သူတို့အိမ် အခန်း (၁၃၅)

 

ဆူးငှက်

 

 

 

သူတို့ထဲက တစ်ယောက်တဲ့

—————————-

 

ကျွန်တော်က အလုပ်ရုံ ရုံးချိန်အပြီး ရှေ့က ဒေါ်နက် အကြော်ဆိုင်မှာ ထိုင်ကာ မြောက်ဘက်ဆီ ငေးမျှော်ကြည့်နေသည် ဆိုသော်လည်း ထိုအုပ်စုထဲက ဘယ်သူဘယ်ဝါဆိုတာ သဲသဲကွဲကွဲမသိ။ အားလုံလိုလိုမှာ ရောထွေးနေသည်။ သူတို့ထဲက တစ်ယောက်တစ်လေ ကတော့ တစ်ခါတစ်ရံ ဒေါ်နက်ဆိုင်သို့ မုန့်ပစ်သလက်နှင့် အကြော် လာဝယ်တတ်သည်။ သို့သော် တစ်ယောက်တည်း စွဲစွဲ မြဲမြဲ လာဝယ်တာမျိုး မဟုတ်။

 

နောက်တစ်နေ့ နောက်တစ်ယောက်၊ နောက်တစ်နေ့ နောက်တစ်ယောက်မို့ မျက်စိလည်နေသည်။ ကိုဝင်းမောင်ကတော့ ဘယ်သူက ဘယ်သူ့သမီး ဆိုတာတော့ ပြေပါ၏။ သို့သော် စိတ်မဝင်စားချင်ယောင် ဆောင်နေရသည်။ သို့နှင့် စကားပြောင်းကာ သူတို့အိမ်က တန်ခိုးကြီးဘုရား အကြောင်း မေးရ၏။ တကယ်လည်း စိတ်ဝင်စားလို့ ဖြစ်သည်။ ကိုဝင်းမောင်က ဘုရားဖူးချင်ပါက ထိုအိမ်သို့ လိုက်ပို့ပေးမည် ပြောပါ၏။ ကျွန်တော်က ဖူးချင်ပါတယ်။ ဒါပေမယ့် ဖြည်းဖြည်းပေါ့ဗျာ။ ကြုံဦးမှာပါဟု ပြောလိုက်သည်။

 

 

 

ကောင်တာ ဖူးစာ

——————–

 

နောက်တော့ တကယ်လည်းကြုံပါ၏။ ကြုံသမှ ထိုဘုရားဆောင်ပေါ်သို့ မိဘနှင့် အတူ တက်ကာ ဘုရားဒကာကြီးထံ တရားဝင်သွားရောက်တွေ့ဆုံ ပြောဆို စေ့စပ်ရသည့် အခြေအနေ ရရှိလိုက်သောကြောင့် ဖြစ်သည်။ အဖြစ်က သည်လိုပါ။ အလုပ်ရုံရှိ ကျွန်တော့် အလုပ်စာပွဲ ညာဘက်မှာ ပြတင်းပေါက်ရှိသည်။ ထိုပြတင်းပေါက်အပြင် ကပ်လျက်က သက်သာဖိနပ်ဆိုင် ကောင်တာရှိသည်။ ထိုကောင်တာမှာ သက်သာဆိုင် အရောင်းစာရေးမ မခင်ဆွေမြင့်က ထိုင်သည်။ သူ့ဖိနပ်အရောင်းကောင်တာနှင့် သူ့ကို ကျွန်တော်က အလုပ်စာပွဲမှာ ထိုင်ရင်း ကျောဘက်က မြင်နေရ၏။ ညနေစောင်း အလုပ်ဆင်းချိန်နီးလျှင် သူ့ကောင်တာသို့ ပုံမှန်ရောက်လာတတ်သူ ၂ဦးရှိသည်။ တစ်ဦးက သက်သာဆိုင် အရောင်းစာရေး ကိုထွန်းထွန်း(တယော) ဖြစ်၏။

 

ကိုထွန်းထွန်းက ရှေ့ရှိ လက်ဖက်ရည်ဆိုင် အရောင်းသိမ်း စာရင်းပိတ်ပြီးလျှင် ဖိနပ်ကောင်တာရှေ့ ရောက်လာပြီး ကောင်တာပေါ် လက်ထောက်ကာ မခင်ဆွေမြင့် မျက်နှာကြည့်ရင်း ဘာစကားတွေလဲ မသိ တိုးတိုးတိုးတိုး ပြောနေတတ်သည်။ ကျွန်တော်က အဲ့လို အရောင်းကောင်တာပေါ် လက်ထောက်ပြီး ၁နှစ်ခွဲ ၂နှစ်လောက် စကားတိုးတိုးပြောဖူးနေတော့ ကိုထွန်းထွန်း ဘာစကားတွေ ပြောနေလဲဆိုတာ အသံမကြားရသော်လည်း သိနေသည်။ ထို့ကြောင့် သူတို့ အရှိန်မပျက်အောင် ကျွန်တော်က မသိချင်ယောင်ဆောင်နေပြီး ကုန်ချော လယ်ဂျာစာအုပ် ဖွင့်ကာ စာရင်းသွင်းနေရသည်။ နောက်တော့ သူတို့လည်း ဘဝလက်တွဲဖော် ဖြစ်သွားကြတာပေါ့။ ကိုထွန်းထွန်း ရောက်ကာ စကားဖောင်ဖွဲ့အပြီး မခင်ဆွေမြင့် စာရင်းမပိတ်မီ အပြေးအလွှားရောက်လာသူ တစ်ဦးလည်း ရှိပါသည်။ သူက အပြေးအလွှားဆိုတာ စကားအဖြစ်ပြောတာမဟုတ်။ ထမီ ဒရင့်တိုက်ပြီး မခင်ဆွေမြင့် စာရင်းအပိတ်အမီလာခြင်းဖြစ်သည်။

 

 

 

မျက်မှန်လေးနှင့် သူ

————————

 

သူလာတာက မခင်ဆွေမြင့် ဖိနပ်ရောင်းကြေး ပိုက်ဆံထဲမှ ကျပ်တန် ငါးကျပ်တန်များကို သူက ၁၀တန် အစိတ်တန်များဖြင့် အကြွေ လာလဲခြင်း ဖြစ်သည်။ သူက ဥပုသ်နေ့ကလွဲလို့ ညနေတိုင်း လာလဲသည်။ အစက ပျာယာပျာယာနှင့် လာသောသူ့ကို ခပ်ချောချော ယောက်ျားလေးတစ်ယောက် ထင်မှတ်နေသည်။ ဆံပင်က ဘိုကေ အရှည် သာသာပါပဲ၊ မျက်မှန်ပါသည်။ ရှပ်အင်္ကျီ အမြဲ ဝတ်သည်။ အင်္ကျီကို အပြင်မှာပဲ ထုတ် ဝတ်တတ်လို့ အစက ပုဆိုးဟု ထင်မှတ်နေတာ မဟုတ်ဘဲ ခပ်ရှည်ရှည် ထောင့်တန်း ဝတ်ထားသော ထမီတစ်ထည်မို့ မိန်းကလေးပဲဟု သေချာသွားသည်။ စီးထားသည့် ဖိနပ်က ကတ္တီပါဖိနပ် အပါးပဲ ဖြစ်၏။ လမ်းလျှောက်တာကလည်း ဒေါင်းတိမောင်းတိ ခပ်မာမာ၊ မိန်းကလေးနှင့် တူတာဆိုလို့ မျက်နှာလေးပဲ ဖြစ်သည်။ သူကလည်း ရောက်လာလျှင် မခင်ဆွေမြင့်ထံ အကြွေလဲပြီး မပြန်သေးဘဲ ကောင်တာကို တတောင်ဆစ်နှင့် ထောက်ကာ ရှေ့ကို တိုးပြီး စကားပြော ရယ်မော ပြီးမှ ပြန်သည်။ သူ့ကိုတော့ ကျွန်တော်က ကြည့်ကောင်းလို့ ကိုထွန်းထွန်း လာစဉ်ကလို မမြင်ချင်ယောင် မဆောင်။ လယ်ဂျာစာအုပ် ပိတ်ပြီး စိုက်ကြည့် နေတော့သည်။

 

ထိုစဉ်က ခေတ်စားနေသော ရုပ်ရှင်များဖြစ်သည့် ကိုရယ်တိုးရယ် စိုးစိုးရယ်ထဲက ယောက်ျားလျာ ခင်သန်းနုလို၊ နှစ်မြွှာအသည်းထဲက ဆံပင်တိုနှင့် ယောက်ျားရှပ်နှင့် စန္ဒာလိုလိုမို့ ကြည့်ကောင်း နေတော့၏။ သို့သော် သူက မျက်မှန်ပိုသည်။ သူ့မျက်မှန်က အလှတတ်မဟုတ် ပါဝါမျက်မှန်ဖြစ်သည်။ မျက်မှန်ကိုင်းကတော့ အရောင်လေးနဲ့မို့ မိန်းမဆန်သား။ ထိုစဉ်က ကျွန်တော်လည်း နေသားကျ မျက်မှန်သမား ဖြစ်နေပြီမို့ မျက်မှန်ကိုင်းတွေ စိတ်ဝင်စားသည်။ သည်တော့ စိတ်ဝင်စားတာတွေ အားလုံးပေါင်းပြီး ကျွန်တော်က စာပွဲပေါ် မေးထောက်ကာ ကြည့်တော့သည်။

 

 

 

ရည်းစားစာလား၊ ကြေးနန်းစာလား

————————————

 

နောက်တော့ မထူးပြီ။ ရှေ့က အကြိမ်ကြိမ် အဖန်ဖန်သော အတွေ့အကြုံ၏ သုမနကျောမှာ ဒဏ်ရာတွေမို့ မြင်ပြီး တစ်ပတ်လောက်အကြာ စာကြည့်တိုက်က ငှားထားသော မဂ္ဂဇင်းအသစ်ထဲ ပို့စကတ်တစ်စောင် ထည့်ကာ ကိုဝင်းမောင်ကတဆင့် သူ့ကို ပေးခိုင်းလိုက်သည်။ စောစောက ပြောသည့် သုမနကျောက ဒဏ်ရာများသင်ခန်းစာကြောင့် စာတွေဘာတွေ ဖွဲ့ကာနွဲ့ကာမရေးတော့။ ပို့စကတ်လေးထဲက အရှည်တစ်ထွာ၊ အကျယ် လက်သုံးလုံးလောက် စာရွက်လေးမှာပဲ လိုရင်း တိုရှင်း ရေးထည့်လိုက်တာပေါ့။ ကိုဝင်းမောင်က ကျွန်တော်ကို အကဲခတ်နေလို့ ရိပ်မိလို့ ထင်ရဲ့၊ အရင်ရက်တွေထဲက သူ့အကြောင်း ရီပို့တက်နေပါပြီ။ မြောက်ဘက် ဘုရားဒကာကြီးအိမ် အပျိုအုပ်စုထဲက တစ်ယောက်ဖြစ်ကြောင်း။ သူက သစ်စက်မှာ သူ့အဖိုး၏ အရောင်းတာဝန်ခံဖြစ်ကြောင်း။ ညနေစောင်းတာနှင့် သစ်စက်က အလုပ်သမားများကို လုပ်ခရှင်းရန်အတွက် သက်သာဆိုင်မှာ အကြွေလာလဲကြောင်း ပြောပြထားပါပြီ။

 

ကိုင်း သပြေမဂ္ဂဇင်း အသစ်ထဲမှာ ညှပ်ပေးလိုက်တဲ့ ပို့စကတ်လေးထဲက စာကို သူက ဖတ်ပြီးပြီမို့ နောက်၂ရက်နေတော့ ထိုသပြေမဂ္ဂဇင်းကို သူကိုယ်တိုင် ပြန်လာပေးချိန်တွင် အထဲမှာ အိတ်လွတ် စာရွက်ခေါက်လေး ကိုဝင်းမောင်ကတဆင့် ပါလာတော့သည်။ သူကလည်း ရှင်းသလေ။ လိုရင်း တိုရှင်းပါပဲ။

 

ပို့စကတ်ထဲ ကျွန်တော် ရေးပေးလိုက်သော စာ၅ကြောင်းကို ပြန်လည် ဖြေကြားလိုက်သည့် စာပဲဖြစ်ပါ၏။ ထိုကတည်းက မရိုပါလေ။ ကျွန်တော်က “မြင်ကတည်းက စိတ်ဝင်စားခဲ့တယ် ဆိုတာ ယုံသလား” သူက “မြင်ကတည်းက စိတ်ဝင်စားတယ်ဆိုတာ ယုံပါတယ်”။ ကျွန်တော်က “ဒါကြောင့် မင်းကို ချစ်နေတာ သိလား” ဆိုတော့ သူက “ ဒါကြောင့် ကျွန်တော့်ကို ချစ်နေတယ် ဆိုတာ သိပါတယ်”။ ကျွန်တော်က “ ဒို့ ချစ်နေတာကို ပြန်လက်ခံပါလို့ ပြောပါရစေ” သူက “ ကျွန်တော့်ကို ချစ်နေတာ ပြန်လက်ခံပါတယ်”။ ကျွန်တော်က “ဒို့က တစ်သက်လုံး လက်တွဲသွားမှာပါ” သူက “ ကျွန်တော်ကလည်း တစ်သက်လုံး လက်တွဲသွားမှာပါ”။ ကျွန်တော်က “ မင်းနဲ့ဒို့ ဘဝကို အတူ လက်တွဲ တည်ဆောက်ကြမယ်လေ” သူက “ သူနဲ့ ကျွန်တော် ဘဝကို အတူလက်တွဲ တည်ဆောက်ကြမယ်လေ” ။ စာ ၅ကြောင်း အောက်မှာ ကျွန်တော် က “ မင်းကို ချစ်တဲ့ ဒို့” သူကလည်း စာလေးအောက်ဆုံးမှာ “ သူ့ကိုချစ်တဲ့ ဒို့” တဲ့။ ကဲ ရှင်းကရော။

 

 

 

သည်လိုနှင့် ရည်းစားဖြစ်ပြီဟု သဘောပေါက်ကာ ညနေစောင်း သူက အိမ်ကလစ်ထွက်ပြီး သဘောၤတန်းထိပ် ဒေါက်တာ လှဖေ ဆေးခန်းနား ရပ်စောင့်နေသော ကျွန်တော့် စက်ဘီးနောက် ခုန်တက်လိုက်သည်။ ကျွန်တော်က သူ့ကို တင်ပြီး ဘယ်သွားရမှန်းမသိ။ နာရီစင်နား ညဈေးတန်းကို ဖြတ်ပြီး မြင်းစာရေးကြီးဝင်းထဲက မြို့မဘလောက် ကိုမြင့်အောင် အိမ်သွားသည်။ ကိုမြင့်အောင် အိမ်နောက်က ဗူးစင်အောက် ၂ယောက်ထိုင် ဆက်တီခုံမှာ သူနှင့်ကျွန်တော် ခပ်ခွာခွာထိုင်ရင်း သူ့မိဘအကြောင်း၊ သူ့ အဖိုးအဖွားအကြောင်း သူ့အန်ကယ် အန်တီများအကြောင်း ပြောကာ ပြန်ကြသည်။ နောက်ရက်ညမှာတော့ သူက အိမ်က ထွက်ရအောင် သူ့ညီမ ဝမ်းကွဲ တစ်ယောက် အဖော်ခေါ်ကာ စက်ဘီးတစ်စီးနှင့် ထွက်လာသည်။

 

 

 

သမီးရည်းစား ချိမ်းတဲ့နေရာ

—————————–

 

ထုံးစံအတိုင်း လမ်းထိပ်ရောက်မှ ကျွန်တော့် စက်ဘီးနောက် ခုန်တက်ပြီး ရောက်တတ်ရာရာ ပြောရင်း ခြေဦးတည့်ရာ စက်ဘီးနင်းကြသည်။ ဘယ်ထိုင်လို့ ထိုင်ရမှန်းလဲမသိ။ သည်လိုနှင့် နင်းလိုက်တာ ၈၄လမ်းက အေလမ်းဘက်ရောက်၊ တွေ့တဲ့လမ်း ချိုး၊ နှင့် ခပ်မှောင်မှောင် လမ်းတစ်လမ်းရောက်တော့ သစ်ပင်တွေ အုပ်ဆိုင်းနေတာ သတိထားမိသည်။ လမ်းပေါ်မှာ လူလည်း ပြတ်နေသည်။ ရှေ့ဆက်နင်းလိုက်တော့ ပုပ်အဲ့အဲ့ အနံ့က နှာခေါင်းထဲ တိုး ဝင်လာ၏။ နည်းနည်းသံသယရှိတာနှင့် စက်ဘီးရပ်ကာ ဘေးဘီကြည့် လိုက်တော့ ရဟိုင်းသင်္ချိုင်းထိပ် ရောက်နေပါလား။ ရှေးနားမှာ ဇရပ်ကြီးများ၏ ခေါင်မိုးကို အလင်းရောင် ပျပျမှာ မြင်နေရသည်လေ။ ထို့ကြောင့် စက်ဘီးကို ပြန်လှည့်ကာ လာလမ်းအတိုင်း သုတ်ခြေတင်ရသည်။ အရေးထဲ သူက စက်ဘီးနောက်က ထိုင်လိုက်ရင်း ခြေကျင်လို့ ဖိနပ်ကျွတ်ကျတာ ဆင်းကောက်ပေး ရသေးရဲ့။

 

ထိုညမှာပဲ ထို ထိပ်လန့်စရာ အဖြစ်အပျက်ကို သူတို့ ညီအစ်မအချင်းချင်း တိုးတိုးတိတ်တိတ် ပြောကြရင်း သူ့ အဒေါ် တစ်ယောက် ထံ သတင်းက ပေါက်ကြားသွားတော့၏။ ထို အတူနေ သူ့အဒေါ်က သူ့ကို တစ်ချက် မအစ်ရ။ သူက လုပ်သားဆိုင်က မန်နေဂျာလေးနှင့် အတူသွားသည် ဆိုတာ ဖြောင့်ချက် ပေးလိုက်တော့သည်။ ကိုင်းဗျာ၊ သမီးရည်းစားဟု ပြောလျှင်လည်း ရလောက်သည့် သက်တမ်း ၂ရက်တွင် သူ့အိမ်က ခရေစေ့တွင်းကျ သိသွားပါလေတော့သတည်း။ ထိုနံရောအခါ…။

Related posts

Leave a Comment

VOM News

FREE
VIEW