စက်တင်ဘာ ၂၂ – ၂၀၂၆
SN (VOM)
ရခိုင်ပြည်နယ်အတွင်းက AA ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို ပြန်လည် သိမ်းယူနိုင်ဖို့ အစိုးရတပ်က စစ်ရေးအရှိန် မြှင့်တင်ထားပြီး ဆက်လက် ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲပိုမို ပြင်းထန်လာတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့မှစတင်ကာ အစိုးရတပ်တွေက တိုက်ပွဲ ဖော်ဆောင်လာလာတာဖြစ်ပြီး လက်ရှိမှာတော့ တိုက်ပွဲကာလ ရက်ပေါင်း ၂၀ နီးပါး ရှိလာပြီဖြစ်ပါတယ်။
“အစိုးရတပ်က တဖက်မှာလည်း ပုဏ္ဏားကျွန်းကိုရဖို့ ထိုးစစ်ဆင်နေသလို တဖက်မှာလည်း စစ်တွေကို မပေးရရေး ကြိုးပမ်းနေတယ်။ ပုဏ္ဏားကျွန်း – စစ်တွေအစပ်နဲ့ စစ်တွေမြို့ရဲ့ အနီးတဝိုက်က ကာကင်းစခန်းတွေကို အစိုးရတပ်က အဓိက ခြေကုတ်ယူထားတာ တွေ့ရတယ်။ စစ်တွေမြို့ဘက်ကို ဦးတည်တဲ့ စစ်မျက်နှာပြင်မှာ တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာနိုင်တယ်။ နှစ်ဖက်စလုံးက စစ်ရေးအရ အသာစီးရဖို့ ကြိုးပမ်းနေတဲ့ အခြေအနေမှာ ရှိတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အစိုးရတပ် စစ်ရေး သတင်းရင်းမြစ်တွေကတော့ မနေ့ စက်တင်ဘာ ၂၁ ရက်က ပုဏ္ဏားကျွန်းမြို့နယ် (မြောက်ပိုင်း) ရှိ AA ရဲ့ အခိုင်အမာတပ်စခန်း တခုကို အစိုးရတပ်က သိမ်းပိုက်ထားပြီး လက်နက်မျိုးစုံ ၅၈ လက်နဲ့ ရုပ်အလောင်း အများအပြား ရရှိထားတယ်လို့ ဓာတ်ပုံတွေနဲ့တကွ အသိပေးထားပါတယ်။
AA အနေနဲ့ ကျောက်တော်မြို့နယ်ကနေတဆင့် ပုဏ္ဏားကျွန်းမြို့နယ်ကို အင်အား ဖြည့်တင်းနေပြီး ပုဏ္ဏားကျွန်း (မြောက်ပိုင်း) မကျစေရေးအတွက် ခုခံနေတယ်လို့ ဆိုပါတယ်။
AA ဘက်ကလည်း စစ်တွေ – ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အစိုးတပ်ဆီက လက်နက်ခဲယမ်းတွေ၊ စစ်အသုံးအဆောင် ပစ္စည်းတွေ၊ စစ်သုံ့ပန်းတွေနဲ့ တပ်ဖွဲ့ဝင် အလောင်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က သတင်း ထုတ်ပြန်ထားပါတယ်။
အမြင့်ကျွန်းနဲ့ ကွမ်းတောင်အနီးရှိ အစိုးရတပ် စစ်ကြောင်းတွေမှ တပ်ဖွဲ့ဝင်တချို့ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့က ဖမ်းဆီးရမိခဲ့ပြီး သေဆုံးသူအများအပြား ရှိခဲ့တယ်လို့ AA ကထုတ်ပြန်တဲ့ ဓာတ်ပုံ မှတ်တမ်းတွေအရ သိရပါတယ်။
လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုတွေနဲ့အတူ တိုက်ပွဲအရှိန် မြင့်လာနဲ့အမျှ ငှက်ကြီးကျွန်း၊ အလယ်ကျွန်း၊ မက္ကာလာကျ၊ ကွန်းတောင်၊ ညောင်ရည်ချောင်း၊ ရဲရိုးပြင်နဲ့ ဝါဘို အပါအဝင် ကျေးရွာပေါင်း ၂၀ နီးပါးက ဒေသခံ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။
ဒါအပြင် ပုဏ္ဏားကျွန်းမြို့နယ် (တောင်ပိုင်း) ရှိ ကျေးရွာ ၁၅ ရွာထက်မနည်းမှ ဒေသခံတွေကိုလည်း ဘေးလွတ်ရာ အမြန်ဆုံး ရွှေ့ပြောင်းကြဖို့ AA က အိမ်တိုင်ရာရောက် လိုက်လံ သတိပေးထားတယ်လို့ သိရပါတယ်။
ဒါအပြင် လက်နက်ကြီး ဆက်တိုက် ပစ်ခတ်မှုတွေကြောင့် ရသေ့တောင်မြို့နယ်က ဒေသခံတွေလည်း နေရပ်စွန့်ခွာနေရသလို ပေါက်တော၊ မြောက်ဦး၊ မင်းပြားနဲ့ ဂွမြို့နယ်တွေမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်နေချိန် မနေ့ စက်တင်ဘာ ၂၁ ရက်ကလည်း ပေါက်တော၊ မင်းပြားနဲ့ ဂွမြို့နယ်တို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး တယောက် သေဆုံးကာ သုံးယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Photo – CJ
