ့။ ထိုဖြစ်စဉ်သည် ပထမဦးဆုံး လူပျိုစိတ်၏ တံခါးအပွင့် ဖြစ်လိမ့်မည်။ အစွန်းမထင်းသေးသော စိတ်မှာ ပထမဆုံး မထင်မှတ်ဘဲ ဖျပ်ခနဲ ထင်ဟပ်သည့် ပုံရိပ်ဖြစ်သည်။ ထိုပုံရိပ်က အလင်းအား ဖျော့ဖျော့ပေမယ့် အဖြူစွတ်စွတ်ပေါ်မို့ ထင်ဟပ်မှုက သိသာသည်။ ပြောကြစို့ဆိုလျှင် ထားထား၏ အပျိုပေါက် မျက်နှာနုနုလေးကို အခုထိ မှတ်မိနေသည်။
သို့သော် ပြောခဲ့သလိုပင် စိတ်ကစားစ အရွယ်မို့ ဒီဇာတ်လမ်းက ဒီမျှနှင့်ပဲ အဆုံးသတ်ခဲ့သည်။ ပြန်လှန် စဉ်းစားလိုက်တော့ အကယ်၍ ထားထားက ကျွန်တော့်စာကိုယူ ကျွန်တော် ပြောသည့် ၁၅၀၀ဈေးကို မဆစ်ဘဲ ကြည်ဖြူစွာ လက်ခံသည် ဆိုပါစို့ ဘာဆက်လုပ်မည်နည်း။ သူကျောင်းသွားသည့် နောက်လည်း မလိုက်နိုင်၊ ဒီအရွယ်လေးနှင့် အပြင်မှာလည်း မတွေ့ရဲ။ ထိုခေတ် ထိုအခါက သည်အရွယ် ရည်းစားသနာရှိသတဲ့ ဆိုသည်က ယောက်ျားလေးမှာပင် နည်းတဲ့ ပြစ်မှုကြီးမဟုတ်။ မိန်းကလေးဆိုလျှင် မပြောပါနှင့်တော့၊ အသက်မသေရုံ အဆုံးမခံရမည်။ ထိုမျှမက ပတ်ဝန်းကျင်၏ ကဲ့ရဲ့ အပြစ်တင်မှုက မိဘများအဖို့ ခေါင်းဖော်ဝံ့ဖို့ ခက်လှသည်။
ထန်းပင်နှင့် ခြုံပုတ်
————————-
မိတ်ဆွေတို့ မှတ်မိပါလိမ့်မည်။ ကွန်တော် အလယ်တန်းတုန်းက အိမ်တော်ရာဘုရား မြောက်စောင်းတန်း ထိပ် အရုဏ်ခံဇရပ်မှာ အခြေခံဥပဒေ(ဒုတိယမူကြမ်း) ရှင်းလင်းတော့ ကျွန်တော်က စိတ်ဝင်စားလို့ အစ်ကိုများနှင့် လိုက်သွားသည်။ အစည်းအဝေးမစတင်မီ အစည်းအဝေးတက်သည့် ဒေါင်းရိုးထဲက အမျိုးသမီးတစ်ဦးက ကျွန်တော့်ကို သူက ၁၈နှစ်ပြည့်ပြီလားဟု မေးသည့်အကြောင်း မှတ်မိပါရဲ့လား၊ ထိုအမျိုးသမီးက ထားထား၏ အစ်မ မနွဲ့ဖြစ်သည်။ မနွဲ့နှင့် ထားထားတို့ညီအစ်မက ညနေစောင်း သူတို့အိမ်ရှေ့မှာ ထိုင်နေကြတိုင်း ကျွန်တော်နှင့် ကိုမောင်ဒွေးက ရှေ့က ဖြတ်ကာ ကျွန်တော့် အမူအရာက ထားထားကို ကွက်ကြည့် ကွက်ကြည့် ဖြစ်နေတာ အပျိုကြီး မနွဲ့ ရိပ်မိပုံရသည်။ သို့သော် မသေချာလို့ ထားထားကို မေးမှာမဟုတ်။
ဒါပေမယ့် မိန်းခလေးတို့ ထုံစံအတိုင်း ကျွန်တော်တို့ ၂ယောက် အကြောင်းတော့ ပြောကြလိမ့်မည်။ ကျွန်တော်တို့ ၂ောက်က ပြောလည်း ပြောစရာ။ ကိုမောင်ဒွေးက အရပ်အတော်ရှည်သည်။ ကျွန်တော်က အရပ်အတော် ပုသည်။ ၂ယောက်ကလည်းတတွဲတွဲ၊ ကျွန်တော်က ကိုမောင်ဒွေးနှင့် မတွဲဖြစ်လျှင်လည်း ကိုမန်းမောင်နှင့် တွဲလာသည်။ ကျွန်တော်က ပင်တိုင်ပေါ့။ ကိုမန်းမောင်ကလည်း အလားတူ အရပ်ရှည်တာပဲ။ သည်တော့ သူတို့ညီအစ်မက ကျွန်တော်တို့ကိုမြင်တိုင်း ထန်းပင်နှင့် ခြုံပုတ်လို့ ပြောသတဲ့။ ထန်းပင်နှင့်ခြုံပုတ်တွင် ကျွန်တော်က ခြုံပုတ်ပေါ့။ သူတို့ညီအစ်မ၏ ဘာသာရပ်တွင် ခြုံပုတ်ဟုဆိုလျှင် ကျွန်တော်ဟု ပြောစရာမလို သိပြီးဖြစ်သည်။
မနွဲ့က ကျွန်တော့်ကို ကိုမောင်ဒွေးတို့ ကိုမန်းမောင်တို့နှင့် တတွဲတွဲ လမ်းပေါ်မှာတင်မဟုတ်၊ အခြေခံဥပဒေ ရှင်းလင်းပွဲလိုတွေ၊ ဟိုအစည်းအဝေး သည်အစည်းအဝေးတေ၊ွ လမ်းလျှောက်ပွဲတွေ စပ်စပ်စပ်စပ် ပါနေတော့ သူတို့နှင့် ရွယ်တူဟုထင်ကာ အသက်ကြီးပုလေးဟု ထင်မှတ်နေသတဲ့။ ဒါကြောင့် အိမ်တော်ရာထဲက အစည်းအဝေးကျ မနေနိုင်လို့ မေးလိုက်တာတဲ့။ အစ်ကိုဝမ်းကွဲ ကိုမောင်ဒွေးကို လက်တို့ပြီး “ ဒါနဲ့ နေပါဦး၊ သူက ဒီလိုက်လာတာ ၁၈နှစ် ပြည့်ပြီးလို့ပေါ့နော်” ဟု ကျွန်တော့်ကို ရည်ညွှန်းကာ ဗြုန်းစားကြီး ပြောလိုက်တော့ ကိုမောင်ဒွေးမဖြေမီမှာပင် ကျွန်တော်က “ ကျွန်တော်က ၁၈နှစ် မရှိသေးပါဘူးဗျ၊ အခုမှ ၁၄နှစ်ကျော် ၁၅နှစ်ထဲ ရှိသေးတာ၊ ၈တန်းအောင်ပြီး ၉တန်းတက်ရမှာ” ဟု အမြန် ဖြေလိုက်သည်။ ကိုမောင်ဒွေးက “သူက ဒို့တတွေ ဘယ်သွားသွား လိုက်နေကျလေ၊ ဒါကြောင့် လိုက်လာတာပါ၊ ၁၈နှစ် မပြည့်သေးပါဘူး၊ ကလေးရှိသေးတာပါ” ဟု ဖြေလိုက်သည်။ ထိုအခါ မနွဲ့က “ သြော်.. ကလေးရှိသေးတာကိုး” တဲ့။
အဲ့လို ပြောလိုက်တော့ ကျွန်တော့်မှာ ထွက်ပြေးချင်လောက်အောင် မျက်နှာပူသွားသည်။ ခေါင်းလည်း မဖော်ရဲခဲ့ပေ။ ထားထားနှင့် မနွဲ့ညီအစ်မ ကျွန်တော်တို့ကို ထန်းပင်နှင့် ခြုံပုတ်ဟု ခေါ်တာတွေ၊ ကျွန်တော့်ကို အသက်ကြီးပုဟု ထင်တာတွေကို မနွဲ့နှင့် ကျောင်းတက်ဖက် မမခင်စိန်ပြောပြမှ သိရသည်။ ဒါကလည်း ထားထားဆီက ကျွန်တော့် စာရွက်လေးကို ပြန်ပေးပြီး နောက်ရက် မမခင်စိန်က နင့်စာရင်းစာရွက်လေး ဟုတ်ရဲ့လားဟု မေးရာမှ စကားစပ်မိခြင်း ဖြစ်သည်။ ကဲ ဒီနောက် အိမ်တော်ရာ အစည်းအဝေးထဲမှာ မနွဲ့က ““ သြော်.. ကလေးရှိသေးတာကိုး” ဟူသော မှတ်ချက်နှင့် ဆက်စပ်မိပြီး ထားထားအပေါ် ဆင်နွဲသည့် ကျွန်တော့်မစ်ရှင်က အောင်မြင်စွာ ဆုတ်ခွာကာ ဖိုင်ပိတ်လိုက်ပေါ့။
လူရာဝင်မယ့် အလုပ်သင်
—————————–
ဒီနေရာတွင် ကျွန်တော် ကနဦးအစ ပြောခဲ့သလို လူပျိုပေါက်အရွယ် ၉တန်းကျောင်းသားက သူ့အရွယ်နှင့် လိုက်ဖက်စွာ နှလုံးသားနိုးထလာခြင်းဟု ကဗျာဆန်ဆန်ပြောရမလို ကြီးကောင်ငင်စ ရှောင်လွဲမရသည့် လူကြီးအလုပ်တွေ ကိုလည်း စတင်ထိတွေ့လာရပါပြီ။ ထိုအလုပ်ကား အသုဘ စောင့်ခြင်း ဖြစ်ပါ၏။ ဟုတ်ပါသည်။ ထိုစဉ်ကာလမှာပင် ဆွေမျိုးအသိုင်းအဝန်းထဲမှာ နာရေးကိစ္စတွေ ကြုံရသည်။ ဒေါင်းရိုးထဲ အရှေ့အိမ်က ကြီးဒေါ်ခန့် ဆုံးသည်၊ ဝင်းထဲက ဒေါ်ကြီး ဒေါ်လှရှင်း ဆုံးသည်။ ဝင်းထဲကပဲ ဒေါ်အောင်မေ ၏ မိခင် ဆုံးသည်။ ထိုသို့ နာရေးရှိလျှင် အရပ်ထဲက ဒေါ်ငွေစိန်ချက်ချင်းရောက်လာသည်။ ရုပ်ကလပ်ကို သန့်စင်ခြင်း ပြင်ဆင်ခြင်း ကိစ္စတွေ လုပ်ကိုင်ပေးသည်။
လူကြီးတွေက ယာယီမဏ္ဍပ်လိုအပ်လျှင်ထိုးဖို့ ယာယီကားငှားဖို့ နှင့် သစ်ဆိုင်တွင် ယာယီပျဉ်ပုပ်ကို လျှောက်လျွှာတင် ဝယ်ယူကာ ခေါင်းတလားစပ်မည့် ကိစ္စများကို စီစဉ်သည်။ ထိုကိစ္စများအတွက်လည်း ဆောင်ရွက်နေကျ လူကြီးများက ဆောင်ရွက်ကြသည်။ သို့သော် ပင်တိုင်ဆောင်ရွက်သည့် လူကြီးများက နာရေးရှင်နှင့် နီးစပ်သည့် သို့မဟုတ် အိမ်ချင်းနီးသည့် လူငယ်လေးတွေကို သူတို့အလုပ်ကို လက်ဆင့်ကမ်းရန် အလုပ်သင်အဖြစ် လိုက်ပါစေသည်။ ဒါမှ အရပ်ထဲမှာ သာရေးနာရေးရှိလျှင် အဆက်ဆက် လက်ဆင့်ကမ်း ဆောင်ရွက်နိုင်ဖို့ ဖြစ်သည်။
ထိုမျိုးဆက်တွင် ကျွန်တော် စတင်ပါဝင်ခွင့် ရပါပြီ။ အစောဆုံး ဈေးချို လင်းရောင်ခြည်ဈေးတန်း အနောက်ဘက် ရွှေတချောင်းမြောင်းဘောင်ပေါ်ရှိ နာရေးနှင့် ပတ်သက်သည့် ပစ္စည်းတွေ ဝယ်ယူရာသို့ လိုက်ရသည်။ ထိုဆိုင်တွေမှ ရေအိုး၊ မြေချရန် ကြိုး၊ စလောင်းဖုံး၊ ရေတကောင်း စသည့်ပစ္စည်းများ ဝယ်ရသည်။ ထိုနေရာတွင် သတိထားရမည်က ဈေးသည်က ပြောသည့် ပစ္စည်းဈေးကို ဈေးမဆစ်ရခြင်း ဖြစ်သည်။ ဈျေးချိုက ပြီးလျှင် အိမ်တော်ရာ မြောက်ပေါက်ဝင်းထဲက အေးရီ ယပ်တောင်လုပ်ငန်းသို့ ဝင်ရမည်။ အေးရီမှာ နာရေးတွင် ကမ်းဖို့ အသင့်လုပ်ပြီး ယပ်တောင်များ ဝယ်ရသည်။ ထိုယပ်တောင်များက ဈျေးအချိုဆုံး ဖြစ်၏။
အဘယ့်ကြောင့်ဆိုသော် နာရေးရှင်က ဝတ္တရားအရ ဝေရသော်လည်း မြန်မာအများစုက နာရေးက ကမ်းသောပစ္စည်း အိမ်ထဲမယူရဟု အယူသည်းကြတော့ သုဿန်မှာပင် စွန့်ပစ်ခဲ့ကြလို့ ဖြစ်သည်။ ထိုယပ်တောင်များမှာ မင်းကွန်းဆရာတော်ကြီး၏ သံဝေဂ လင်္ကာဖြစ်သော
ရုပ်နာမ် ဓမ္မ ၊ သင်္ခါရတို့၊ ကိုယ်က ဤပုံ၊ ဖြစ်လိုတုံလည်း၊ တဖုံဆင်နွဲ သူတနဲဖြင့်၊
ဖောက်လွှဲတတ်စွာ၊ ဓမ္မတာကို၊ပညာစက္ခု မျှော်ထောက်ရှု၍။
ယခုပင်လျှင် မအိုခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။
ယခုပင်လျှင် မနာခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။
ယခုပင်လျှင် မသေခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။
ရတုချိန်ထောက်၊ ဤခါရောက်မှ၊ ချုပ်ပျောက်ခန္ဓာ၊ သေပိမ့်ငါဟု၊
သတ္တဝါခပင်း၊ ရှင်သေမင်းနှင့် မိတ်သင်းဖွဲ့လျက် ချိန်းအချက်လျှင် တစက်ကမှ မရှိကြဘူး။
အပ္ပမာဒေန ဘိက္ခေဝ သမ္ပာဒေထ
ဘုရားစကား၊ လိုက်နာပွားသည်။ တရား လက်မလွတ်စေနှင့်။
ဟူသော စာသားကို ရိုက်နှိပ်ထားသည်။ အေးရီ ယပ်တောင်တိုက်တွင် နာရေးကမ်းမည့် ယပ်တောင်သာမက သရဏဂုံတင်မည့် သံဃာများကို အလှူငွေဆက်ကပ်မည့် အလတ်စား ယပ်တောင်များလည်း မမေ့မလျော့ ဝယ်ယူရသည်။ ဥပမာ သရဏဂုံတင်ရန် ပင့်သံဃာ ၁၀ပါးဆိုလျှင် ၁၀ချောင်း၊ အပါး၂၀ ဆိုလျှင် အချောင်း ၂၀၊ သက်စေ့ဆိုလျှင် ကွယ်လွန်သူ အသက်ထက် ၁ချောင်းပိုဝယ်ရသည်။ ထိုယပ်တောင်များပေါ်တွင် သံဃာတစ်ပါးစွအား လှူမည့် ဝတ္ထုငွေ ငွေစက္ကူကို က်ရမည်။ ထို့နောက် ကြိုးဖြင့် သီကာ ယာယီကားအပေါ်တန်းတွင် ချိတ်ဆွဲရသည်။
ဘူးလည်သီးခတ် ချည်တတ်မှ
———————————-
အေးရီထံက ယပ်တောင် ဝယ်ပြီးလျှင် ပွဲကုန်းသစ်ဆိုင်က သေစာရင်းနှင့် လျှောက်လွှာ ထောက်ခံစာတင်ပြီး ပျဉ်ပုပ်ဝယ်ရသည်။ ပျဉ်ပုပ်ဆိုသည်က ယာယီအခေါင်းစပ်ရန် အပွစား ပျဉ်များဖြစ်ပါ၏။ ထိုလုပ်ငန်းအစုစုအတွက် မြင်းလှည်းတစ်စီးနှင့် သွားကာ ပစ္စည်းများကို နာရေးအိမ်သို့ သယ်သည်။ အိမ်ရောက်တော့ ဈေးချိုက ဝယ်ခဲ့သည့် ပစ္စည်းများအား ဒေါ်ငွေစိန်လက်အပ်ကာ လူကြီးများက ခေါင်းစပ်ဖို့ စီစဉ်ကြတော့သည်။ ဒီဘက်ခြမ်းက လုပ်စရာရှိသည်ကို လုပ်နေကျလူက လုပ်နေသလို တဘက်က နာရေးယာယီကားငှားဖို့ ဘုန်းကြီးပင့်ဖို့ ပို့ဆောင်မည့် ပရိသတ်အတွက် မြင်းလှည်း (သို့မဟုတ်) ဘတ်စကားငှားဖို့ စသည့် အလုပ်များအတွက်လည်း လုပ်နေကျသူက တပြိုင်နက် လုပ်နေပါ၏။ သို့သော် ထိုအလုပ်က ဝါရင့်ဆရာကြီးများ အလုပ်ဖြစ်သည်။ သူတို့ အလုပ်သင်ကို ကျွန်တော်အလုပ်သင် နေသည့် ပစ္စည်းဝယ် ယပ်တောင်ဝယ် ပျဉ်ပုပ်ထုတ် အလုပ်က ဝါရင့်မှ ခေါ်သည်။ အဘယ်ကြောင့် ဆိုသော် ထိုအလုပ်က ငွေရေးကြေးရေး ကိုင်တွယ်ရသလို အဆက်အသွယ် အပေါင်းအသင်းလိုသည်။ သံဃာပင့်ရာတွင်လည်း သွားရေးလာရေး အကြိုအပို့ တွက်ဆရသည်။
အလုပ်သင်အဖြစ် ကျွန်တော် စတင်လုပ်ကိုင်ရသည်က ယပ်တောင်များအပေါ် လှူဒါန်းငွေစက္ကူကို အပ်ချည်နှင့် မြဲအောင် သီရသည်။ (နောက်တော့ စတက်ပလာလေးဆောင်ထားပြီး ညှပ်လိုက်တော့ အဆင်ပြေသည်)။ ယပ်တောင်များအပေါ် ငွေစက္ကူကပ်ပြီးလျှင် ယာယီကား အမိုးစွန်းအတိုင်း ပတ်လည်ချိတ်ဆွဲရန် သင့်တင့်သည့် ကြိုးအရှည်ဖြင့် ယပ်တောင်များလည်း သံဃာအပါးရေအတိုင်း အစိတ်အကျဲညီရန် သီရသည်။ ဒီနေရာမှာ ပညာပါသွား ပါ၏။ ပထမဦးဆုံး အတွေ့အကြုံမရှိဘဲ ကြိုးသီစဉ်က ယာယီကားလာသည်နှင့် အရိုးတွင် ကြိုးသီထားသော ယပ်တောင် တန်းကြီးကို ပွေ့ကာ ယာယီကား အမိုးစွန်းတွင် ချိတ်ဆွဲစဉ်မှာပင် ကြိုးကပြေကာ ယပ်တောင်များ ကျကုန်သည်။
ထိုအခါ လူကြီးတွေက တော်သေးတယ်ကွာ ကားထွက်မှ ပြေရင် လမ်းဘေး ယပ်တောင် တချောင်းစီ လိုက် ကောက်ရမှာ၊ ယာယီကားက ထွက်ပြီးရင် ရပ်လို့ မရဘူးကွ။ ပြစမ်း မင်းက ဘယ်လိုချည်ထားတာလဲ ဟု ဆိုကာ ယူကြည့်ပြီး ဟာ မင်းက ရိုးရိုးချည်ထားတာကိုး၊ အဲ့လိုမချည်ရဘူးကွ။ ဘူးလည်ခတ် ချည်ရတယ် ဟု သင်ပေးသည်။ ကြိုး ကို လက်၂ဖက်နှင့် ယူပြီး ဘူးလည်သီးခတ် ကောက်ခါ ကွင်းလေးထဲ ယပ်တောင်ရိုး ထည့်ပြီး ဆွဲလိုက်တာနှင့် မြဲသွား၏။ ဘယ်လောက် လှုပ်လှုပ် ရမ်းရမ်း မပြုတ်တော့။ ဒါကတော့ သူတို့က ဆရာကြီးတွေပေါ့။ ကျွန်တော်က ဆရာပြန်လုပ် ရသည့် အလုပ်လည်းရှိပါ၏။ ယာယီခေါင်းစပ်အပြီး ဆေးဆိုးစက္ကူရောင်စုံနှင့် ခေါင်းကို အလှဆင်ခြင်း ဖြစ်ပါ၏။
“ဖွဟဲ့ ရွှေအိမ် ငွေအိမ်’
—————————–
အမေက အမင်္ဂလာအကြောင်း ပြောတော့မယ်ဆိုရင် “ဖွဟဲ့ ရွှေအိမ် ငွေအိမ်” ဟု အမြဲရွတ်သည်။ ကျွန်တော်လည်း ဘေးမှာ အမေအမြဲရှိနေသည်ဟု မှတ်ယူထားသောကြောင့် သည်အကြောင်းအရာကို ဆက်ပြောမှာမို့ အမေ့လိုပဲ ရွတ်လိုက်ရပါသည်။ နာရေးတွင် အကယ်၍ အသုဘရှု လာမည့်သူများ နားနေရန် ကနဖျဉ်း မဏ္ဍပ် ထိုးသောအခါ မဏ္ဍပ်လုပ်ငန်းများထံက ငှားရမ်းကြရသည်။ ထိုသို့ နာရေးအတွက် ကနဖျဉ်းမဏ္ဍပ်ကို ဝါးလုံးတိုင် ဝါးလုံးတန်းပစ်ကာ အပေါ်က မိုးနေကျ နှီးဖျုကြမ်းကို မိုးပြီး မဏ္ဍပ်၏ နဖူးစည်းအား တစ်ကိုက်ခန့် အနံရှိသည့် ပိတ်ဖြူစကို မျက်နှာစာ သုံးဘက်တွင် ပတ်ထားသည်။ ထို့ကြောင့် ပိတ်ဖြူ ပတ်ထားသည့် မဏ္ဍပ်တွေ့လျှင် ထိုအိမ်ကနာရေးရှိသည်ဟု သိသာစေ၏။ မန္တလေးက မင်းနေပြည်ဖြစ်ခဲ့သောကြောင့် မင်းမျိုးမင်းနွယ်တို့၏ မသာတော်များတွင် ပိတ်ဖြူဖြင့်သာ ဆင်ယင်ကြသည့် အစဉ်အလာ ဖြစ်ပုံ ရပါ၏။ များသောအားဖြင့် နာရေးအတွက် မဏ္ဍပ်ကနဖျဉ်းကို မဏ္ဍပ်လုပ်ငန်းများက အဖိုးအခ ယူလေ့ မရှိခဲ့ကြပေ။
ထို့ပြင် နာရေးအတွက် ဖိတ်စာကိုလည်း စာပုံနှိပ်စက်များက မေတ္တာဖြင့် အချိန်မီ ရိုက်နှိပ်ပေးသည့် အစဉ်အလာလည်း ရှိသည်။ ထို့ပြင် ထိုစဉ်က နာရေးအတွက် ရုပ်ကလာပ်ပြင်ဆင်သည့် ဧခုတင်ကိုလည်း ဘုန်းကြီး ကျောင်းများက သီးသန့်ထားရှိသည်။ မှတ်မှတ်ရရ ဦးပဏ္ဏဝံကျောင်းနေစဉ် ပွဲစားကျောင်း အောက်ထပ် အရှေ့ဘက် အခန်းမှာ ဧခုတင် တစ်လုံးရှိသည်။ ထိုခုတင်က ကျွန်တော်တို့ တတိယတန်းအခန်း ခြေရင်းမှာရှိသည်။ ကျွန်တော်တို့က ကျောင်းမတက်သေးလျှင် ထိုခုတင်ပေါ် တက်ဆော့ကြ၏။ အထူးသဖြင့် ကျွန်တော်က ထိုခုတင်ပေါ် တက်အိပ်လေ့ရှိသည်။ တစ်ရက်တင် ထိုခုတင်ပေါ် တက်အိပ်တော့ ဆေးရုံများတွင် သုံးသည့် ဒက်တောဆေးနံ့က ထောင်းထောင်းထနေ၏။ တကယ်တော့ ထိုဧခုတင်သည် ရပ်ကွက်အတွင်း နာရေးများရှိလျှင် လာရောက် ယူဆောင်ကာ အသုံးပြုသည့် ခုတင်ဖြစ်နေသည်။ နာရေးက ယူသုံးပြီးနောက် ဒက်တောဆေးဖြင့် သန်ရှင်းပြီးမှ ပြန်ပို့ထားပုံ ရပါသည်။
အစိုးရသစ်ဆိုင်က ထောက်ခံစာ ပါမစ်နှင့် ထုတ်ယူသော ပျဉ်ပုပ်များ ကို နာရေး အိမ်ဘေး ကွက်လပ်တွင် တိုင်းထွာ ဖြတ်တောက်ပြီး ခေါင်းစပ်ကြသည်။ ဒီလုပ်ငန်းကလည်း လက်သမားလုပ်ငန်း အတန်အသင့် ကျွမ်းကျင်ရမည်။ ထို့ကြောင့် သည်နေရာမှာလည်း ကျွမ်းကျင်နှင့် ပညာသင်များရှိပါ၏။ ခေါင်းစပ်ပြီးသောအခါ ဈေးချို ဒီရုံထဲက ဈယ်ထားသော ဆေးဆိုး စက္ကူများဖြင့် ခေါင်း၏ အပြင်ဘက်မျက်နှာစာကို ကပ်သည်။ အများဆုံး အဝါရောင်ပဲ သုံးသည်။ ထိုကပ်ထားသော စက္ကူပေါ်မှာ ပုံမှန် ဆင်ကြတာက အစိမ်းရောင်(သို့မဟုတ်) ခရမ်းရောင် စက္ကူဖြင့် အခန်းဖွဲ့ စတုရန်းအကွက်များ ဖြစ်သည်။ ထိုလေးထောင့်ကွက် အလယ်မှာ ထိုအရောင်ဖြင့်ပင် ပွင့်ဖတ်၅ဖတ်နှင့် ပန်းပုံလေး ဖော်၍ ကပ်ကြခြင်းဖြစ်သည်။
ကနုတ်ထောင့်ပန်း ပြာခရမ်းနှင့်
———————————
အခု ထိုလုပ်ငန်းခွင်တွင် ကျွန်တော် အလုပ်သင်ဝင်တော့ စတုရန်းကွက်အလယ်မှာ ကနုတ်ပန်းဒီဇိုင်းသာမက စတုရန်း၏ ထောင့်များတွင်လည်း ကနုတ်ထောင့် ပန်းများ ဖော်၍ ကပ်ပေးတော့ ကျွမ်းကျင်ဆရာများ အံ့သြသွားကြသည်။ “ဟ မင်းက နိပ်ပါလား” ဟု အသိအမှတ်ပြုကြ၏။ ကျွန်တော်က စက္ကူကို လိုချင်သည့် အရွယ်နှင့် ပွင့်ဖတ် အရေအတွက်အတိုင်း ခေါက်၍ ကပ်ကြေးဖြင့် ညှပ်ကာ ပုံဖော်တော့ ကနုတ်ထောင့်ပန်းတွေက ညီညီညာညာ ပုံစံတူရသည်။ ထိုထောင့်ပန်း ၄ခုကို စုလိုက်တော့ ပန်းပွင့်ကနုတ်ရကာ စတုရန်းအလယ်မှာ ထည့်လိုက်သည်။
တကယ်တော့ ဒီလိုလုပ်လို့ ရသည်ဆိုတာကို တစ်နှစ်တင် ရွာပြန်တော့ ကျောင်းမဟုခေါ်သည့် ဦးဇင်းမှိုင်းကျောင်း အောက်မှာ တောင်ရပ်က ကိုဌေးတို့ ဘုန်းကြီးပျံ လိုက်ပြာသာဒ် ဆင်နေကြသည်။ ရွာ၏ မြောက်ဘက် အင်းတဲရွာတွင် ဘုန်းကြီးပျံရှိတော့ ဦးဇင်းမှိုင်းက ကျောင်းမအနေနှင့် လိုက်ပြာသာဒ် တစ်လုံးတာဝန်ယူထား၍ ကိုဌေးက ဆင်နေခြင်း ဖြစ်သည်။ ကိုဌေးက သည်လို စပ်ပန်းချီသာမက ပန်းပု ပန်းချီ ပန်းရံ ပန်းတော့ပါရသည်။ ကိုယ်လက် မသန်၍သာ ပန်းတမော့ကို မလုပ်နိုင်တာ။ တကယ်တော့ ကိုဌေးက ဒီအလုပ်တွေ ဝါသနာပါလွန်းတော့ ရွာသို့ ဘုရားပြင် ကျောင်းဆောက် လာကြသည့် ဆရာများ လုပ်ကိုင်သည်ကို ကြည့်ရင်း တတ်ကျွမ်းလာသည်။ အခု ရွာ ဘုရားများ တည်တာ ပြင်ဆင်တာတွေ ကိုဌေးလက်ရာများချည်း ဖြစ်နေသည်။ ကျောင်းမအရှေ့ဘက် မာန်အောင်သရဖူ ဘုရားကြီးကို ဦးကြီးလှတင် ပြင်ဆင်ကုသိုလ်ယူတော့ ထောင့်ခြင်္သေ့တွေ လက်ရာက ကိုဌေးဖြစ်သည်။ ထိုသို့ ကျောင်းမအောက်မှာ ကိုဌေးက လိုက်ပြာသာဒ် ဆင်နေသောအခါ ကနုတ် ပန်းဆွဲ ထောင့်ပန်း မုခ်ပန်းများအတွက် စက္ကူကို ချိုးခေါက်ပြီး ကပ်ကြေးဖြင့် ညှက်၍ ပုံဖော်သည်ကို ကျွန်တော် မှတ်သားထားလို့ ဖြစ်သည်။
ထိုစဉ်နာရေးများက ၃ရက်လောက် ထားကြ၏။ ရုပ်ကလာပ်ကို အထားခံဖို့ ရင်ခွဲရုံက ဝန်ထမ်းများကို ခေါ်ပြီး အခကြေးငွေပေးကာ ဆေးထိုးကြ ဆေးသွင်းကြသည်။ ထို့နောက် ရိုးရာ ထုံးစံ ကျောက်ဖရုံသီးများကို နာရေးခုတင်အောက် ထားကြသည်။ များသောအားဖြင့် အဆင်ပြေသော်လည်း အခန့်မသင့်လို့ အနံ့အသက်မကောင်းပါက ခေါင်းထဲ ဖွဲပြာ မီးသွေးများ ခံကာ ရုပ်ကလာပ်ကို ထည့်ပြီး ခေါင်းအပြည့် ဖွဲပြာများထည့်၍ အခေါင်းကို ပိတ်လိုက်သည်။ နာရေး မချသေးသည့် ညများမှာတော့ အသုဘအစောင့်ဟူသော အခွင့်အရေးဖြင့် ဖဲကစားကြတာ ဆူညံနေလို့ လူကြီးတွေက တားကြရသည်။ ဖဲဝိုင်းတွေက မိုးအလင်းကစားကြသည်။ သည်တွင် အချို့နာရေးများက စီးပွားဖြစ်ဖဲသမားများ၏ ဖဲဝိုင်းများဖွင့်၍ပါ မသာစရိတ်မက အမြတ်ရအောင် ကြံကြ၏။
ကျွန်တော်တို့ သားချင်း နာရေးများမှာတော့ ထိုသို့မဟုတ် ညရောက်လျှင် တစိမ်းပင်မပါ။ ကိုယ့် အမျိုးများချည်း ဖြစ်သည်။ စီးပွားဖြစ်လည်း မဟုတ်ကြ။ တကယ်တော့ ကျွန်တော်က ဖဲကို လုံဝမကစားတတ်ပါ။ ကစား လည်း မကစားဖူးပါ။ ဝါသနာလည်း မပါပါ။ သို့သော် ထိုသို့ နာရေးဖဲဝိုင်းသာမက စစ်ကိုင်းတောင်က ကထိန် ဖဲဝိုင်းများ ဆိုလျှင်လည်း ကျွန်တော့်မှာ ဝဋ်ကြီးလှသည်။ ထိုဝဋ်မှာ ဖဲဝိုင်းမသိမ်းမချင်း မအိပ်ဘဲ ဝိုင်းဘေးမှာ ငုတ်တုတ်ထိုင်နေခြင်း ဖြစ်ပါ၏။ အထူးသဖြင့် နာရေးဖဲဝိုင်းဆိုလျှင် လုံးဝ မအိပ်ဖြစ်။ အဘယ်ကြောင့်ဆိုသော် အိပ်ရမှာ အားနာသောကြောင့် ဖြစ်သည်။ ကဲ ဝါသနာလည်းမပါ၊ ဝင်လည်းမကစားဘဲ ဖဲဝိုင်းဘေး အလင်းပေါက် ငုတ်တုတ်ထိုင်ခဲ့ခြင်း ဖြစ်သည်။
မြင်းလှည်းဘယ်နှစီး ငှားထားလဲ
———————————–
နာရေး ပို့ဆောင်မည့်နေ့ရောက်လျှင် အများအားဖြင့် မွန်းတည့် ၁၂နာရီနှင့် မွန်းလွဲ ၃နာရီ အချိန်များ ဖြစ်ပါ၏။ ချမည့် အချိန်မတိုင်မီ နာရီသုံးမတ်(၄၅မိနစ်) လောက်ကတည်းက ပို့ဆောင်မည့်သူများ တဘက်လေးတွေ ခေါင်းပေါ် တင်ကာ ရောက်လာကြပြီ။ ထိုစဉ်က နာရေးဆိုလျှင် အလုပ်အကိုင် ဖျက်၍ပင် တကူးတက လိုက်ပို့ကြ၏။ လိုက်ပို့မည့် သူမျာအတွက် မြင်းလှည်းတန်းကြီးလည်း ရောက်နေပြီ။ (ထိုစဉ်က ကျွန်တော်တို့ ရပ်ကွက်၏ နာရေးများတွင် မြင်းလှည်းများဖြင့် လိုက်ပို့ကြတာများသည်။ အဘယ်ကြောင့် ဆိုသော် မြင်းယာဉ်အသင်း ဥက္ကဋ္ဌ က အရပ်ထဲက ကိုထွန်းရင်မို့ သူ့မျက်နှာဖြင့် မြင်းလှည်းများက ကူကြသလို၊ အခကြေးငွေ ယူပါကလည်း ကိုထွန်းရင် ဖြတ်သည့် ဈေးဖြင့်သာ နာရေးရှင်က ပေးချေရလို့ နှစ်ဦးနှစ်ဘက် အဆင်ပြေသည်)။
အချို့သော တတ်နိုင်သည့် နာရေးများက ရှေ့တွင် သံဝေဂတရားများ ဓမ္မစြက်ာတရားများ ရွတ်ဖတ်သည့် အသံချဲ့စက် ငှားရမ်းကြသည်။ ထို အသံချဲ့စက်က မြမန်းဘက်ထရီတဲ့။ သူက ဂျစ်ကားလေးပေါ် အသံချဲ့စက် တင်ကာ တရားဓာတ်ပြား ဖွင့်သည်။ မြမန်းဘက်ထရီက ၈၄လမ်း ရွာဟိုင်းဈေး အနီးက ဟု မှတ်မိနေ၏။ “အနိစ္စရယ်မှ ဒုက္ခာ” ဟူသော မြမန်းဘက်ထရီသံ ကြားရလျှင် နာရေးချလာခြင်း ဖြစ်သည်။ နာရေးချမည့် အချိန်နှင့် မိနစ်အနည်းငယ် အကွာမှာ အချိန်အတိအကျပင် ယာယီကား ခေါ် အသုဘ ကားရောက်လာသည်။
ထိုကားက သွားငှာစဉ်ကပင် နာရေးအိမ် အဝင်အထွက် လမ်းတွေ မေးထားသည်။ သူတို့ ကိုယ်တိုင်ကလည်း မန္တလေး ရပ်ကွက်များ၏ အဝင်အထွက် လမ်းများ ကျွမ်းကျင်သည်။ နာရေးချဆောင်မည့် လမ်းကို ကားဝင်ကတည်းက ဦးတည်ထားနိုင်ဖို့ အဝင်လမ်းကြောင်း ရွေးထားကြသည်။ သို့မဟုတ်ပါက နာရေးမဏ္ဍပ်ရှေ့ရောက်မှ ကားခေါင်းလှည့်ဖို့ သူများအိမ်ရှေ့သွားပြီး ကားကွေ့လို့ အဆင်မပြေပေ။ တကယ်တော့ ထိုအယူအဆများက ခေတ်မမီဟု ပြောဖို့က ထိုစင်္သကာလတွင် အလွန်စောနေပါသေး၏။ နာရေးအိမ်က အရှေ့မတက်ရ၊ တောင်က မထွက်ရ ဆိုတာတွေလည်း အယူသည်းကြသည်။
ထိုစဉ်က အသုဘကားများက မော်ဒယ်နိမ့် ကားကို မဏ္ဍပ်ထည် ဆင်ထားခြင်း ဖြစ်သည်။ မဏ္ဍပ်ထည်ကိုလည်း အသေမဟုတ်ဘဲ ယာယီဆင်ထားသည်။ နောက်ပိုင်းရောက်မှ စပ်ပန်းချီ မဏ္ဍပ်ထည် အစား သွပ်ပန်း အသားပန်းများ ဖြင့် အသေ ဆင်လာကြသည်။ ကိုချစ်လှ တဲ့။ ကိုအေးမောင် တဲ့။ ကိုဘဧ တဲ့။ အသုဘ ကားထောင်သူ၏ နာမည်ကိုလည်း ကားထိပ်မှာ ပန်းချီစာလုံးဖြင့် ရေးထား၏။ အချို့ကားက နောက်က အလောင်းတင်သည့် ပန်းရထားကို ရှေ့က ဆွဲ၍ ကောင်းကင်သို့တက်ဟန် မြင်းဖြူရုပ်ပင် ကားခေါင်း အမိုးပေါ်တွင် ထည့်ထားသေးသည်။ တချို့ကားက ရှေ့မှာ သူငယ်တော်ရုပ်လေးတွေ တစ်ဖက်တစ်ချက် ထည့်ထားသည်။
သူတို့ကို ငှားရမ်းဖို့က အာဠဝီစီလမ်း အနောက်ဖျား ရွာကြီးရပ်မှာ၊ ပေါင်းလဲတိုက်နား ဥပုသ်တော်ကုန်းမှာ၊ ဘုရားနီဘုရားအနီးမှာ စသည်ဖြင့် သိထားကြတော့ နာရေးပေါ်လျှင် ရပ်ကွက်ထဲရှိ ငှားနေကျသူကို အကူအညီ တောင်းလိုက်ရုံဖြင့် အချိန် အဝင်အထွက်နေရာ ဈေးနှုန်းကအစ အဆင်ပြေ ကြသည်။ ဒေါ်ဒေါ်လူထုဒေါ်အမာ၏ ဗမာသံတွေ ပျောက်ကုန်ပြီ ဟူသော စာတမ်းတွင် ရှေးက မသာတော် များနှင့် အသုဘများတွင် တီးသည့် ဗျိုင်းတောင် အဖွဲ့တွေက နောက်ပိုင်းတွင် အသုဘများ၌ ဗျိုင်းတောင်တီး ဓလေ့ ကွယ်သွားသော အခါ အသုဘကား ထောင်စားကြသည်ဟု ရေးသားဖူးပါသည်။
ကျွန်တော်တို့ ရပ်ကွက်က နာရေးဆိုလျှင် ရဟိုင်းသုသာန်သို့ပဲ ပို့ဆောင်ကြသည်။ ထိုစဉ်က မြေမြှုတ် သင်္ဂြိုဟ်ခြင်းပဲ ဆောင်ရွက်ကြသည်။ ဘုန်းကြီးပျံနှင့် တချို့သူများသာ ထင်းမီးနှင့် သင်္ဂြိုဟ်ကြသည်။ ထိုစဉ်က မန္တလေးတွင် ရွာဟိုင်းသုဿန်၊ ဆင်ဖြူကန်သုသာန်၊ တံတားကျိုးသုသာန်၊ အုတ်စက်သုသာန်၊ ဦးကောသုသာန်၊ ခံကုန်းသုသာန် စသည်ဖြင့်ရှိသည်။ ထို့ပြင် ဥသျစ်ကုန်းမွတ်စလင် သုသာန်၊ ရဟိုင်း မွတ်စလင် သုသာန်၊ ဆင်ဖြူကန် မွတ်စလင်သုသာန်၊ အေလမ်း ခရစ်စယန်သုသာန်၊ အေလမ်း တရုတ်သုသာန်၊ တမ္ပဝတီ တရုတ်သုသာန်၊ ပတ္တာ တရုတ်သုသာန်၊ စီလမ်းနှင့် အေလမ်းရှိ ဆွေတော်မျိုးတော် သုသာန်များ စသည်ဖြင့် ရှိရာ ရဟိုင်းသုသာန်က အကြီးဆုံးသော ရှေးဟောင်း သုသာန်ကြီး ဖြစ်သည်။
ရဟိုင်းသုသာန်၏ မြေနေရာက မဟာမုနိ ဘုရားကြီး ဝတ္တကမြေဟုလည်း မှတ်သားရပါ၏။ ရဟိုင်းသုသာန်မှာ မြောက်ဘက်အဝင်က ကုက္ကိုပင်တန်းကြီးနှင့် အရိပ်ကောင်းလှသည်။ သရဏဂုံတင် သစ်သားဇရပ်ကြီး များလည်း အရှေ့အနောက် တနးလျက်ရှိသည်။ ထိုဇရပ်ကြီးများ ကုသိုလ်ရှင်မှာ ရွှေလက်ဝါးဆေးတိုက် မြန်မာပညာရှိ ဦးကျော်ရန် ၏ မိသားစုဖြစ်ကြောင်း ဆိုင်းဘုတ်ကမ္ပည်းများ တင်ထားပါ၏။
ရေချမ်းအမ အဆင်သင့်လား
——————————-
သုသာန်ရောက်သည်နှင့် ရေချမ်းအမကို ရှာကာ ရေစက်ချခွက်နှင့် သရဏဂုံတင် သံဃာများ သီတင်းသုံးမည့် နေရာတွင် အခင်းကို စီစဉ်စေရသည်။ ရေချမ်းအမ ဆိုတာကလည်း ဝေးဝေးလံလံ မဟုတ်။ ဇရပ်အတွင်း ကလေးနို့တိုက်ရင်း ထိုင်နေသည့် အရွယ်ခတ်လတ်လတ် ကလေးအမေပဲ ဖြစ်သည်။ များသောအားဖြင့် သုသာန်သို့ ကြိုသွားနှင့်သူက သူ့ကိုရေချမ်းဖိုး သုံးမတ်ပေးပြီး ပြောထားသည်နှင့် အနောက်ဘက် အစွန် ဇရပ်ကြီး နောက်ကြားရှိ တဲလေးထဲက ရေဖလားလေးထဲ ရေထည့်ပြီး သံပန်းကန်ပြားလေးပေါ်တင်လာသည်။ နို့ညှာနှင့် အကြီး ကလေးတွေက တဲထဲရှိ သင်ဖြူးဖျာလေးတွေယူလာကာ ဇရပ်ထဲက သံဃာစင်ပေါ် တံမြက်စည်းလေး လှဲကျင်းပြီး ခင်းထားလိုက်သည်။ နာရေးကအရောက် ရှေ့ဆုံမြင်းလှည်းနှင့် ပင့်လာသည့် သံဃာ၅ပါးက ခင်းထားသည့် ဖျာလေးပေါ်သီတင်းသုံး၏။
ကားပေါ်က ရုပ်ကလာပ်အခေါင်းကို လူငယ်များက သယ်လာကာ ဆရာတော်များရှေ့ ဇရပ်သမံတလင်းတွင် ခေါင်းပြုချထားပြီး အဖုံးကို မျက်နှာပေါ်အောင် လှပ်ထား၏။ မြင်းလှည်းအသီးသီးက နာရေးပို့သူများ အသီးသီး ဆင်းလာကာ ဇရပ်တွင် နေရာယူကြပြီးနောက် နာရေးရှင်က ခေါင်းနဘေး နေရာယူကာ သီလယူ သရဏဂုံတည် တရားနာ ရေစက်ချ အမျှဝေပြီးသည်နှင့် နောက်ဆုံးကြည့်ရှု ငိုကျွေးကြပြီး လူငယ်များက ခေါင်းကို ထမ်း၍ ဇရပ်ပေါက်မှ တောင်သို့ ထွက်ကာ အုတ်ဂူများကြားမှနေ၍ ဟိုတောင်ဘက် ကုက္ကိုပင်ကြီးများအဆုံး မြေမြှုတ်သင်္ဂြိုဟ်မည့် နေရာသို့ ပို့ဆောင်ကြ တော့သည်။
တတ်သိနားလည်သူက အသုဘကားငှားစဉ်ကပင် ရုံးပိုင်းဆိုင်ရာ စာရွက်စာတမ်းနှင့်အတူ မြေကျွင်းတူးဖို့ တခါတည်း အပ်နှံခဲ့ရ၏။ သို့မှသာ မြေကျွင်းက အဆင်သင့် ဖြစ်စေပါ၏။ မြေကျွင်းဘေးရောက်တော့ နောက်ဆုံးအကြိမ် ခေါင်းဖွင့် ကြည့်ရှုကာ ကူးတို့ခ တစ်မတ်စေ့ထည့်သည်။ ထို့နောက် ခေါင်းကို သံနှင့် ကျနစွာ ရိုက်ပိတ်ပြီး ဦးခုနစ်ကြိမ် တိုက်၍ ကြိုး၂ချောင်းဖြင့် ခေါင်းရင်းခြေရင်းဆိုင်းကာ မြေချကြတော့သည်။
၁၀တန်းတက်မယ့် ကျောင်းသားလေး
——————————————
ကျွန်တော်ကတော့ ဈေးဦးပေါက် နာရေးမှာ ခေါင်းအလှဆင်တွင် နာမည်ရလိုက်သောကြောင့် ထို ဆာတီဖီကိတ်ဖြင့် နောက် နာရေးများတွင် ကိုယ့်အလုပ်နှင့်ကိုယ် ပါမင့်နစ် ဖြစ်သွားပါတော့၏။ လုပ်ငန်းခွင်ကလည်း ကျယ်ပြန့်လာသည်မှာ သတင်းစာကိုယ်စားလှယ် ကိုဉာဏ်ရှိန်၏ သုံးနှစ်သားလေး နာရေးတွင် ကလေးမသာ ပန်းရထားကို ပိတ်ဖြူစ ရွှေစက္ကူ ငွေစက္ကူ ရောင်စုံ ပန်းတွန့်စက္ကူများနှင့် အရေးပေါ် ပြုလုပ်ပေးရခြင်း၊ ဒက္ခိဏဝံတိုက် ထားဝယ် ဆရာတော် ဦးကေသရ၏ မှန်ခေါင်းတွင် ပန်းအလှနှင့် ရွှေရောင် ကမ္ပည်းစာတန်း ရေးထိုး ပူဇော်ရခြင်း၊ အလားတူ ဒက္ခိဏဝံတိုက် ရွှေဘိုကျောင်း ဆရာတော်၏ မှန်ခေါင်းတွင် ကနုတ်ပန်းနှင့် ကမ္ပည်းစာတန်း အပြင် မှန်ခေါင်းတင် ဧခုတင် အလှူရှင်ကိုလည်း ကမ္ပည်းစာတန်း ရေးထိုး ပူဇော်ကုသိုလ်ယူရခြင်း၊ ဒက္ခိဏဝံတိုက် ဗါဒံပင်ကျောင်း ဆရာတော် ရုပ်ကလာပ်ခေါင်းရင်းတွင် ချိတ်ဆွဲမည့် ဆရာတော်၏ ၂၄လက်မ ဓာတ်ပုံကြီးတွင် ဘွဲ့နှင့် ဝါတော် ကမ္ပည်း ရေးထိုး ပူဇော်ရခြင်းများ ဆောင်ရွက်ခဲ့ရသည်။
အဝေးကွင်းအဖြစ် အနောက်ပြင် ချမ်းသာရ ထုံးကုန်းရပ်နေ သူငယ်ချင်းမောင်မြင့်၏ ဖခင်ကြီး နာရေးတွင် ခေါင်းကို ကော်ပတ်စားခြင်း၊ လူပျံအရောင်တင်ဆီဖြင့် အရောင်တင်ခြင်း သင်္ဘောဆေးအဖြူဖြင့် ကမ္ပည်းရေးထိုး ကုသိုလ်ယူစဉ် ရပ်ကွက်တွင်းရှိ ကလေးလူကြီး အရွယ်၃ပါးအားလုံး အုံးအုံးကြွက်ကြွက်ဖြင့် ဓမ္မာရုံဘေး ကွက်လပ်တွင် လာရောက် အကဲခတ်ကြည့်ရှုကြစဉ် ကွန်တော်နှင့် အတူ လုပ်ကိုင်နေသော ထီးတိုင်ဈေးက ငှက်ပျောပွဲစား ကိုစိုးတင့်က “ ကျွန်တော်တို့က ဒါနဲ့ လုပ်စားကြသူတွေ မဟုတ်ပါဘူးဗျ၊ သူငယ်ချင်းဖခင်နာရေးမို့ တတ်သည့်ပညာ မနေသာ ဆိုသလို လာကူကြတာပါဗျ၊ ကျွန်တော်ကဆို ထီးတိုင်ဈေးက ပွဲစားပါဗျ။ ဒီညီလေးကဆို ၁၀တန်းတက်မယ့် ကျောင်းသားလေးပါဗျ” ဟု အများကြားလောက်အောင် အကြိမ်ကြိမ် ရွတ်ဆိုနေပါတော့သည်။
၁၀တန်းတက်မယ့် ကျောင်းသားလေးတဲ့။
ဆူးငှက်
