SN (VOM)
မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် မြန်မာကျပ်ငွေတန်ဖိုး အဆမတန် ကျဆင်းသွားပြီး ကုန်ဈေးနှုန်းတွေ တဟုန်ထိုးကြီးမြင့်လာတာကြောင့် ပြည်သူတွေ စားဝတ်နေရေးအတွက် ရုန်းကန်နေရပါတယ်။ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး သုံးနှစ်နီးပါးရှိလာချိန်မှာ အရင်က အချိန်မရွေးဝယ်ယူနိုင်တဲ့ ဆန်နဲ့ စားအုန်းဆီ စတဲ့ အခြေခံကုန်စည်တွေကိုတောင် ပြည်သူလူထုအနေနဲ့ တိုးဝှေ့ကာ၊ စကားများရန်ဖြစ်ကာ စီတန်းဝယ်ယူနေရတဲ့အခြေအနေကို ဆိုက်ရောက်နေတာပါ။
စီးပွားရေး လေ့လာသုံးသပ်သူတွေကတော့ ကုန်ဈေးနှုန်းကြီးမြင့်တာနဲ့ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းတာတွေအတွက် နစကမှာတာဝန်အရှိဆုံးဖြစ်တယ်လို့ တညီတညွတ်တည်း ပြောဆိုကြပါတယ်။ နစကရဲ့စီမံခန့်ခွဲမှု လိုအပ်ချက်တွေကြောင့် ပြည်သူတွေအကျပ်အတည်းနဲ့ ရင်ဆိုင်ရတာလို့လည်း ထောက်ပြကြပါတယ်။
နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် ကမ္ဘာ့နိုင်ငံများက စီးပွားရေး၊ ဘဏ္ဍာရေးပိတ်ဆို့မှုတွေ ချမှတ်နေတာကြောင့်လည်း အမေရိကန်ဒေါ်လာ လက်ဝယ်ပြတ်လပ်နေတဲ့ နစကဟာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေမှုကို မထိန်းချုပ်နိုင်တဲ့အတွက်ကုန်ဈေးနှုန်းဟာလည်း ကျွဲကူးရေပါ တက်မြဲတက်နေဆဲပါ။
နိုင်ငံရေးအပြောင်းအလဲမဖြစ်ခင် ၂၀၂၀ ခုနှစ်က ကြက်ဥတလုံး ၁၀၀ ကျပ်၊ စားအုန်းဆီ တပိဿာ ကျပ် ၂၀၀၀ ကျော်၊ 92 အောက်တိန်း တလီတာကို ကျပ် ၅၀၀ ကျော် ရှိခဲ့ရာကနေ လက်ရှိ ၂၀၂၃ ခုနှစ်မှာတော့ ကြက်ဥတလုံး ၃၀၀ ကျပ်၊ စားအုန်းဆီတပိဿာကို ကျပ် ၁၀၀၀၀ ကျော်၊ 92 အောက်တိန်း တလီတာကို ကျပ် ၂၀၀၀ ကျော်အထိ ဈေးတက်လာပါတယ်။
အဲ့ဒီ့လိုပဲ နိုင်ငံရေးအပြောင်းအလဲမဖြစ်ခင်က အမေရိကန် တဒေါ်လာကို ၁၃၀၀ ကျပ်ဝန်းကျင်၊ ရွှေတကျပ်သားကို ၁၃ သိန်းဝန်းကျင်သာ ရှိခဲ့ပေမယ့် လက်ရှိမှာ အမေရိကန်တဒေါ်လာကို ကျပ် ၃၀၀၀ ကျော်ဝန်းကျင်နဲ့ ရွှေတကျပ်သားကို ကျပ် ၃၅ သိန်းဝန်းကျင် ရှိနေပါတယ်။
“အခုက ရှာလို့ရသမျှ ပိုက်ဆံတွေက အစစအရာရာ ဈေးတက်နေတော့ ဘယ်လိုမှ အသုံးမခံဘူး။ ပိုက်ဆံပိုလျှံတယ်ဆိုတာ မရှိတာကြာပြီ။ ရသမျှပိုက်ဆံကို အပိုစုဆောင်းဖို့မပြောနဲ့ မနည်းလောက်ငှအောင် စစ်စစ်စီစီ စားနေရတာ။ ကျောမွဲလူတန်းစားတွေရဲ့တနေ့လုပ်ခကလည်း တသောင်းထက်ကျော်ပြီးရဖို့ မလွယ်ဘူးလေ။ အဲဒါတောင် နေ့တိုင်း အလုပ်လုပ်နိုင်မှနော်။ အခု ဝယ်ရတဲ့ဆန်၊ ဆီ၊ မိသားစုစရိတ်နဲ့ဆို ဘယ်လိုမှ မလောက်ငှဘူး” လို့ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။
လက်လီစျေးကွက်အတွင်း ဆန်စျေးနှုန်းတွေဟာ စျေးအမြင့်ပိုင်းမှာ ဆက်လက်ရှိနေပြီး ဆန်ကြမ်းအုပ်စုဝင် ငစိန်ဆန်မှာ တပြည်ကို ၂၈၀၀ ကျပ်မှ ၃၀၀၀ ကျပ်ကြား၊ ဧည့်မထဆန်မှာ ၃၁၀၀ ကျပ်မှ ၃၂၀၀ ကျပ်ကြား၊ ဆန်ချောအုပ်စုဝင် ပေါ်ဆန်း (နယ်စုံ) မှာ၄၅၀၀ ကျပ်မှ ၅၅၀၀ ကျပ်ကြား၊ ပေါ်ဆန်း (ပုသိမ်) မှာ ၆၂၀၀ ကျပ်မှ ၆၈၀၀ ကျပ်ကြား၊ ပေါ်ဆန်း (ဒေးဒရဲ၊ ဖျာပုံ) တို့မှာ၅၈၀၀ ကျပ်မှ ၆၂၀၀ ကျပ်ကြား၊ ပေါ်ဆန်း (ရွှေဘို) မှာ ၆၈၀၀ ကျပ်မှ ၇၀၀၀ ကျပ်ကြား၊ ပေါ်ဆန်း (ရွှေဘို-ထူးရှယ်) မှာ ၇၀၀၀ကျပ်မှ ၇၂၀၀ ကျပ်ကြား စတဲ့ ဈေးတွေနဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။
ကြက်သားဈေးတွေကတော့ လက်လီစျေးများအတွင်း စျေးအနည်းငယ် ပြန်လည် မြင့်တက်လာပြီး အသားတိုးကြက်မှာ တပိဿာ တသောင်းကျပ်မှ တသောင်းသုံးထောင်ကျပ်ကြား၊ ဗမာကြက် တပိဿာကို နှစ်သောင်းကျပ်မှ နှစ်သောင်းလေးထောင်ကျပ်ကြား၊ ဒံပေါက်ကြက် (ကြက်ပေါက်) မှာ တပိဿာကို တသောင်းခြောက်ထောင်ကျပ်မှ တသောင်းရှစ်ထောင်ကျပ်ကြား စသဖြင့် ရောင်းချနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် အသားငါးဈေးကွက်အတွင်း လက်ရှိမှာ ငါးသလောက် အကောင်ငယ်တွေဝင်ရောက်နေတာကို တွေ့ရပြီး တဆယ်သားကို ၂၈၀၀ ကျပ်မှ ၃၀၀၀ ကျပ်ဈေး ရှိနေပါတယ်။ အဲ့ဒီ့ ငါးသလောက် အကောင်ငယ်တွေဟာ တကောင်ကို ပျမ်းမျှ ၂၀ ကျပ်သားဝန်းကျင်ရှိနေတယ်လို့ သိရပါတယ်။
ကြက်သွန်နီတွေဟာလည်း စျေးနှုန်းအနည်းငယ် ဆက်လက် မြင့်တက်နေပြီး တပိဿာကို ၃၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်ကြားဈေးနဲ့ရောင်းချနေပါတယ်။ ကြက်သွန်ဖြူဈေးကတော့ တပိဿာ တသောင်းရှစ်ထောင်ကျပ် ပေါက်ဈေးရှိပါတယ်။ ကုန်စိမ်းပစ္စည်းတွေအနက် အရွက်ဖားဖားနဲ့ တရုတ်ကန်စွန်းတွေ ရှားပါးနေပြီး ခုနစ်ပင် ဒါမှမဟုတ် ရှစ်ပင်ပါ တစည်းကို ၆၀၀ ကျပ်မှ ၇၀၀ ကျပ်ကြားဖြစ်နေသလို ကန်စွန်းရိုးနီနဲ့ ချဉ်ပေါင်ရွက်မှာ တစည်းကို ၃၀၀ ကျပ်မှ ၄၀၀ ကျပ်ကြားဈေးဖြစ်နေတယ်လို့ သိရပါတယ်။
ပြင်ပစျေးကွက်အတွင်း ပျောက်နေတဲ့ စားအုန်းဆီတွေကို လက်လီစျေးတွေကဆိုင်တချို့မှာ ပြန်လည်ရောင်းချလာပြီး တပိဿာကို ၈၅၀၀ ကျပ်ဝန်းကျင် ပေါက်စျေးရှိနေသလို ပဲဆီတွေအနေနဲ့လည်း ပဲအရောဆီမှာ တသောင်းလေးထောင်ကျပ်၊ ပဲဆီ (မကွေး)၊ ပဲဆီ (အောင်လံ)၊ ပဲဆီ (မင်းဘူး) တို့မှာ တပိဿာကို တသောင်းခြောက်ထောင်ကျပ်မှ နှစ်သောင်းနှစ်ထောင်ကျပ်ကြား၊ဆုံဆီမှာ နှစ်သောင်သုံးထောင်ကျပ်မှ ကျပ် နှစ်သောင်းခွဲကြား စသဖြင့် ရောင်းချနေတယ်လို့ သိရပြီး ဒီဈေးနှုန်းတွေဟာ နေရာဒေသအလိုက် ကွဲလွဲမှုရှိနိုင်တယ်လို့ သိရပါတယ်။
အခုလို ကုန်ဈေးနှုန်း မြင့်တက်နေမှုတွေကို ထိန်းချုပ်နိုင်ဖို့ နစက က “ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ” ကိုအခုနှစ် ဇူလိုင်လ ၂၇ ရက်က ဖွဲ့စည်းပြီး အခြေခံ စားသောက်ကုန်ဈေးနှုန်းတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေပေမယ့် ခုတ်ရာတခြား၊ရှရာတလွဲ ဖြစ်လို့နေပြီး ကုန်ဈေးနှုန်းတွေကတော့ အတက်ဘက်ကိုသာ ဦးတည်လို့နေပါတယ်။ ဒါ့အပြင် နစကအနေနဲ့ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက်လို့ဆိုပြီး ဆန်၊ ဆီ စတဲ့ အခြေခံစားသောက်ကုန်တွေကို ရန်ကုန်မြို့တွင်းက မြို့နယ်တချို့မှာဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းချပေးနေပေမယ့် အဲ့ဒီ့လုပ်ဆောင်ချက်တွေဟာ တကယ့်လက်တွေ့ မြေပြင်ကပြဿနာတွေကိုမဖြေရှင်းနိုင်ဘဲ ကမောက်ကမ ဖြစ်လို့နေပါတယ်။
လက်ရှိမှာ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီအနေနဲ့ တက်ပြီးရင်းတက်နေတဲ့ ကုန်ဈေးနှုန်းကို ဟန့်တားနိုင်ဖို့ဆန်စပါးအသင်းချုပ်၊ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်း စတဲ့ အသင်းအဖွဲ့တွေကတစ်ဆင့် ဆန်နဲ့ဆီကို ခွဲတမ်းစနစ်နဲ့ဈေးလျှော့ ရောင်းချပေးနေတာတွေ ပြုလုပ်ပေးနေပါတယ်။ ဒါပေမယ့် တကယ့် လက်တွေ့မှာတော့ အဲ့ဒီ့ ခွဲတမ်းစနစ်ဟာ တန်းမစီနိုင်သူတွေ မရခြင်း၊ လိုအပ်သလောက်ဝယ်လို့ မရခြင်း၊ ပစ္စည်းပြတ်လပ်ပြီး မှောင်ခိုဈေးကွက်နဲ့ ရောင်းချနေခြင်း စတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေတဲ့အပြင် ရလိုဇောနဲ့ တနေကုန် တန်းစီ စောင့်ဆိုင်းနေရတဲ့အတွက် မိုးထဲရေထဲ အချိန်ကုန် လူပင်ပန်းမှုတွေလည်း ဖြစ်ပေါ်လို့ နေပါတယ်။
“ကြားဖြတ်တန်းစီနေကြလို့ ရန်ဖြစ်ကုန်ကြတာလည်း ရှိတယ်။ အဲ့ဒီ့လို အကြိမ်ကြိမ် ကြားဖြတ်နေတဲ့သူတွေကြောင့် ကိုယ့်အလှည့်ရောက်ဖို့ အကြာကြီး စောင့်ရတယ်။ ကိုယ့်အလှည့်ရောက်ပြန်တော့လည်း ဆီကုန်ပြီဆိုတာနဲ့တိုးလို့ မရဘဲလှည့်ပြန်ခဲ့ရတာတွေလည်း ရှိတယ်။ အချိန်ကုန်ခံပြီး နေပူရင်လည်း နေပူထဲ၊ မိုးရွာရင်လည်း မိုးရွာထဲ အလုပ်ပျက်ခံ၊ ခြေညောင်းခံ စောင့်နေရပေမယ့် ဘာမှမရလိုက်ဘဲ လှည့်ပြန်လာရတယ်။ တချို့ဆို တယောက်တည်းကို အခေါက်ခေါက်အခါခါ ကြားဖြတ်တန်းစီပြီးဝယ်နေကြတဲ့သူတွေရှိတယ်။ အဲ့ဒါကို သည်းမခံနိုင်တဲ့သူတွေကတော့ ရန်တွေဖြစ်ကုန်တာပေါ့။ တကယ့်ကို ရုပ်ပျက်ဆင်းပျက်အခြေအနေတွေပါပဲ။ အခုက သူတို့လက်ထက်မှာ ဘာမှတိုးတက်မလာတဲ့အပြင် ခေတ်နောက်ပြန်သွားနေရတဲ့ပုံစံမျိုး ဖြစ်နေတယ်” လို့ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက စလို့ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်အသင်းက သက်ဆိုင်ရာမြို့နယ်တွေမှာရှိတဲ့ အရောင်းဆိုင်တွေဆီ တဆိုင်ကို ဆီ သုံးပေပါ ချပေးပြီး သတ်မှတ်ရည်ညွှန်းဈေးနှုန်းနဲ့ ရောင်းချစေခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်မှာ စားအုန်းဆီတန်းစီဝယ်ယူရမှုဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းကပါ။ နှစ်လကျော်ကြာလာပေမယ့် စားသုံးသူရော၊ ရောင်းချသူတွေရောဟာလက်ဝေခံစနစ်နဲ့သာ ရောင့်ရဲနေရဆဲဖြစ်ပြီး ရန်ကုန်မြို့က မြို့နယ်အချို့ရဲ့ လမ်းမတွေထက်မှာ ဆီရဖို့စောင့်ဆိုင်းနေရတဲ့ လူတန်းရှည်ကြီးတွေကို အခုချိန်အထိ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
လက်ရှိမှာလည်း နယ်စပ်တိုက်ပွဲတွေကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်နေတာ၊ အမေရိကန်၊ ဗြိတိန်၊ ကနေဒါတို့က မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပါအဝင် နစကရဲ့ကိုယ်စား ရုရှားကနေ လက်နက်ဝယ်ပေးနေတယ်လို့ သံသယရှိသူအဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကို ဒဏ်ခတ် အရေးယူလိုက်တာတွေကြောင့် ပြည်တွင်းမှာ ကုန်ဈေးနှုန်း မတည်ငြိမ်မှုတွေဖြစ်ပေါ်နေပြီး ဈေးနှုန်းတွေဟာ အတက်ဘက်ကို ဆက်လက် ဦးတည်နေတယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက ပြောပါတယ်။
“အရင်ကထက် ပိုဆိုးလာတဲ့အခြေအနေပေါ့။ တရုတ်ကုန်သွယ်မှုက လက်ရှိမှာ ၁၀၀ ရာခိုင်နှုန်း ရပ်တန့်နေတဲ့ အခြေအနေပါ။အခုက မူဆယ်ဘက်ကို ကုန်တင်ယာဉ်တွေ သွားလို့မရဘူး။ အဲ့ဒါကြောင့် တရုတ်နိုင်ငံကို ကုန်စည်တင်ပို့မှုတွေ ရပ်တန့်နေတယ်။အဲ့ဒီ့လို ကုန်သွယ်ရေး ရပ်တန့်နေတာကြောင့် နှစ်နိုင်ငံ ထိခိုက်မှုရှိပေမယ့်လည်း မြန်မာနိုင်ငံကတော့ ထိခိုက်မှု ပိုကြီးတာပေါ့။တရုတ်နယ်စပ်ကုန်သွယ်ရေး ရပ်တန့်မှုကြာမြင့်လာရင် ကြူကုတ် ကြက်သွန်ဖြူတွေ ပစ္စည်းပြတ်တောက်သွားနိုင်တယ်။ ရှမ်းကြက်သွန်ဖြူဈေးတွေ မြင့်တက်လာနိုင်တယ်။ ဒါတွေကတော့ အားလုံးသိပြီးသား ဖြစ်လာနိုင်တဲ့ အခြေအနေတွေပေါ့။ တခြားကုန်စည်တွေလည်း အဲ့လိုပါပဲ။ ဈေးထပ်တက်လာနိုင်တယ်။ တရုတ်ကသွင်းနေတဲ့ ကုန်စည်တွေလည်း ပစ္စည်းပြတ်လပ်မှုကြောင့်ပြည်တွင်းမှာ ဈေးတက်လာနိုင်တယ်။ ဒါတွေကတော့ နယ်မြေမတည်ငြိမ်မှုရဲ့ အကျိုးဆက်တွေပေါ့။ ပြည်သူတွေ တောင့်ခံနိုင်ဖို့ပဲလိုတာ။ တောင့်ခံလက်စနဲ့ တောင့်ခံကြပေဦးပေါ့။ ဒါပဲ ပြောစရာရှိတယ်။ တဖက်မှာလည်း နိုင်ငံတကာရဲ့ ပိတ်ဆို့ အရေးယူမှုတွေက ရှိလာတော့ ဒေါ်လာဈေးတွေ လှုပ်လာနိုင်တဲ့ အနေအထားရှိနေတယ်။ ဝိသမလောဘသားတွေအနေနဲ့ စာနာစိတ်လေးထားပေးရင်တော့ ပြည်သူတွေ နည်းနည်းခံသာနိုင်မယ်” လို့ စီးပွားရေးဈေးကွက် ကျွမ်းကျင်သူတဦးက ပြောပါတယ်။
လက်ရှိ မြန်မာပြည်မှာ ကုန်ဈေးနှုန်းတွေဟာ အချိန်နဲ့အမျှ တက်ရိပ်ပြလို့နေပါတယ်။ ကိုဗစ်-၁၉ ဖြစ်ပွားချိန်မှစလို့ ကုန်ဈေးနှုန်းတွေ တရိပ်ရိပ်တက်နေတာဟာ ဒီကနေ့အထိပါပဲ။ ၂၀၂၀ ခုနှစ် နှောင်းပိုင်းကစလို့ ကုန်ဈေးနှုန်းမြင့်တက်လာမှုဟာ ငွေကြေးဖောင်းပွတာကို တဖြည်းဖြည်းမြင့်တက်လာစေခဲ့တာ ဖြစ်ပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်းကိုပြောရရင် ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်၊ စတုတ္ထသုံးလပတ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၂၇ ဒသမ ၅၁ ရာခိုင်နှုန်း ရှိတယ်လို့ ဗဟိုစာရင်းအင်းအဖွဲ့ရဲ့စာရင်းတွေအရ သိရပါတယ်။
လက်ရှိအချိန်မှာ ကုန်ဈေးနှုန်းမြင့်တက်မှုဟာ ကမ္ဘာ့အနှံ့ဆိုပေမယ့် တနိုင်ငံနဲ့တနိုင်ငံ အကျိုးသက်ရောက်တာချင်းတော့ မတူညီပါဘူး။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကုန်ဈေးနှုန်းမြင့်တက်မှုကို ခံနိုင်ရည်ရှိကြပေမယ့် ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေမှာတော့ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို ခံနိုင်ရည်အား အလွန်နည်းကြပါတယ်။ ဒါကြောင့် ဝင်ငွေနည်းနိုင်ငံတွေအတွက် နေ့စဉ် နေထိုင်စားသောက်စရိတ်ဟာ ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးဖြစ်နေပါတယ်။
ကုန်ဈေးနှုန်းတွေက တရက်နဲ့တရက် မတူညီကြပါဘူး။ အခုချိန်မှာ သာမန်အလုပ်သမားတယောက်ရဲ့ လစာငွေပမာဏနဲ့ တလစာ လောက်ငှဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်ခြေ ရှိမနေပါဘူး။ ခြိုးခြံသုံးစွဲနေရပြီး ပြည်တွင်းနေထိုင်သူ အခြေခံပြည်သူလူထုရဲ့စားဝတ်နေရေးဟာ အငတ်ဘေး ဆိုက်လုနီးပါး ဖြစ်နေပါတယ်။
ဒါပေမယ့် ဝိသမလောဘသားတွေကတော့ နိုင်ငံရဲ့အကျပ်အတည်းနဲ့ ငွေကြေးအကျပ်အတည်းတွေကို အသုံးချပြီး ပြည်သူလူထုဆီကနေ အမြတ်ထုတ်ဖို့ ကြိုးပမ်းနေကြဆဲ ဖြစ်ပါတယ်။ ကုန်ဈေးနှုန်းတွေကို ဖြစ်သင့်တာထက်ပိုပြီး ဈေးနှုန်းတင်တာ၊ ဈေးကစားတာ၊ ထိန်းချုပ်တာနဲ့ အမြတ်ကြီးစားပြီး ကုန်ဈေးနှုန်းတွေကို တက်ပြီးရင်းတက်အောင် လုပ်နေရင် နိုင်ငံရဲ့ လက်ရှိအကျပ်အတည်းတွေကို ပိုပြီးနက်ရှိုင်းစေပါလိမ့်မယ်။ ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ကုန်ဈေးနှုန်း တက်ရတဲ့အခြားအကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းရမှာဖြစ်သလို တစ်ဖက်မှာလည်း လတ်တလောအခြေအနေကို အမြတ်ထုတ်ဖို့ကြိုးစားနေကြတဲ့ ဝိသမလောဘသားတွေကိုလည်း ဟန့်တားဖို့လိုပါတယ်။ ဒါမှသာ ကုန်ဈေးနှုန်းမြင့်တက်မှုကို ဟန့်တားနိုင်မှာပါ။
မြန်မာနိုင်ငံဟာ လတ်တလောမှာ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ အကျပ်အတည်းတွေနဲ့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ကုန်သည်လုပ်ငန်းရှင်တွေအနေနဲ့ မတရားလောဘနဲ့ ငွေကြေးဈေးနှုန်း၊ ရွှေဈေးနှုန်း၊ စက်သုံးဆီဈေးနှုန်း၊ လူသုံးကုန်နဲ့ မရှိမဖြစ် အခြေခံစားသောက်ကုန် ဈေးနှုန်းတွေကို ဖြစ်သင့်တာထက် ကုန်ဈေးနှုန်းတွေမြှင့်ပြီး အမြတ်ထုတ်နေကြရင်အကျပ်အတည်းတွေကနေ ရုန်းထွက်နိုင်ဖို့ဟာ ပိုပြီးခက်ခဲနေဦးမှာပဲ ဖြစ်ပါတယ်။ ။