Taxi နဲ့ Delivery လိုက်ပို့တဲ့ တောင်ဒဂုံက အမျိုးသားတဦး အသတ်ခံရပြီး အလောင်းကို တွံတေးလမ်းဘေး စွန့်ပစ်ခံရ

ဇန်နဝါရီ ၆ – ၂၀၂၃
GG(VOM)

ရန်ကုန်မှာ Taxi အငှားယာဥ်နဲ့ Delivery လိုက်ပို့တဲ့ အမျိုးသားတဦးကို လက်တွေ၊ခြေတွေကြိုးတုပ်ပြီး သတ်ကာ တွံတေးမြို့အပိုင်ထဲက လက်တိုခတ္ထယဖြတ်လမ်းဘေး တောထဲမှာ အလောင်းစွန့်ပစ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ အမျိုးသားဟာ ဇန်နဝါရီလ ၄ ရက်နေ့မှာ ကားနဲ့ Delivery လိုက်ပို့ဖို့ထွက်သွားပြီး ညဘက်အိမ်ပြန်လာချိန်မှာ မိသားစုနဲ့အဆက်အသွယ်ပြတ်တောက်ခဲ့တာဖြစ်ကြောင်း၊ အဲ့ဒီနောက် မနေ့ ဇန်နဝါရီ ၅ရက်နေ့ ညမှာ အသတ်ခံရပြီး အလောင်းစွန့်ပစ်ထားခံရကြောင်းကို သိရှိခဲ့ရတာဖြစ်ပါတယ်။

” တွံတေးအပိုင်မှာပေါ့။ ကိုယ်တီးလုံးချွတ်အနေအထားနဲ့ လမ်းဘေးမြောင်း ချုံပုတ်တောထဲတွေ့တာ။ လက်ပြန်ကြိုးတုပ်ထားတယ်။ခြေထောက်ကြိုးတုပ်ထားတယ်။ခန္ဓာကိုယ်ပြင်ပ ထိုးသွင်း ဒဏ်ရာမတွေ့ရဘူး၊မျက်နှာဖူးယောင်ဒဏ်ရာတော့ရှိတယ်။ သူ့မိသားစုကတော့ လည်ပင်းညစ်သတ်တာမျိုးလို့ပြောနေကြတာပဲ။မိသားစုဝင်ပြောတာ နားကပ်တဖက် ၊နာရီမတွေ့ရဘူးတဲ့”လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ကရုဏတွဲလက်လူမှုကူညီရေးအသင်း အဖွဲ့ဝင်တဦးကပြောပါတယ်။

သေဆုံးနေတဲ့ရုပ်အလောင်းနဲ့အတူ ကားကိုပါပြန်လည်တွေ့ရှိရပြီး အလောင်းကိုတော့ ညအချိန်ကတည်းက လှိုင်သာယာဆေးရုံကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။

အသတ်ခံရသူကတော့ တောင်ဒဂုံမြို့နယ်၊ ၆၅ ရပ်ကွက်၊ သစ်ဆိပ်မှတ်တိုင်အနီးမှာ နေထိုင်တဲ့ ဦးကျော်ထွန်းဝင်းဆိုသူဖြစ်ပြီး သူရဲ့ကားကတော့ ယာဥ်အမှတ် AA/ 7601၊ ကော်ရိုရာ ဖင်ကောက်အဖြူရောင် အမျိုးအစား အငှားယာဉ်ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလ ၁ ရက်နေ့ ကလည်း ရန်ကုန် ထောက်ကြန့်မြို့နယ်မှာ အငှားယာဉ်မောင်းတဦး အသတ်ခံရပြီး ကားအလုခံရမှုဖြစ်ပွားခဲ့ပါတယ်။

နောက်ပြီး လိူင်သာယာမြို့နယ်မှာလည်း လူသတ်ပြီး ကားလုယက်ကာ လမ်းဘေးအလောင်းစွန့်ပစ်မှုတွေ ၂၀၂၂ခု နှစ်တုန်းကဖြစ်ပွားခဲ့တာတွေရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #တက်စီနဲ့ပစ္စည်းပို့ဆောင်သူအသတ်ခံရ #အလောင်းလမ်းဘေးစွန့်ပစ်ခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW