ဇူလိုင် ၆ – ၂၀၂၃
SN (VOM)
ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ သဲချောင်းကျေးရွာအုပ်စု၊ သဲချောင်းရွာက နှစ်ရက်ကြာ ပျောက်ဆုံးနေတဲ့ သုံးနှစ်အရွယ် သမီးငယ်လေးကို ဒီနေ့ ဇူလိုင် ၆ ရက် မနက်ပိုင်းက သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ မိခင်ဖြစ်သူဆီက သိရပါတယ်။
ကလေးငယ်ဟာ ဇူလိုင် ၄ ရက်က မိခင်ဖြစ်သူ နွားပျောက်သွားရှာချိန် နေအိမ်မှာ တစ်ဦးတည်းကျန်ရစ်ခဲ့ရာက ပျောက်ဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ရွာစပ်ကနေဆိုရင် ကိုက်သုံးဆယ်လောက်ရှိမယ်၊ လယ်ကွင်းနားက ရေထဲမှာ ပြန်တွေ့ခဲ့ရတာပါ။ သေနေပါပြီရှင်။ အသုဘလည်းချလိုက်ပါပြီ။ ပုပ်လည်းပုပ်နေပြီဆိုတော့။ သူပျောက်တဲ့နေ့က ကျွန်မက နွားပျောက်လို့ အပြင်မှာသွားရှာနေတာ။ သမီးလေးကို ဖုန်းတစ်လုံးနဲ့ အိမ်မှာထားခဲ့တာ။ နွားရှာပြီးပြန်လာတာနဲ့ အိမ်မှာ သမီးကိုမတွေ့တော့ဘူး။ ဖုန်းပဲကျန်ခဲ့တယ်။ သူ့ကို ပျောက်ကတည်းက ရှာနေတာပါ။ တစ်ရွာလုံးလည်း ကူရှာပေးတယ်၊ မတွေ့ဘူး။ ဒီမနက်ကျမှ ရေထဲမှာပြန်တွေ့ခဲ့ရတာပါ” လို့ ကလေးငယ်ရဲ့မိခင်ဖြစ်သူက ငိုရင်း ပြောပါတယ်။
ဇူလိုင် ၄ ရက်၊ မနက် ၁၁ နာရီခွဲဝန်းကျင်က နွားပျောက်ရှာဖို့အတွက် သူမ အိမ်ကထွက်သွားပြီးနောက် မွန်းလွဲ ၂ နာရီဝန်းကျင်အချိန် အိမ်သို့ပြန်ရောက်စဉ် သမီးဖြစ်သူကို မတွေ့ရတော့တဲ့အတွက် ပတ်ဝန်းကျင်ကိုလှမ်းပြီး အကူအညီတောင်းခဲ့တယ်လို့ ပြောပါတယ်။
ကလေးငယ်ကို ဇူလိုင်လ ၄ ရက်နေ့ ညနေပိုင်းကစပြီး သူမရဲ့ဆွေမျိုးသားချင်းတွေနဲ့ ရွာသူရွာသားတွေက လိုက်လံ ရှာဖွေခဲ့ဖြစ်ပြီး နှစ်ရက်ခန့်အကြာ ဒီကနေ့ မနက်မှာ ရုပ်အလောင်းကို ပြန်တွေ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ကလေးငယ်ရဲ့ရုပ်အလောင်းကိုတော့ ကံပေါက်ဆေးရုံကို ပို့ဆောင်ပြီး ဓမ္မတာအတိုင်း သေဆုံးခဲ့ခြင်း ဟုတ်၊ မဟုတ် စစ်ဆေးပြီးနောက် သင်္ဂြိုဟ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်ကလည်း ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာ ကိုးလအရွယ် ကလေးငယ် (မ)တစ်ဦး ရေမြောင်းထဲ ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။
အဲ့ဒီ့ ကလေးငယ်ဟာ ဇွန် ၂၁ ရက်ကတည်းက ဖခင်ဖြစ်သူနဲ့ အတူအိပ်နေရင်းကနေ ပျောက်ဆုံးခဲ့ပြီး ၄ ရက်အကြာ ဇွန် ၂၅ ရက် မနက်ပိုင်းမှာ သူမရဲ့အလောင်းကို ပြန်တွေ့ခဲ့ရတာ ဖြစ်တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။
#voiceofmyanmar #VOM #ရေဖြူ