အုတ်တွင်းမြို့နယ် တိုက်ပွဲဆက်ဖြစ်​နေလို့ ဒေသခံတွေ နေရပ်မပြန်နိုင်သေး

စက်တင်ဘာ ၂၂ – ၂၀၂၆
SS (VOM)
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်မှာ အခုရက်ပိုင်းအတွင်း ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးဘူးလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အုတ်တွင်းမြို့နယ်ထဲက ကရင်ရွာ၊ ရွှေလောင်း၊ အင်းဝိုင်းနဲ့ ဘိုကုန်းကျေးရွာတွေဘက်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ကစပြီး အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေ တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲ သုံးရက်ကြာ ငြိမ်သက်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့၊ ညနေပိုင်းက ကရင်ရွာကြီးဝန်းကျင်မှာ တကြိမ်၊ မနေ့ စက်တင်ဘာ ၂၁ ရက်၊ နေ့လယ် ၁၂ နာရီဝန်းကျင်က ပဲကြီးခုံကျေးရွာမှာ တကြိမ် ဒရုန်း တိုက်ခိုက်မှုတွေနဲ့အတူ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
“မနေ့က တိုက်ပွဲဖြစ်တဲ့အချိန် ဒရုန်းချတာ ခုနစ်လုံးလောက်ရှိတယ်။ လူအထိအခိုက်တော့ မကြားမိသေးဘူး။ အခု တိုက်ပွဲဖြစ်တဲ့ နေရာတွေက အမြန်လမ်း အနောက်ဘက်မှာ။ အမြန်လမ်းနဲ့ဆို ၄ မိုင်၊ ၅ မိုင်လောက် ဝေးတယ်” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
တိုက်ပွဲကြောင့် အုတ်တွင်းမြို့၊ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင် ၁၄၄/၄ ဖာလုံ အနောက်ဘက်ရှိ ရွှေလောင်း၊ ဘိုကုန်း၊ အင်းဝိုင်း၊ လွှဲစင်ကုန်း၊ ဇီးကုန်း၊ အဝေရာ၊ ကရင်ရွာကြီး အစရှိတဲ့ ကျေးရွာတွေက ဒေသခံ ၂၀၀၀ နီးပါး စစ်ရှောင်နေရတယ်လို့ သိရပါတယ်။
ယာယီ တိုက်ပွဲရှောင် စခန်းတွေဖြစ်တဲ့ ဝဲကြီး ဓါတ်တော်ဘုန်းကြီးကျောင်း၊ ဇီးပင်သာဘုန်းကြီးကျောင်း၊ ဘမ်းဖဘုန်းတော်ကြီးကျောင်း၊ တောင်ငူမြို့ ကျောင်းနောက်ရွာနဲ့ ဆွေမျိုးသားချင်းတွေရှိရာ နီးစပ်ရာကျေးရွာတွေမှာ ခိုလှုံနေကြတယ်လို့ သိရပါတယ်။
“နေရပ်စွန့်ခွာတွေကတော့ အရင်က ရှိပြီးသား အရေအတွက်ထက်ကို နည်းနည်းတိုးလာတယ်။ စားဖို့သောက်ဖို့အတွက်ကလည်း ခက်ခဲနေတယ်။ လောလောဆယ် အလှူရှင်တွေကလည်း ရှားတဲ့အချိန်၊ စီးပွားရေး ကြပ်တည်းနေကြတဲ့အချိန် ဆိုတော့ လွယ်တော့ မလွယ်ဘူးပေါ့။ ဒါပေမယ့် ဖြစ်အောင်တော့ ကျွေးနေရတာပါပဲ။ တိုက်ပွဲက ဒီနေ့တော့ ငြိမ်နေတယ်။ ဒါပေမယ့် ဘယ်အချိန် ပြန်ဖြစ်ဦးမလဲဆိုတာ မသိရသေးတော့ စစ်ရှောင်တွေ အိမ်ပြန်ဖို့ကတော့ အခြေအနေ စောင့်ကြည့်နေရတုန်းပါပဲ” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း တောင်ငူခရိုင် ၃၅၀၁ တပ်က တပ်ဖွဲ့ဝင် ငါးယောက်အပါအဝင် ၁၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပြီး ဒဏ်ရာသူတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။
အုတ်တွင်းမြို့နယ်က ရွှေလောင်းနဲ့ ဘိုကုန်းကျေးရွာတွေမှာ တိုက်ပွဲတွေ မကြာခဏဖြစ်လေ့ရှိပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ကလည်း ဘိုကုန်းကျေးရွာ စာသင်ကျောင်းအတွင်း အမည်မသိ လက်နက်ကိုင်တပ်တွေ ဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ခဲ့ပြီး ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – လူမှုကူညီရေးအသင်း

Related posts

VOM News

FREE
VIEW