မီဇိုရမ်ပြည်နယ်က မြန်မာဒုက္ခသည်ကလေးတွေ ကျောင်းဆက်တက်ခွင့် ပြည်နယ်အစိုးရခွင့်ပြု

ဒေလီ၊ စက်တင်ဘာ-၁-၂၀၂၁
မျိုးဆက် (VOM)
 
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ရောက်ရှိနေတဲ့ မြန်မာဒုက္ခသည်ကလေးငယ်တွေကို ပြည်နယ်ထဲက အစိုးရကျောင်းတွေမှာ ပညာသင်ကြားခွင့်ပြုဖို့ ခရိုင်ပညာရေးမှူးအားလုံးကို မီဇိုရမ်ပြည်နယ်အစိုးရက ညွှန်ကြားထားပါတယ်။
 
မီဇိုရမ်ပြည်နယ်ဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ၄၀၀ ကီလိုမီတာထိစပ်နေပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေးပြောင်းအလဲဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံသားရာပေါင်းများစွာ လာရောက်ခိုလှုံနေကြပါတယ်။
 
၂၀၀၉မှာပြဋ္ဌာန်းထားတဲ့ ကလေးငယ်တွေကို အခမဲ့နဲ့မသင်မနေရပညာရေးအခွင့်အရေး ဥပဒေ အခန်း ၂(၄) အရ ဆင်းရဲချို့တဲ့ပြီး ဘေးဒုက္ခရောက်နေတဲ့အသိုင်းအဝိုင်းက အသက် ခြောက်နှစ်ကနေ ၁၄ နှစ်အရွယ်ကလေးငယ်တွေဟာ မူလတန်းပညာရေးပြီးမြောက်ဖို့အတွက် သူတို့ရဲ့အသက်အရွယ်နဲ့ကိုက်ညီတဲ့ အတန်းတစ်ခုမှာ တက်ရောက်ခွင့်ရှိတယ်လို့ ပြည်နယ်ပညာရေးမှူး James Lalrinchhanda က ခရိုင်ပညာရေးမှူးတွေအားလုံးကို သြဂုတ် ၃၁ ရက်မှာ စာနဲ့ညွှန်ကြားခဲ့တာဖြစ်ပါတယ်။
 
ဥပဒေပြဌာန်းချက်အရ ဒုက္ခသည်ကလေးငယ်တွေကျောင်းဆက်တက်နိုင်ဖို့အတွက် လိုအပ်တဲ့လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ မိမိတောင်းဆိုကြောင်း အဲ့ဒီညွှန်ကြားစာမှာ ဖော်ပြထားပါတယ်။
 
လက်ရှိအချိန်ထိ မီဇိုရမ်ပြည်နယ်ထဲမှာ ရောက်ရှိနေတဲ့ မြန်မာဒုက္ခသည်ကလေးငယ် ၄၀၀ နီးပါးရှိပြီး အများစုကတော့ ချမ်ဖိုင်ခရိုင်နဲ့ အိုင်ဇွယ်ခရိုင်တို့မှာဖြစ်ပါတယ်။
 
ယခုနှစ် မတ်လမှစ၍ နိုင်ငံရေးသမားတွေ၊ လွှတ်တော်အမတ်တွေ၊ အစိုးရတာ၀န်ရှိသူတွေ၊ ရဲတပ်ဖွဲ့၀င်တွေနဲ့ သူတို့ရဲ့မိသားစုတွေအပါအ၀င် ထောင်ပေါင်းများစွာသော မြန်မာနိုင်ငံသားတွေဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ၀င်ရောခိုလှုံခဲ့ကြပါတယ်။
 
Ref : Hindustan Times
Photo: Lawngtlai district administration
#voiceofmyanmar #VOM #ဒေလီ

Related posts

✕
VOM News

FREE
VIEW