ပုသိမ်မှာ ပိုးကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော် သင်းအုပ်ဆရာ နေအိမ်အတွင်း အသတ်ခံရ

စက်တင်ဘာ ၊ ၃-၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ်(၁၃) ရပ်ကွက်၊ တိုးချဲ့စံပြ(၃)လမ်းမှာနေတဲ့ ပိုးကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော်က သင်းအုပ်ဆရာတဦး နေအိမ်မှာ အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၅၀ အရွယ်ရှိတဲ့ ပိုးကရင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် သင်းအုပ်ဆရာဦးမန်းကျော်စိုးလတ်(ခ) ဆရာခေးကို နေအိမ်က အလုပ်သမားတွေ နေထိုင်တဲ့ အခန်းဝမှာ မနေ့ စက်တင်ဘာ ၂ ရက် ည ၇ နာရီ ၃၀ မိနစ်အချိန်ခန့်အသတ်ခံထားရတဲ့ ရုပ်အလောင်းကို မိသားစုတွေကတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ဆရာ့ရဲ့ ဦးခေါင်းကို သံတူရွင်းနဲ့ ၄ ချက်လောက်ရုက်ပြီးမှ ဓားနဲ့ ထပ်ထိုးသွားတာပါ ၊ လည်ပင်းကိုလည်း ပလပ်စတစ်ကြိုးနဲ့ပတ်ပြီး သတ်သွားတာ ၊လတ်တလောတော့ ဆရာ့ရဲ့အိမ်မှာလုပ်နေတဲ့အလုပ်သမားတဦးက သတ်တာလို့ ယူဆတယ် ၊ လက်ရှိ အဲ့ဒီအလုပ်သမားကလည်း ထွက်ပြေးသွားတယ် ၊ရဲတပ်ဖွဲ့ကတော့ လာစစ်ဆေးသွားတယ်”လို့ အသတ်ခံရတဲ့ ဆရာ့ရဲ့တပည့်ဖြစ်သူတဦးကပြောပါတယ်။

အဲ့ဒီ့အသတ်ခံရတဲ့ အသင်းအုပ်ဆရာ ဦးမန်းကျော်စိုးလတ်ရဲ့ ဆိုင်ကယ် ၁ စီး၊ ပိုက်ဆံတချို့နဲ့ ဖုန်း ၁ လုံးကိုလည်း လူသတ်သမားက ယူဆောင်သွားတယ်လို့သိရပြီး ရုပ်အလောင်းမှာ စိတ်မကောင်းစရာဖြစ်အောင် သတ်ဖြတ်သွားတာဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

”ဆရာက အနေအေးသူပါ ရန်သူရှိလောက်တဲ့အထိလည်း မကြားမိပါဘူး ၊ ဆရာ့ကို သတ်ပြီး ဆရာ့ရဲ့ ပိုက်ဆံတွေ နောက်ပြီး ဆရာ့ရဲ့ ဆိုင်ကယ် ၊ဖုန်းတွေကိုပါ လူသတ်သမားက ယူသွားတာတွေ့ရတယ် ၊ဆရာ့ရဲ့ ရုပ်အလောင်းကို ဆေးရုံသယ်ပြီး စစ်ဆေးတာတွေလုပ်နေတယ်၊ ရုတ်တရက်ဆိုတော့ အရမ်းစိတ်မကောင်းဖြစ်ရတယ် ၊ တကယ်လို့ အလုပ်သမားဆိုသူက သတ်သွားတာ ဆိုရင်တော့ ငွေကြေးလိုအပ်ချက်ကြောင့်လို့ပဲယူဆတယ်”လို့ အသတ်ခံရတဲ့ဆရာရဲ့အိမ်အနီးမှာနေထိုင်သူတဦးကပြောပါတယ်။

အခင်းဖြစ်ပွားပြီး အနည်းအငယ်အကြာမှာ တာဝန်ရှိသူတွေ လာရောက်စစ်ဆေးခဲ့တယ်လို့သိရပြီး အသင်းအုပ်ဆရာ ဦးမန်းကျော်စိုးလတ်ရဲ့ ရုပ်အလောင်းကို ပုသိမ်မြို့ ပြည်သူ့ဆေးရုံကိုပို့ဆောင်ပြီး ရင်ခွဲစစ်ဆေးတာတွေလုပ်နေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးရဲ့အတည်ပြုပြောပြချက်အရ သိရပါတယ်။

ဦးမန်းကျော်စိုးလတ်ကို သတ်သွားတဲ့ လူသတ်တရားခံမှာ ထွက်ပြေးလွတ်နေလို့ တရားဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ ရဲတပ်ဖွဲ့နဲ့တပ်က ပုသိမ်မြို့ရဲ့ အဓိကကျတဲ့ ဝင်ပေါက်၊ထွက်ပေါက်တွေမှာ ပိတ်ဆို့ စစ်ဆေးရှာဖွေတာတွေ လုပ်နေတယ်လို့သိရပါတယ်။

ပုသိမ်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ငွေကြေး လိုအပ်ချက်တစ်ခုကြောင့် တရားလွှတ်တော်ရှေ့နေတဦးကို သူ့အိမ်က အလုပ်သမားက ပြန်သတ်ပြီး ပိုက်ဆံနဲ့ဖုန်း ယူဆောင်ထွက်ပြေးသွားခဲ့ပြီး အဲ့ဒီ့လူသတ်သမား ၂ ဦးကို ရက်ပိုင်းအတွင်းမှာပဲ ရဲတပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ပုသိမ် #ပိုးကရင်နှစ်ချင်းခရစ်ယာန်သင်းအုပ်ဆရာ #အသတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW