အမေရိကန်ရဲ့ နျူကလီးယားနဲ့ စစ်ရေးလျှို့ဝှက်ချက်တွေ သိမ်းဆည်းထားမှု သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို စွဲချက် ၃၇ ခုနဲ့ တရားစွဲ

၀ါရှင်တန်၊ ဇွန်-၁၀-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ဟာ ရာထူးကနေထွက်ခွာပြီးနောက် အမေရိကန်ရဲ့ နျူကလီးယားလျှို့ဝှက်ချက်တွေနဲ့ စစ်ရေးအစီအစဉ်တွေအပါအ၀င် လျှို့ဝှက်စာရွက်စာတမ်းတွေကို ထိန်းသိမ်းထားမှုအတွက် ဇွန် ၉ ရက်မှာ တရားစွဲဆိုခံလိုက်ရပါတယ်။

ဒေါ်နယ်ထရန့်ဟာ အဲဒီလျှိူ့ဝှက်စာရွက်စာတမ်းတွေကို ဖလော်ရီဒါရှိ သူ့ရဲ့နေအိမ်မှည ခွင့်ပြုချက်မရှိဘဲ သိမ်းဆည်းထားခြင်းအပါအ၀င် စွဲချက် ၃၇ ခုနဲ့ တာ၀န်ရှိသူတွေက တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်နယ်ထရန့်ဟာ စုံစမ်းစစ်ဆေးသူတွေကို လိမ်ညာခဲ့ကြောင်းနဲ့ ဟန့်တားဖို့ ကြိုးပမ်းခဲ့ကြောင်း စွပ်စွဲခံထားရပြီး ၂၀၂၄ ခုနှစ်မှာ သမ္မတအဖြစ် ထပ်မံရွေးချယ်ခံမယ့် ဒေါ်နယ်ထရန့်ကတော့ အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။

အဲဒီတရားစွဲဆိုမှုမှာ အမေရိကန်သမ္မတဟောင်းတဦးအပေါ် ပထဆုံးပြည်ထောင်စုအဆင့် တရားစွဲဆိုမှုလည်းဖြစ်ပြီး စာမျက်နှာ ၄၉ မျက်နှာရှိတဲ့စွဲချက်တွေမှာတော့ ဒေါ်နယ်ထရန့်က လျှို့ဝှက်စာရွက်စာတမ်းတွေကို သိမ်းဆည်းထားတဲ့ အသေးစိတ်အကြောင်းတွေ ဖော်ပြထားပါတယ်။

သူဟာ သမ္မတရာထူးမှထွက်ခွာချိန်မှာ လျှို့ဝှက်စာရွက်စာတမ်း ၃၀၀ ခန့်ကိုယူဆောင်သွားခဲ့ကြောင်း အစိုးရရှေ့နေတွေကပြောပါတယ်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး ပထမဆုံးရုံးချိန်းကို ဇွန် ၁၃ ရက်မှာ ဖလော်ရီဒါပြည်နယ် မိုင်ယာမီမှာ ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

Ref: BBC
Photo:Getty Images
#VOM #voiceofmyanmar #ဝါရှင်တန်

Related posts

✕
VOM News

FREE
VIEW