လက်ပံတောင်းဒေသဘက်က ရွာ ၃ ရွာ မီးရှို့ဖျက်ဆီးခံရ ၊ လူနေအိမ် တစ်ရာကျော် ပျက်စီးဆုံးရှုံး

ဇန်နဝါရီ ၊ ၈ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ လက်ပံတောင်း ဒေသဘက်က ကျေးရွာ ၃ ရွာကို ဇန်နဝါရီ ၆ ရက်နဲ့ ၇ ရက်တွေက ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခံရတာကြောင့် လူနေအိမ် တစ်ရာကျော် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ဖောင်းကတာရွာမှာက လူနေအိမ် တစ်ရာကျော် ၊ ကျောက်ဖြူတိုင်ရွာမှာက ၅ လုံး နဲ့ မိုးကြိုပြင် (တောင်)ရွာမှာက ၆၀ ကျော် မီးလောင်ပျက်စီးတယ် ၊ စစ်ကြောင်းဝင်လာတာနဲ့ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေတာဆိုတော့ ဘယ်အဖွဲ့အစည်းက မီးရှို့တယ်ဆိုတာ မသိရဘူး”လို့ ဖောင်းကတာဒေသခံ တယောက်က ပြောပါတယ်။

ကျေးရွာ ၃ ရွာ မီးရှို့ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး ယင်းမာပင်ခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” အဲ့ဒီဘက်မှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာရှိတယ် ၊ ထိတွေ့ပစ်ခတ်တာတွေဖြစ်ပြီး ရွာထဲက လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ က ဆားလင်းကြီးမြို့နယ် ၊ ဝါးတန်း ၊ မိုးကြိုးပြင် ၊ ဖောင်းကား ၊ တောကျောင်း ၊ ဆားထုံး ၊ တုံ ၊ ရေခါး စတဲ့ကျေးရွာတွေ အပါအဝင် ရွာပေါင်း ၂၀ ကျော် မီးရှို့ဖျက်ဆီးခံရတဲ့အတွက် လူနေအိမ် ၅၀၀ ကျော် မီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ဆားလင်းကြီး #ရွာသုံးရွာမီးရှို့ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW