သရုပ်ဆောင်မိုးအောင်ရင်ကို မူးယစ်ဆေးဝါးမှုနဲ့ထောင်ငါးနှစ်ချလိုက်ပြီ
ရန်ကုန် နိုဝင်ဘာ-၂၇-၂၀၁၈
လင်းလက်အောင်(VOM)
ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ်တရားရုံး မြို့နယ်တရားသူကြီး တရားခွင်ကနေ မူးယစ်ဆေးဝါးမှုနဲ့ နိုဝင်ဘာ ၂၇ ရက်နေ့မှာထောင်ငါးနှစ်ချမှတ်လိုက်ပါတယ်။
မိုးအောင်ရင်ကိုစစ်ဆေးရာမှာ စစ်ဆေးပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်တယ်ဆိုတာ ထင်ရှားလို့ မြို့နယ်တရားသူကြီးက မိုးအောင်ရင်ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ-၁၅ အရ ထောင်ဒဏ်(၃)နှစ်၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ-၁၆(ဂ) အရ ထောင်ဒဏ်(၅)နှစ် အဲဒီပြစ်ဒဏ်နှစ်ရပ်ကို တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချ မှတ်ခဲ့ပါတယ်။
မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ် အမှတ်(၂)ရပ်ကွက် နေကြာ/သာယာကုန်းလမ်းမှာရှိတဲ့ ခြောက်လွှာတိုက်ခန်းတစ်ခုပေါ်မှာ သူလွယ်ထားတဲ့အိတ်ထဲကနေ မူးယစ်ဆေးဝါးတွေနဲ့အတူ ပုဇွန်တောင်မြို့မရဲစခန်းကရဲတပ်ဖွဲ့ဝင်တွေရယ် တာမွေမြို့မရဲစခန်းကရဲတပ်ဖွဲ့ဝင်တွေရယ်က ပူးပေါင်းပြီး ဖမ်းဆီးရမိခဲ့တာပါ။ အဲဒီမတိုင်ခင် ၂၀၁၆ ခုနှစ် သြဂုတ် ၂၉ ရက် မနက် ၃ နာရီလောက်မှာ တာမွေမြို့မရဲစခန်းကတပ်ဖွဲ့ဝင်တွေက တာမွေမြို့နယ် တာမွေလေးရပ်ကွက် မင်းရဲကျော်စွာအိမ်ရာမှာ အိမ်ငှားနေတဲ့ မိုးအောင်ရင် အိမ်ကိုဝင်ရောက်ရှာဖွေခဲ့ကြတယ်လို့သိရပါတယ်။ ဒီလိုဝင်ရှာတော့ မိုးအောင်ရင်ကိုမတွေ့ရပေမဲ့ အိမ်ထဲမှာသူ့ သူငယ်ချင်းတွေဖြစ်တဲ့ ဘုန်းမြင့်အောင်နဲ့လူလူသန်းဦး တို့ကိုသာတွေ့ရှိခဲ့ရပြီးတော့ မိုးအောင်ရင် ရဲ့အိပ်ရာဝဲဘက်ခြမ်းမွေရာနဲ့မွေ့ရာအောက်ကနေ မူးယစ်ဆေးဝါးများတွေ့ရှိခဲ့ရသလို ခုတင်အောက် ကြမ်းပြင်ပေါ်မှာလည်း ဘိန်းဖြူ အမှုန့်တွေကပ်နေတဲ့ဘူးတွေ ဘိန်းဖြူထိုးချိန်မှာ ရောစပ်ရတဲ့ကိရိယာတွေ ဆေးရှူ ရင်သုံးတဲ့ ပိုက်တပ်ကော်ဘူးတွေကို သိမ်းဆည်းရမိခဲ့ကြပါတယ်။
နောက်ပြီး လူလူသန်းဦးနဲ့ဘုန်းမြင့်အောင်တို့ဝတ်ထားတဲ့ ဘောင်းဘီအိတ်ကပ်ထဲကနေ ဘိန်းဖြူ ထိုးရင်သုံးတဲ့ (1.CC) ဆေးထိုးပိုက်တွေကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒါ့ကြောင့် မိုးအောင်ရင်ကို ပုဇွန်တောင်မြို့မရဲစခန်းက မူးယစ်ဆေးသုံးစွဲမှုနှင့်လက်ဝယ်ထားရှိမှု မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ-၁၅/၁၆(ဂ)အရအမှုဖွင့်စစ်ဆေးခဲ့ပြီး တာမွေမြို့မရဲစခန်းကလည်း ဘုန်းမြင့်အောင်(ခ)ဒေးဗစ်နဲ့လူလူသန်းဦးတို့နှစ်ယောက်ကို တာမွေမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ- ၁၅/၁၉(က)/၂၁ အရအမှုဖွင့်စစ်ဆေးခဲ့ကြပါတယ်။
#voiceofmyanmar #မိုးအောင်ရင်