ကျုံအိတ်တံတားပြင်ဆင်နေစဥ် မိုင်းထပ်ကွဲလို့ လူ ၂ ယောက် ထိခိုက်ဒဏ်ရာရ

ဇူလိူင် ၉ – ၂၀၂၃
GG(VOM)

မွန်ပြည်နယ် ၊ ဘီလင်းမြို့နယ် ၊ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က မိုင်းခွဲဖျက်ဆီးခံထားရတဲ့ ကျုံအိတ်တံတား ပြင်ဆင်မှုလုပ်နေချိန် ဒီနေ့ ဇူလိုင် ၉ ရက် မနက်ပိုင်းက Drom နဲ့ ဗုံးကျဲခံရလို့ လူ ၂ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ မနက် ၁၀ နာရီကျော်လောက်မှာ မိုင်းခွဲခံခဲ့ရတဲ့ ပျက်စီးနေတဲ့ တံတားဘက်အခြမ်းကို ဘေလီတံတားထိုးနိုင်ဖို့ ပြင်ဆင်မှုတွေလုပ်နေစဥ် ဒရုန်းဗုံး နဲ့တိုက်ခိုက်ခံရတာဖြစ်ကြောင်း ၊အဲ့ဒီ တိုက်ခိုက်မှုမှာ ဖြတ်သန်းသွားလာတဲ့ ဘေးတွဲဆိုင်ကယ် စီးလာသူ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဗုံးထိမှန်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” ဗုံး ၁၀ လုံးလောက် ပစ်ချတယ် ၊ အဲ့ဒီမှာ လမ်းသွားတဲ့ ၂ယောက်ထိမိတယ်၊သူတို့က သားအမိတွေ ၊ သထုံ​မြို့ကပါပဲ ။သူတို့ကိုဆေးရုံပို့ကုသမှုပေးပါတယ်။ တိုက်ခိုက်မှုတွေဖြစ်တော့ တံတားပြင်ဆင်ရေးတွေလည်း ခဏ ရပ်ထားရတဲ့အခြေအနေပေါ့ ။ “လို့မြို့နယ်အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့ကလည်း ကျုံအိတ်တံတားကို ဒုတိယအကြိမ် ဗုံးခွဲခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရမှုရှိခဲ့တယ်လို့သိရပါတယ်။

ပျက်ဆီးနေတဲ့ တံတားအခြမ်းကို ဘေလီတံတထိုးပြီး ယာယီအစားထိုးသွားလာနိုင်ဖို့ လုပ်နေပေမယ့် ဗုံးကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်နေတာကြောင့် လုပ်ငန်းတွေ မပြီးနိုင်ဘဲ ​နှောင့်နေးနေရတယ်လို့ သိရပါတယ်။

” ဟုတ်တယ် ၊ အရင်ရက်ကလည်း ဒုတိယအကြိမ်မိုင်းခွဲခံရတယ်၊စစ်သားဒဏ်ရာရတာရှိတယ်သိရပေမယ့် အရေအတွက်တော့ မသိရဘူး။ဘေလီတံတားထိုးဖို့လုပ်နေတာက အခုမှ စရုံရှိသေးတဲ့အနေအထားပါ။ကျိုက်ထီးရိုးတောင်တက်တံတားပျက်စီးမှုကလည်း ပြင်လို့မပြီးသေးပါဘူး ၊အပေါ်က ကားနဲ့လာ တံတားနားရောက်ရင် အောက်ကတက်လာတဲ့ကားပေါ်ကိုရွေ့ပြောင်းစီးတဲ့ပုံစံနဲ့ သွားလာနေရတယ် “လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ကျုံအိတ်တံတားဟာ ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့ မနက် ၄ နာရီကျော်လောက်မှာ မိုင်းခွဲခံရတာဖြစ်ပြီး အဲ့ဒီနောက် တံတားပျက်စီးတာကို လာစစ်ဆေးတဲ့ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့လည်း ထပ်ပြီး မိုင်းခွဲခံရကာ ခရိုင်လမ်းဦးစီးဌာနက ညွှန်ကြားရေးမှူးအပါအဝင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဝန်ထမ်း ၂ ဦး၊ တံတားဦး ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁ ဦး၊ စစ်သားတပ်ကြပ်ကြီး ၁ ဦးနဲ့ ရဲတပ်သား ၁ ဦးတို့ သေဆုံးကာ ထိခိုက်ဒဏ်ရာရသူက ၂၆ ယောက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ မပျက်စီးသေးဘဲကျန်ရှိနေတဲ့ ကျုံအိတ်တံတား တခြမ်းကနေသာ ကုန်ကား အပါအဝင် ကားတွေကို တစ်စီးချင်း အလှည့်ကျဖြတ်သန်းသွားလာခွင့်ပေးနေရတာကြောင့် သွားလာရေးတွေကြန့်ကြာနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇူလိူင် ၆ ရက်နေ့ကလည်း ကျိုက်ထီးရိုတောင်တက်လမ်းက လေးဖာတော တံတားဖောက်ခွဲခံရပြီး ပျက်စီးမှုကိုလည်း ဒီနေ့အထိ ပြင်ဆင်နိုင်ခြင်းမရှိသေးတာကြောင့် ဘုရားဖူးခရီးသွားနဲ့ ဒေသခံတွေ အဆင်မပြေဖြစ်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကျုံအိတ်တံတား #ထပ်မံမိုင်းခွဲခံရ

Related posts

Leave a Comment

VOM News

FREE
VIEW