ဖေဖော်ဝါရီ ၊ ၂ ၊ ၂၀၂၄
SP(VOM)
စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ ကလုံကျေးရွာမှာ မနေ့ ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းက လူနေအိမ် ၁၄ လုံး မီးလောင်ပြီး လူသုံးဦးလည်း အသတ်ခံရသေးတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဒေသခံတယောက်က
” မနေ့က မနက်စောပိုင်းမှာ စစ်ကြောင်းတွေဝင်လာနေတယ်ဆိုပြီး ရွာလုံးကျွတ် ထွက်ပြေးကြတယ် ၊ အဲ့ဒီလို ထွက်ပြေးရတဲ့အထဲမှာ သရက်ကုန်း၊ ကင်းပြစ်၊ ကလုံ၊ ရှင်မင်းတွေ၊ ဝါးရုံကြီး၊ ရှားတော၊ မုံလှ၊ သာဝတ္ထိ၊ မြင်းကျ၊ ဥယျာဥ်၊ ကျွန်းတောကြီး စတဲ့ရွာတွေလည်းပါတယ်၊ မနက်မိုးလင်းတော့ ရွာတွေထဲမှာ လူမရှိတော့ဘူး ၊ အဲ့ဒီနောက် မနက် ၈ နာရီဝန်းကျင်လောက်မှာ ကလုံရွာထဲမှာ မီးလောင်တယ် ၊ ဘယ်အဖွဲ့က ရှို့တယ်ဆိုတာ စုံစမ်းနေဆဲဖြစ်တယ် ၊ မီးအခြေအနေကတော့ လူနေအိမ် ၁၄ လုံးနဲ့ စပါးတိုက်တချို့ပါသွားတယ် ” လို့ ပြောပါတယ်။
ဒါ့အပြင် ဒေသခံ ပရဟိတသမားတယောက်က
” ယာယီတိုက်ပွဲရှောင်ဖို့ ပြေးကြ လွှားကြရင်းက အသတ်ခံရတဲ့သူတွေရှိတယ် ၊ ကလုံရွာက ဦးရဲအောင် ဆိုသူက ရွာထိပ် မူးဘောင်နားမှာ ပစ်သတ်ခံထားရတယ် ၊ အဲ့ဒီ အပြင် ကင်းပြစ်ရွာသား ဦးသန်းလွင်ကြီးဆိုသူကတော့ ရွာရဲ့အရှေ့မြောက်ဘက် ဘုန်းကြီးေကျာင်းနားမှာ သတ်ခံရတယ် ၊ ဒါ့အပြင် သရက်ကုန်းရွာသား ဦးသိန်းထွန်းဆိုသူလည်း ခေါင်းဖြတ်အသတ်ခံရတယ် ၊ သူတို့ ဘာကြောင့် အသတ်ခံရတယ်ဆိုတာနဲ့ ဘယ်သူတွေက သတ်သွားတယ်ဆိုတာ အခုထိ မသိရသေးဘူး ” လို့ ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ထုတ်ပြန်ထားတာက ခင်ဦးမြို့နယ် ၊ကလုံကျေးရွာမှာ မီးရှို့ခံရပြီး ၊ ယာယီတိုက်ပွဲရှောင် ထွက်ပြေးလာတဲ့ လူသုံးဦး သတ်ဖြတ်ခံရတယ်လို့ ဖော်ပြထားပါတယ်။
ခင်ဦးမြို့နယ် ကလုံရွာဖြစ်စဥ်နဲ့ ပတ်သက်ပြီး ရွှေဘိုခရိုင် လုံခြုံရေးအဖွဲ့ဆီ VOM က ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။
ပြီးခဲ့တဲ့ သုံးနှစ်ဝန်းကျင်က ခင်ဦးမြို့နယ်မှာ ကျေးရွာပေါင်း ၈၀ ကျော်နဲ့ လူနေအိမ်ပေါင်း ငါးထောင်မက မီးလောင်ပျက်စီးခဲ့တယ်လို့ သတင်းမှတ်တမ်းေတွအရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ ၁၇ ရက် ၊ မနက် ၇ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့ ၊ မြို့နယ် ပြည်သူ့ဆေးရုံနား ရေဦး – ခင်ဦးသွားကားလမ်းမှာ ကားတစ်စီးပေါ်ကနေ ပစ်ခတ်သွားတာကြောင့် နစက လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ယောက် ထိခိုက်သေဆုံးပြီး သူတို့ကိုင်ဆောင်ထားတဲ့ သေနတ်နှစ်လက်နဲ့ ကျည်ဆံတွေပါသွားတယ်လို့ သိရပါတယ်။ အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ယောက် ထိခိုက်သေဆုံတဲ့အပြင် ဆွမ်းခံကြွလာတဲ့ ဘုန်းကြီးတပါးနဲ့ စျေးသွားနေတဲ့ အမျိုးသမီးတယောက်လည်း ထိခိုက်သေဆုံးခဲ့ပါသေးတယ်။
ဓာတ်ပုံ ၊ ဒေသခံ တဦး