တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမအကြိမ် ပုံမှန်အစည်းအဝေးကျင်းပ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတို့ကို ရွေးကောက် တင်မြှောက်မယ်

နေပြည်တော်၊ မတ်- ၁၈- ၂၀၂၆
SA(VOM)
တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမ ပုံမှန်အစည်း အဝေးကို ဒီကနေ့မတ်လ ၁၈ ရက်နေ့ မနက် ၁၀ နာရီအချိန်မှာ နေပြည်တော်မြို့၊ ဇမ္ဗူသီရိမြို့နယ်အတွင်းမှာရှိတဲ့ လွှတ်တော်အဆောက်အဦဝင်း အမျိုးသားလွှတ်တော်အဆောက်အဦမှာ စတင်ကျင်းပမှာဖြစ်ပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နဲ့ ဒုတိယ ဥက္ကဋ္ဌ တို့ကိုလည်း ဒီကနေ့မှာ ရွေးကောက် တင်မြှောက်မှာဖြစ်ပါတယ်။
တတိယအကြိမ် အမျိုးသားလွှတ်တော် သက်တမ်းအတွက် အထွေထွေရွေးကောက်ပွဲမှာ စုစုပေါင်း ကိုယ်စားလှယ်နေရာ ၂၂၄ နေရာရှိပြီးတော့ အဲ့ဒီထဲက ၁၆၈ နေရာကို ပြည်သူလူထုက ဆန္ဒမဲပေးကာ ရွေးကောက်တင်မြှောက်ကြရတာဖြစ်ပြီး ၅၆ နေရာအတွက်ကို တပ်မတော်မှ ခန့်အပ်ထားတာဖြစ်ပါတယ်။
ရွေးကောက်ပွဲကျင်းပခဲ့တဲ့ မဲဆန္ဒနယ် ၁၆၈ နေရာထဲက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၀၈ နေရာနဲ့အများဆုံး အနိုင်ရရှိခဲ့ပါတယ်။ ဒုတိယအနေနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၁၆ နေရာ ရရှိခဲ့ပြီး ပြည်သူ့ပါတီနဲ့ မွန်ညီညွတ်ရေးပါတီတို့က တစ်ပါတီကို ၅ နေရာစီ ရရှိခဲ့ကြပါတယ်။ အခြား တိုင်းရင်းသားပါတီတွေနဲ့ ပါတီအသီးသီးက ကျန်တဲ့နေရာများကို ရရှိခဲ့ကြပြီး လစ်လပ်နေရာ ၁၁ နေရာ ရှိခဲ့ပါတယ်။
ဒီကနေ့မှာ အမျိုသား လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ က ကိုယ်စားလှယ် ၁၀၈ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ က ၁၆ ဦး၊ ပြည်သူ့ပါတီ က ၅ ဦး၊ မွန်ညီညွတ်ရေးပါတီ က ၅ ဦး၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ က ၃ ဦး၊ ရခိုင့်ဦးဆောင်ပါတီ က ၃ ဦး၊ ဇိုမီးအမျိုးသားပါတီ က ၃ ဦး၊ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် ၂ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီ ၁ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က ၁ ဦး၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ က ၁ ဦး၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ က ၁ ဦး၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ က ၁ ဦး၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ က ၁ ဦး၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ ၁ ဦး၊ ရခိုင်တိုင်းရင်းသားများပါတီ က ၁ ဦး၊ ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီ က ၁ ဦး၊ ကယားပြည်နယ်ပြည်သူ့ပါတီ က ၁ ဦး၊ နာဂအမျိုးသားပါတီ ၁ ဦး၊ ဝ အမျိုးသားပါတီ က ၁ ဦး နဲ့ တပ်မတော်သား ကိုယ်စားလှယ် ၅၆ ဦး ရှိပြီး လစ်လပ်နေရာ ၁၁ ခုရှိတယ်လို့ သိရပါတယ်။
အမျိုးသားလွှတ်တော်ကို ပြည်နယ်(သို့)တိုင်းဒေသကြီး တစ်ခုစီက ကိုယ်စားလှယ် ၁၂ ဦးစီ အချိုးကျနှုန်းနဲ့ သက်ဆိုင်ရာပြည်နယ် (သို့) တိုင်းဒေသကြီးတွေမှာ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ မဲဆန္ဒနယ်တွေက ရွေးကောက်တင်မြှောက်ထားတာဖြစ်ပါတယ်။ ပြည်နယ်နဲ့တိုင်းဒေသကြီး ၁၄ ခုတို့က ကိုယ်စားလှယ် ၁၆၈ ဦး တင်မြှောက်ရတာဖြစ်ပါတယ်။ ကျန်တဲ့ ၅၆ ဦးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်တင်သွင်းထားတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW