အခန်း (၁၄၄)

ဆူးငှက်

စာအုပ်ဆိုင်လေး လူစည်ချိန်
——————————–

စာအုပ်ဆိုင်လေးက စဖွင့်ကတည်းက မဆိုးလှဟု ပြောရမည်။ အစပိုင်းက ငှားရမ်းသူ အစိတ် သုံးဆယ်မှ တဖြည်းဖြည်းနှင့် ပရိသတ်အရေအတွက် တက်လာသည်။ လာကြသူများတွင် တစ်ဦးတစ်ယောက်ထက် ဇနီးမောင်နှံ၊ မောင်နှမများ၊ ညီအစ်မများ၊ တူဝရီးများ ဖြစ်ကြသည်။ ထို့ကြောင့် ညနေပိုင်း ၇နာရီကျော်သည်နှင့် ဆိုင်သို့ လူကျလာသည်။ ထိုအခါ ရှေ့က အသစ်စာအုပ်များ ငှားသည့် နေရာမှာ ခင်သော်ဇင်သာမက မမခင်မြရော သူ့သမီး မြမြဝင်းရော တူမ စန္ဒာဦးရော ကူကြသည်။ အတွင်း စာအုပ်ဟောင်းကောင်တာမှာတော့ လာသူနည်းပါသည်။ ထိုကောင်တာက စာအုပ်များကိုတော့ အကြောင်းသိသူများကိုသာ ငှားပါသည်။

ပရိသတ်အသစ်ထဲမှ ငှားတာကြာပြီး သိကျွမ်းနေကာ သူကိုယ်နှိုက်က ထိုစာအုပ်များ ကြည့်ပါရစေဆိုမှ ငှားပေးပါသည်။ စာအုပ်ဟောင်းကောင်တာက အငှားကျဲသည်ဆိုငြား လာငှားသူက စာအကြောင်းပေအကြောင်း စာအုပ်အကြောင်း ပြောနေဆိုနေကြတော့ ကျွန်တော်ကလည်း ဧည့်ထောက်ခံရပါသည်။ အမေကတော့ စာအုပ်ဟောင်းကောင်တာ မြောက်ဘက်ရှိ ဆက်တီက ၂ယောက်ထိုင်ခုံပေါ် လှဲရင်း သူ့လက်စွဲတော် အရိုးရှည် နှီးယပ်တောင်ကြီးခတ်နေသည်။ အဘကတော့ တိုက်အပေါက်မှာ မတ်တတ်ရပ်ပုတီးစိပ်ရင်း စာအုပ်ဆိုင် အဝင်အထွက်ကို ကြည့်နေတတ်သည်။

စက်ဘီးကိုယ်စီနှင့် လူပျိုပေါက်လေးတွေ
—————————————–

ထိုသို့ အုပ်စုလိုက် စာအုပ်ငှားကြသူများအနက် အသက် ၁၉၊ ၂၀အရွယ် ယေက်ျားလေး အုပ်စုကလည်း ၂အုပ်စုလောက် ရှိသည်။ သူတို့က လာလိုက်သည်နှင့် အိမ်ရှေ့ ဗာဒံပင်အောက်မှာ ပါလာသည့် စက်ဘီး ၃စီး၄စီးလောက် ထိုးရပ်ပြီး လူ ၄ယောက် ၅ယောက်လောက်က ဆိုင်ထဲဝင်ကာ မဂ္ဂဇင်းဟောင်းတွေလှန်ကာ တော်တော်နှင့် မပြန်ကြ။ ထို့ပြင် စာအုပ်စာရင်း မှတ်သည့်နေရာ လာပြီး စာအုပ်နာမည်တွေ မေးကြသည်။ အတော်ကြာဆိုင်ထဲနှင့် စာရင်းမှတ်သည့် နေရာ ကူးချည်သန်းချည်နှင့် တောင်မေးမြောက်မေး မေးပြီး မဂ္ဂဇင်းအဟောင်းလေး ၂အုပ်လောက်ပဲ ငှားကာ အိမ်ရှေ့ကလည်း တော်တော်နှင့် မပြန်ကြ။ သူတို့အုပ်စုလာလျှင် အဘက တိုက်တံခါးအပေါက်ဝကနေ မတ်တတ်ရပ်ပြီး လှမ်းကြည့်သည်။ တခါတရံ စာအုပ်စာရင်းမှတ်သည့် စာပွဲခုံဘေး မသိမသာ ရပ်နေတတ်သည်။

ဆိုင်ပိတ်ခါနီး မွှေးပျံ့ သင်းရနံ့နှင့်
———————————–

နောက် သတိထားမိသည့် အဖွဲ့တစ်ဖွဲ့ကတော့ ယောက်ျားလေးတွေမဟုတ်။ အမျိုးသမီး အုပ်စုဖြစ်သည်။ သူတို့ကတော့ သိပ်မများ။ ပုံမှန်က ၄ယောက်လာသည်။ တစ်ရက်တလေမှသာ ၁ယောက် ၂ယောက်တိုးသည်။ သူတို့က ဆိုင်ပိတ်ခါနီး ည၉နာရီနှင့် ၉နာရီခွဲလောက်မှ လာသည်။ သူတို့ထဲက ၂ယောက်က အသက် ၂၄နှစ် ၂၅နှစ်လောက် ရှိမှာပေါ့။ ကျန်၂ယောက်တွင် တစ်ယောက်က ၁၇နှစ်အရွယ်လောက် ဆံပင်တိုတိုနှင့် ယောက်ျားလျာလေးဖြစ်သည်။ ကျန်တယောက် က အသက်၃၅နှစ်ဝန်းကျင် ကလေးအမေဖြစ်ပုံရ၏။

အထူးသဖြင့် အသက် ၂၄နှစ် ၂၅နှစ်အရွယ်၂ယောက်တွင် ၁ယောက်က ခပ်ညိုညိုနှင့် ဆံပင်က ဂုတ်ဝဲဖြစ်သည်။ ကျန်တစ်ယောက်က အသားဖြူသည့်ဘက် သန်းပြီး ဆံပင်က ခါးလယ်လောက်ထိရှည်၏။ ၂ယောက် စလုံးက ဒေါက်ဖိနပ်စီးထားသည်။ ခပ်ဖြူဖြူတယောက်က ညာဘက်လက်မှာ အပြာရင့်ရောင်ကျောက်နှင့် လက်စွပ် တစ်ကွင်းဝတ် ထားသည်။ သူတို့၂ယောက် စလုံးက ထိုစဉ်ကာလ ခေတ်မစားသေးသော ခြေကျင်းဝတ် ရွှေကြိုးလေးတွေလည်း ပါသည်။ သူတို့ကိုသတိထားမိတာက ဆိုင်ပိတ်လု ပိတ်ချိန်တွင် ပုံမှန်ရောက်လာပြီး သူတို့ အိမ်ဝင်းပေါက် ရောက်လာသည်နှင့်ပင် ရေမွှေးရနံ့က ကြိုရောက်လာ၏။ သူတို့ လာချိန်က မကြာမီ အိပ်ရာဝင်ကြရပေမယ့် စာအုပ်ဆိုင် မလာမီ ရေမိုးချိုး ပြင်ဆင်ပြီးမှ လာကြသည့်ပုံစံဖြစ်သည်။ မျက်ခုံးမွှေးရေးရေးဆွဲထားသေး၊ နှုတ်ခမ်းနီ ဆိုးထားသေး။ မျက်နှာမှာ မိတ်ကပ် မဟုတ်သော်လည်း မက်ဖိုက်တာလို ပေါင်ဒါပုတ်ထားကြသည်။

စာအုပ်အဟောင်းတွေ ဖတ်ချင်တာ
—————————————

သူတို့ကိုသတိထားမိတာက ရောက်လာခါစက ကလျာ(ဝိဇ္ဇာ-သိပ္ပံ) စာအုပ်တွေ စီးရီးလိုက်ဖတ်သည်။ ကလျာကုန်တော့ ရှေ့ဆိုင်ထဲက အမျိုးသမီးစာရေးဆရာမများ၏ ဝတ္ထုတွေ ကောက်သင်းကောက် ဖတ်သည်။ ထိုစဉ်က ခေတ်စားနေသည့် စုလှဖြူတို့ တက္ကသိုလ်ယဉ်ယဉ်လဲ့ တို့ပေါ။ ထို့နောက် ခင်နှင်းယုမေးလာသည်။ ခင်ဆွေဦးမေးလာသည်။ ထိုအခါ ခင်သော်ဇင်က တိုက်ထဲရှိ စာအုပ်ဟောင်းဗီရိုဆီ လမ်းညွှန်လိုက်တော့ ၁လအတွင်းမှာပင် ထို၂ယောက်က ကျွန်တော့်ဆွရောက်လာတော့သည်။ သည်လိုနှင့် ခင်နှင်းယုတွေ ခင်ဆွေဦးတွေ ငှားရင်း ဆိုင်က ပုံမှန်၉နာရီခွဲ ပိတ်သော်လည်း ၁၀နာရီကျော်မှ ပိတ်ဖြစ်တော့သည်။ ခင်သော်ဇင်ကတော့ သူ့စာပွဲခုံ သိမ်းပြီး ပိုက်ဆံဗူးယူကာ တက်အိပ်ပြီ။ ကျွန်တော်ကတော့ မှန်ကောင်တာ အလယ်ထားပြီး ထို၂ယောက်နှင့် စကားကောင်းနေတော့တာပေါ့။ အစ ကတော့ ဝတ္ထုတွေအကြောင်း၊ နောက် ဝတ္ထုတွေထဲက ခေတ်နှင့် လက်ရှိခေတ်အကြောင်း၊

နောက်တော့ သူ့အကြောင်း ကိုယ့်အကြောင်း၊ နောက်တော့ စာအုပ်လာအပ်ရင်း စကားပြောရင်း၊ စားစရာလေးတွေ ယူလာကာ ဟိုအကြောင်းသည်အကြောင်း၊ နောက်တော့ စာအုပ်အကြောင်းသာမက ကွပ်ပျစ်ဘေး တိုက်နံရံမှာ ကျွန်တော်ချိတ်ထားသည့် ရှေးဟောင်းပစ္စည်းလေးတွေ၊ ပို့စကိတ်လေးတွေ အကြောင်း။ ထိုအကြောင်းတွေ ရောက်တော့ ကျွန်တော်လည်း မှန်ကောင်တာနောက်က ထွက်ပြီး အဲ့ဒီ ရှိုးကေ့ နား ရောက်ရပြီပေါ့။ သူတို့နား ပုခုံးချင်းထိလုလုပေါ့။ တစ်ခါတလေ အရုပ်လေးတွေ ငုံးကြည့်ရင်း နဖူးချင်း တိုက်လုပေါ့။ သူတို့ရေမွှေးရနံ့က ကျွန်တော့် ကိုယ်မှာ စွဲလုလုပေါ့။

ထိုအခါ အဘက တိုက်အပေါက်ဝကနေ ပုတီးစိတ်ရင်း ချောင်းတဟန့်ဟန့် မျက်စောင်း တထိုးထိုးနဲ့ပေါ့။ သူတို့ ၂ယောက်က ပုသိမ်တက္ကသိုလ်ကတဲ့။ မန္တလေး အမျိုးအိမ် အလည်လာကြတာတဲ့။ ဒီမှာ အတော်ကြာကြာ နေကြဦးမှာတဲ့။ ယောက်ျားလျာမေလေးက မန္တလေးအိမ်က သူ့တူမလေးတဲ့။ အသက်ကြီးကြီး နောက် တစ်ယောက်က ဘေးအိမ်ကတဲ့။

မောင်နှမ မှတ်လို့
——————————

ကိုင်း..၊ ချုပ်စို့။ စာအုပ်ဆိုင်သို့ ရောက်လာကြသည့် အဝေး ပရိသတ်အချို့က ကျွန်တော်နှင့် ခင်သော်ဇင်ကို မောင်နှမ ထင်ကြလေ၏။ ဟုတ်တယ်လေ၊ ကျွန်တော်တို့ လင်မယား၂ယောက်ကလည်း အခေါ်အပြောက ဒီမယ် ကိုကျော်ဆန်း၊ ဒီမယ် ခင်သော်ဇင်နှင့် ကယုကယင်မရှိ၊ မောင်နှမ ဆက်ဆံရေးမျိုးလေ။ တွဲသွား တွဲလာလည်းမရှိ၊ ကျွန်တော့် စက်ဘီးပေါ် သူထိုင်လိုက်တာကလည်း ခါးဖက်ဖို့ဝေးစွ၊ ဆန်အိတ်ကြီး တင်လာရသလိုလေ၊ သည်တော့ သူတို့က လင်မယားလေဟု ပြောသည့်တိုင် အကြောင်းမသိလျှင် ယုံရခက်ခက်။ သည်တော့ ခင်သော်ဇင့်ကိုလည်း အပျိုမှတ်က ကောင်လေးတွေက စက်ဘီးတွေနှင့် ရောက်လာပြီး ရစ်ကြသည်။ ထို့အတူ ကျွန်တော့်ကိုလည်း လူပျိုမှတ်ကာ ၂၀ကျော် အစိတ်အရွယ် အပျိုကြီးမမများက အိပ်ရာဝင်ခါနီး ပေါင်ဒါပုတ် ရေမွှေးဆွတ်ကာ အဘက မျက်စောင်းထိုးလောက်အောင် ရေမလာလာအောင် မြောင်းဖောက်ကြလေကုန်သတည်း။

နောင် နှစ်မှာတော့ ခင်သော်ဇင်က သားကြီးကိုယ်ဝန် ပေါ်ပေါ်တင်တင်ဖြစ်လာလျှင် ကိုလူပျိုပေါက်တို့ ပြေးကြပေရော့မည်။ ဒါဖြင့် ကျွန်တော့်မမ ပုသိမ်သူကရောလေ..၊ ရင်မောပါ့။

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW