(၇၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းနားကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်

ဇူလိုင် ၁၉ – ၂၀၂၆
SS (VOM)
ဒီကနေ့ ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းနားကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်မှာရှိတဲ့ အာဇာနည် ဗိမာန်မှာ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ပြီး လွမ်းသူ့ပန်းခွေချကာ အလေးပြုခဲ့ပါတယ်။
သမ္မတ ဦးမင်းအောင်လှိုင်နဲ့အတူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး အပါအဝင် ပြည်ထောင်စု တရားသူကြီးချုပ်တို့ပါ အတူတက်ရောက် အလေးပြုခဲ့ကြတာ တွေ့ရပါတယ်။
အခုနှစ် အာဇာနည်နေ့ အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားဖြစ်သူ ဦးအောင်ဆန်းဦး တက်ရောက်လာခြင်း မရှိသလို ၂၀၂၁ ခုနှစ်ကတည်းက ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခွင့်မရတဲ့ အခြေအနေမျိုး တွေ့ရပါတယ်။
(၇၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပနိုင်ဖို့အတွက် ဒီကနေ့ မနက် ၄ နာရီအချိန်မှစတင်ကာ အခမ်းအနား ပြီးစီးချိန်အထိ အနောက်ရွှေဂုံတိုင်လမ်းအား ရေတာရှည်လမ်းဟောင်းမှလည်းကောင်း၊ ရွှေဂုံတိုင်လမ်းအား ဓမ္မစေတီ – ရွှေဂုံတိုင်လမ်းဆုံမှလည်းကောင်း၊ အာဇာနည်လမ်းအား အနောက်ရွှေဂုံတိုင်လမ်းမှ ဦးထောင်ဘိုလမ်း အထိလည်းကောင်း၊ ဦးဝိစာရလမ်းအား ဦးဝိစာရအဝိုင်းမှ ဦးဝိစာရ – ဓမ္မစေတီလမ်းဆုံထိလည်းကောင်း လမ်းပိတ်၊ လမ်းလွှဲ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
ဒါအပြင် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် ဖွင့်လှစ်ပြသတဲ့ ဒီကနေ့ မနက်ပိုင်း ၅ နာရီအချိန်မှ ညနေ ၆ နာရီအထိ နတ်မောက်လမ်းကို ဝင်္ကဘာလမ်းဆုံမှ ဖိုးစိန်လမ်းဆုံထိလည်းကောင်း၊ ဗိုလ်ချုပ်ပြတိုက်လမ်းကို ငါးထပ်ကြီးဘုရားလမ်းဆုံနဲ့ စောမဟာလမ်းဆုံမှလည်းကောင်း၊ ဗိုလ်ချိုလမ်းကို ရွှေကြက်ယက်လမ်းဆုံမှ လည်းကောင်း လမ်းပိတ်၊ လမ်းလွှဲ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ အလံတင်အခမ်းအနား ကျင်းပမယ့် အတွင်းဝန်ရုံးမှာလည်း မနက် ၅ နာရီအချိန်ကနေစပြီး ညနေ ၆ နာရီအထိ သိမ်ဖြူလမ်းကို ဗိုလ်ချုပ်လမ်းဆုံမှ ကုန်သည်လမ်းဆုံထိလည်းကောင်း၊ အနော်ရထာလမ်းကို ဗိုလ်မြတ်ထွန်းလမ်းဆုံမှလည်းကောင်း၊ မဟာဗန္ဓုလလမ်းကို ပန်းဆိုးတန်းလမ်းဆုံမှလည်းကောင်း၊ ဗိုလ်အောင်ကျော်လမ်းကို ကုန်သည်လမ်းဆုံမှလည်းကောင်း လမ်းပိတ်၊ လမ်းလွှဲ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
ဒါကြောင့် ယာဉ်မောင်းသူ ပြည်သူတွေအနေနဲ့ အခမ်းအနားကျင်းပစဉ် လမ်းပိတ်၊ လမ်းလွှဲ ဆောင်ရွက်နေတဲ့ အချိန်တွေမှာ တခြားသော သင့်လျော်ရာ လမ်းတွေကနေ မောင်းနှင်သွားလာကြဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသိပေး နှိုးဆော်ထားပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW