မတ် ၁၉ – ၂၀၂၆
SS (VOM)
စက်သုံးဆီ ဝယ်ယူရရှိမှု အခက်အခဲကြောင့် အဝေးပြေး ယာဉ်လိုင်းတချို့ရဲ့ ကားလက်မှတ်ခ ဈေးနှုန်းတွေဟာ အခု မတ်လ တတိယပတ်ကစပြီး အရင်ကထက် ဈေးမြင့်တက်လာတယ်လို့ ရန်ကုန်အခြေစိုက် အဝေးပြေး ခရီးသည်တင် ယာဉ်လိုင်းတချို့ဆီကနေ သိရပါတယ်။
အရင်က မြစ်ကြီးနား – မန္တလေး ကားလက်မှတ်ခ နှုန်းထားမှာ တသိန်း ခုနစ်သောင်းကျပ်ကနေ အခု ကျပ် နှစ်သိန်း၊ ရန်ကုန် – မန္တလေး (ရိုးရိုး) အရင် နှစ်သောင်းရှစ်ထောင်ကျပ်ကနေ အခု ကျပ် သုံးသောင်းခွဲ၊ ရန်ကုန် – မန္တလေး (VIP) အရင် ကျပ် လေးသောင်းကနေ အခု လေးသောင်း ရှစ်ထောင်ကျပ် ဝန်းကျင်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။
ရန်ကုန် – နေပြည်တော် (VIP) ကတော့ အရင် ကျပ် နှစ်သောင်း ကိုးထောင့်ငါးရာကနေ အခု ကျပ် သုံးသောင်းသုံးထောင် ဝန်းကျင်၊ ရန်ကုန် – နေပြည်တော် (ရိုးရိုး) ကတော့ အရင် ကျပ် နှစ်သောင်းတထောင်ကနေ အခု ကျပ် နှစ်သောင်းလေးထောင် ဝန်းကျင်ကို ရောက်ရှိနေတယ်လို့ သိရပြီး အခုဖြစ်ပေါ်နေတဲ့ ခရီးစဉ် ဈေးနှုန်းတွေဟာ အဝေးပြေးယာဉ်လိုင်း တခုနဲ့တခုကြားမှာ ကွာခြားပြောင်းလဲတာတွေ ရှိနိုင်တယ်လို့လည်း သိရပါတယ်။
အခုလို အဝေးပြေးကားခတွေ ဈေးနှုန်း မြင့်တက်လာတာနဲ့ပတ်သက်လို့ ပြည်သူတယောက်က “အခုက ဆီစျေးက အများကြီး မတက်သေးဘူး။ ဝယ်ရခက်တာကို အကြောင်းပြပြီး ကားခတွေ ဈေးတက်လာတာ။ ဒါတောင် သင်္ကြန်ကာလ မရောက်သေးဘူး။ ဈေးက တက်နှင့်နေပြီ။ နောက်လဆို ပိုဆိုးလာမယ်ထင်တယ်။ အခုက သင်္ကြန်အတွက် ကြိုမဝယ်ရင်လည်း လက်မှတ်ကမရဘူး။ ၀ယ်ပြန်တော့လည်း ဈေးမပြောင်းရသေးလို့ မရောင်းပေးသေးဘူး ပြောကြတယ်” လို့ ဆိုပါတယ်။
လက်ရှိမှာ အဝေးပြေး ယာဉ်လိုင်းကြီးတချို့က သင်္ကြန်အတွက် ကားလက်မှတ် ကြိုတင် ရောင်းချမယ့်ရက်တွေကို ပြန်လည်ပြောင်းလဲ သတ်မှတ်ကာ ရောင်းချနေတာရှိပြီး ယာဉ်လိုင်းတချို့ကတော့ ရောင်းချမယ့်ရက်ကို သတ်မှတ်နိုင်ခြင်း မရှိသေးဘဲ အခြေအနေကို စောင့်ကြည့်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
“သင်္ကြန်ပိတ်ရက်အတွက် ကြိုတင်လက်မှတ် ရောင်းချဖို့က ကျွန်တော်တို့လည်း ချိန်ဆနေရတယ်။ နောက်ပိုင်း ဆီအခက်အခဲက ဘယ်လို ရှိလာနိုင်မလဲဆိုတာ မသိသေးဘူးလေ။ လတ်တလော ဆီဝယ်ယူနေရတာတွေကလည်း အကန့်အသတ်တွေနဲ့ ဆိုတော့ အခက်အခဲတွေကတော့ အများကြီးပဲ။ ခရီးစဉ်အပြည့် ဆွဲပေးနိုင်ဖို့ ဆိုတာကလည်း တော်တော်ချိန်ဆနေရတယ်” လို့ အဝေးပြေး ယာဉ်လိုင်းတခုရဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
လက်ရှိမှာ Elite Express နဲ့ တခြားပို့ဆောင်ရေး ကုမ္ပဏီတချို့ကလည်း ကားလက်မှတ် ဈေးနှုန်းတွေကို ပြောင်းလဲ ကောက်ခံသွားမှာ ဖြစ်တယ်လို့ အသိပေးထားတာ တွေ့ရပြီး Elite Express ကတော့ မနေ့ မတ် ၁၈ ရက်နေ့မှ စတင်ကာ ကားလက်မှတ် ဈေးနှုန်းတွေကို ပြောင်းလဲထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ ခရီးသည် တယောက်က “ကားခက တခုခု အကြောင်းပြ၊ တက်ပြီးရင်လည်း ပြန်ချပေးတာ မဟုတ်ဘူး။ ကိုဗစ်တုန်းကလည်း တယောက် နှစ်ခုံစာဈေး သတ်မှတ်လိုက်တာ၊ အဲဒီကတည်းက ဈေးပြန်မကျတော့တာ ခုထိပဲ။ အခုရော ဆီအခက်အခဲတွေ ပြေလည်သွားရင် ကားခစျေး ပြန်ကျဖို့ရော ရှိလားသိချင်တယ်။ နောက်ဆုံးတော့ ခရီးသွားပြည်သူတွေပဲ နင်းပြားဘဝ ရောက်ကြရတာပဲ” လို့ ပြောပါတယ်။
မကြာမီ ကာလအတွင်း သင်္ကြန်ကာလ ရုံးပိတ်ရက်တွေ ရောက်ရှိတော့မှာ ဖြစ်တဲ့အတွက် အဲဒီအချိန်အထိ စက်သုံးဆီ ကြပ်တည်းမှုတွေ ဆက်လက် ဖြစ်ပေါ်နေပါက အဝေးပြေး ကားလက်မှတ်ခ နှုန်းထားတွေ နဂို လက်မှတ်ဈေးထက် အဆများစွာ မြင့်တက်လာမှာကို စိုးရိမ်နေရတယ်လို့ ပြည်သူတွေက ပြောပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အောင်မင်္ဂလာ အဝေးပြေးကားဝင်းက သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းတွေကို VOM က ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
လက်ရှိ စက်သုံးဆီ ဈေးကွက်အတွင်းမှာတော့ သီလဝါဆိပ်ကမ်းက ဆီတင်ဘောက်ဆာတွေ ဆီခွဲတမ်း ထုတ်မပေးခြင်း၊ အဝင်နည်းခြင်းနဲ့ တင်သွင်းသူတချို့ရဲ့ ဈေးတင် တောင်းဆိုမှုတွေကြောင့် ရန်ကုန်အပါအဝင် မြို့ကြီးတချို့မှာ စက်သုံးဆီ ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
“အရန်ဆီလည်း နည်းနေပြီကြားတယ်။ အခု အနေအထားက တာဝန်ရှိသူတွေရဲ့ လုပ်နည်းကိုင်နည်းတွေ မှားနေတယ်။ ခွဲတမ်း ထုတ်ပေးတာကိုလည်း မလိုအပ်ဘဲ အချိန်ဆွဲထားသလို ဖြစ်နေတယ်။ ဘာ့ကြောင့်လဲ ဆိုတာကို မေးတော့လည်း ရှင်းရှင်းလင်းလင်း မသိရဘူး။ ဒီတိုင်းဆို ဈေးကွက်ထဲ ဆီပြတ်သွားနိုင်တယ်” လို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
လက်ရှိ ဆီကန့်သတ်မှုဟာ လေကြောင်းလိုင်းတွေကိုပါ ထိခိုက်မှု ရှိနေတာဖြစ်ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဆင်းသက်တဲ့ ပြည်ပ လေကြောင်းလိုင်းတွေက နိုင်ငံတကာ ကုန်တင်နဲ့ ခရီးသည်တင် လေယာဉ်တွေကို လေယာဉ်ဆီ ဖြည့်ပေးမှာ မဟုတ်တော့ဘူးလို့ NEPAS – Airport Depot Office (National Energy Puma Aviation Services) က မနေ့ မတ် ၁၈ ရက်မှာ လေကြောင်းလိုင်းတွေကို အီးမေးလ်ကနေ အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ ပြည်တွင်းလေကြောင်းတခုဖြစ်တဲ့ MAI (Myanmar Airways International) ကလည်း လက်ရှိ Jet A1 လောင်စာဆီထောက်ပံ့မှု အကန့်အသတ်ရှိခြင်းနဲ့ ဆက်စပ် လည်ပတ်မှုဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် ခရီးသည် တဦးကို အများဆုံး ၁၀ ကီလိုဂရမ်အထိ သယ်ဆောင်ခွင့် ပြုထားပြီး နောက်ထပ် အသိပေးချက် မထုတ်ပြန်မချင်း အပိုခရီးဆောင်အိတ် အကျိုးခံစားခွင့်တွေကို ရပ်ဆိုင်းထားမှာ ဖြစ်တယ်လို့ ဒီကနေ့ မတ်လ ၁၉ ရက်နေ့မှာ ၎င်းတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် အသိပေး ကြေညာထားပါတယ်။
Photo – CJ
