သေနတ်နဲ့အထောက်ခံထားရတဲ့ ကြားကာလ ပညာရေး

MT(VOM)
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပလဖ) က ၂၀၂၄ ခုနှစ် မေလ ၂၆ ရက်စွဲ နဲ့ “စစ်ကောင်စီကျောင်းများတွင် ကျောင်းအပ်နှံသည့် မိဘများနှင့် ကျောင်းအပ်နှံရေးအတွက် အားပေးကူညီနေသူများအား သတိပေးခြင်း” ဆိုတဲ့ စာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီ ထုတ်ပြန်ချက်ကို ကမ္ဘာ့ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) ပါ ပညာသင်ကြားခွင့် အခြေခံမူများနှင့် သမိုင်းနောက်ခံအချက်အလက်များအပေါ် အခြေခံပြီးလေ့လာသုံးသပ်ကြည့်ပါမယ်။
​ပညာရေးလွတ်လပ်ခွင့် နဲ့ စစ်အတွင်း ပညာရေးအကျပ်အတည်း
​လက်နက်ကိုင်ပဋိပက္ခများကြား မှာ ပညာရေးဟာ မကြာခဏဆိုသလို နိုင်ငံရေး နဲ့ စစ်ရေးလက်နက်တစ်ခုအဖြစ် အသုံးချခံရလေ့ရှိပါတယ်။ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကြေညာချက်မှာ စစ်ကောင်စီလက်အောက်ခံ ကျောင်းများတွင် ပညာသင်ကြားခြင်းကို လုံးဝ (လုံးဝ) တားမြစ်ထားပြီး၊ NUG ကြားကာလပညာရေးကျောင်းများတွင်သာ အပ်နှံရန် ဖိအားပေးထားတာတွေ့ရပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ကျောင်းကို တက်သူတွေ ကို တော်လှန်ရေးနယ်မြေအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့် မပြုကြောင်း (ပုဒ်မ – ဃ) နဲ့ မလိုက်နာပါက အရေးယူမှာ ဖြစ်ကြောင်း ခြိမ်းခြောက်ထားတာတွေ့ရပါတယ်။
(၁)အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) နှင့် ဆန့်ကျင်နေမှု
​ထုတ်ပြန်ချက်ပါ စည်းကမ်းချက်တွေဟာ ၁၉၄၈ခုနှစ်တွင် ကုလသမဂ္ဂမှ ပြဋ္ဌာန်းခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declaration of Human Rights – UDHR) ပါ အခြေခံအခွင့်အရေးအချို့နဲ့ တိုက်ရိုက်ဆန့်ကျင်နေပါတယ်။
​ပညာရေး ရွေးချယ်ခွင့် (Article 26): UDHR အပိုဒ် ၂၆ (၃) မှာ “မိဘများသည် မိမိတို့၏ သားသမီးများအား မည်သို့သော ပညာရေးမျိုးကို သင်ကြားပေးရမည်ဟူသော ရွေးချယ်ပိုင်ခွင့် (Prior Right) အပြည့်အဝရှိသည်” [1] ဟု ပြဋ္ဌာန်းထားပါသည်။ ပုလဲ ပလဖ ရဲ့ ထုတ်ပြန်ချက်ဟာ မိဘများ တွေရဲ့ အခြေခံရွေးချယ်ခွင့်ကို ပိတ်ပင်ထားပြီး အင်အားသုံး ဖိအားပေးသည့် သဘောသက်ရောက်နေပါတယ်။
​ကြေညာချက် စာပိုဒ် (ဃ) ပါ “စစ်ကောင်စီကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသား/သူများအား… တော်လှန်ရေးနယ်မြေအတွင်း ပြန်လည်ဝင်ရောက်ခြင်းကို ခွင့်မပြု” ဆိုတဲ့ အချက်ဟာ လွတ်လပ်စွာ သွားလာခွင့် (Article 13): UDHR အပိုဒ် ၁၃ မှာ ပြဋ္ဌာန်းထားတဲ့ “လူတိုင်းတွင် မိမိနိုင်ငံနယ်နိမိတ်အတွင်း လွတ်လပ်စွာ သွားလာခွင့်၊ နေထိုင်ခွင့်ရှိသည်” [2] ဆိုတဲ့ အချက်ကို ချိုးဖောက်ရာရောက်ပါတယ်။ လုံခြုံရေးအကြောင်းပြချက် နဲ့ ကလေးသူငယ်များအား ၎င်းတို့ရဲ နေရပ်သို့ ပြန်ခွင့်ပိတ်ပင်ခြင်း ဟာ လူ့အခွင့်အရေးစံနှုန်းများနဲ့ကိုက်ညီမှုမရှိပါ။
(၂) ​ကမ္ဘာ့သမိုင်းနောက်ခံ (World History Context)
​ကမ္ဘာ့သမိုင်းမှာ အာဏာရှင်စနစ်များနှင့် ပြည်တွင်းစစ်ကာလ တွေမှာ ပညာရေးကို ထိန်းချုပ်ဖို့ ကြိုးပမ်းမှု တွေကို အကြိမ်ကြိမ် တွေ့ခဲ့ရပါတယ်။
​တရုတ်နိုင်ငံ ယဉ်ကျေးမှုတော်လှန်ရေး (Cultural Revolution – 1966-1976) ကာလအတွင်း နိုင်ငံရေးအတွေးအခေါ်မတူညီတဲ့ ကျောင်း တွေနဲ့ ပညာရေးစနစ် တွေကို ဖျက်သိမ်းခဲ့ပြီး၊ လူငယ် တွေကို နိုင်ငံရေးလက်နက်အဖြစ် အသုံးချခဲ့ရာ “ပျောက်ဆုံးသွားသော မျိုးဆက်” (Lost Generation) တစ်ခုကို ဖန်တီးခဲ့မိကြပါတယ်။။ [3]
​တောင်အာဖရိက အသားအရောင်ခွဲခြားမှု (Apartheid Era) ကာလအတွင်း နိုင်ငံရေးအရ ဖိနှိပ်ဖို့အတွက် ပညာရေးကို ခွဲခြားသတ်မှတ်ခဲ့ရာတွင် လူမည်းကလေးငယ် တွေရဲ့ပညာသင်ခွင့်ကို များစွာထိခိုက်စေခဲ့ပါတယ်။ ပဋိပက္ခကာလများတွင် ပညာရေးကို ကန့်သတ်ခြင်းဟာ ကလေးငယ် တွေရဲ့ အနာဂတ်ကို ဖျက်ဆီးခြင်းဖြစ်ကြောင်း ကမ္ဘာ့သမိုင်းက သက်သေပြနေပါတယ်။
​လက်ရှိ ပုလဲမြို့နယ် အခြေအနေ မှာတော်လှန်ရေးအင်အားစု တွေက သူတို့ရဲ့ နိုင်ငံရေးဦးတည်ချက်နှနဲ့ လုံခြုံရေးအတွက် ပညာရေးကို ထိန်းချုပ်ဖို့ ကြိုးပမ်းခြင်းဖြစ်ပါတယ်။ ရည်ရွယ်ချက် က ဘာပဲဖြစ်နေပါစေ ၊ လုပ်ဆောင်ပုံနည်းလမ်း ကတော့ အာဏာရှင် တွေအသုံးပြုလေ့ရှိတဲ့ “အကျပ်ကိုင်ခြင်း” (Coercion) ပုံစံမျိုး ဖြစ်နေပါတယ်။
မြန်မာ့သမိုင်းနောက်ခံ (Myanmar History Context)
​မြန်မာ့သမိုင်း မှာ ပညာရေးနဲ့ နိုင်ငံရေး ဟာ အမြဲခွဲခြား မရောက် ဒွန်တွဲနေပါတယ်။ ​၁၉၂၀ အမျိုးသားပညာရေးလှုပ်ရှားမှု ကို ကြည့်ပါ။ ဗြိတိသျှကိုလိုနီခေတ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်ရာမှ ပေါ်ပေါက်လာတဲ့ အမျိုးသားကျောင်းများ (National Schools) တည်ထောင်ခြင်း ဟာ မြန်မာ့ပညာရေးသမိုင်းမှာအထင်ကရဖြစ်ပါတယ်။ သို့သော် အဲ့ဒီကာလ အမျိုးသားကျောင်း တွေ မှာ တက်မလား၊မတက်ဘူးလားဆိုတာ ကျောင်းသား တွေ နဲ့ မိဘ တွေရဲ့ “ဆန္ဒအလျောက် ရွေးချယ်မှု” သာဖြစ်ပြီး၊ အစိုးရကျောင်းတက်သူများကို ခြိမ်းခြောက်အပြစ်ပေးတဲ့ စနစ်မျိုး မဟုတ်ခဲ့ပါ။ [4]
​ဗိုလ်ချုပ်နေဝင်းခေတ်၊ ဆိုရှယ်လစ်လမ်းစဉ်ပါတီ (BSPP) လက်ထက် မှာ ပညာရေးကို နိုင်ငံတော်မှ တစ်ဦးတည်း မူပိုင်အဖြစ် ချုပ်ကိုင်ခဲ့ပြီး၊ ပုဂ္ဂလိကကျောင်းများကို ပြည်သူပိုင်သိမ်းခြင်း၊ အတွေးအခေါ်များကို ထိန်းချုပ်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။
​ ၂၀၂၁ ခုနှစ် အရေးအခင်း နောက်ပိုင်းကာလမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) နဲ့ အတူ အစိုးရရဲ့ ပညာရေးစနစ်ကို သပိတ်မှောက်ခဲ့ကြပါတယ်။
သို့သော် အချိန်ကြာမြင့်လာတာနဲ့ အမျှ ကလေးငယ် တွေ ရဲ့ ပညာရေး နှောင့်နှေးမှုများ ရှိလာရာ မိဘများမှာ ကြားကာလပညာရေး၊ ပုဂ္ဂလိကပညာရေးနှင့် အစိုးရကျောင်းများအကြား မိမိတို့ကလေးများအတွက် အသင့်တော်ဆုံးကို ရွေးချယ်ရန် ကြိုးပမ်းလာကြရပါတယ်။ ဒီအခြေအနေမှာ စပညာရေးကို လက်နက်သဖွယ်အသုံးပြုပြီး (Weaponization of Education) မိဘ တွေကို အကျပ်ကိုင်ခြင်း ဟာ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေ တယ်ဆိုတဲ့ တော်လှန်ရေးရဲ့ မူလရည်ရွယ်ချက်နဲ့ သွေဖည်နေပါတယ်။
​တော်လှန်ရေးကာလအတွင်း လုံခြုံရေး (Security) နဲ့ လူ့အခွင့်အရေး (Human Rights) အကြား ချိန်ခွင်လျှာညှိ ဖို့ အလွန်ခက်ခဲတာကို နားလည်နိုင်ပါတယ်။ ပလဖ အနေနဲ့ အစိုးရတပ် ရဲ့ ထိုးဖောက်ဝင်ရောက်မှုနဲ့ သတင်းပေါက်ကြားမှု တွေကို စိုးရိမ်ခြင်းမှာ မြေပြင်အခြေအနေအရ ဖြစ်နိုင်ခြေရှိတဲ့ ကိစ္စဖြစ်ပါတယ်။
သို့သော် “ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လေးစားသော ဖက်ဒရယ်ပြည်ထောင်စု” တည်ဆောက်ရန် ရည်ရွယ်ချက်နဲ့ တော်လှန်နေသော အဖွဲ့အစည်းတစ်ခုအနေနဲ့ ၊ ပြည်သူလူထုအပေါ် အာဏာရှင်ဆန်ဆန် အမိန့်ထုတ်ပြန်ခြင်း၊ ခြိမ်းခြောက်အရေးယူခြင်း၊ ကလေးငယ် တွေရဲ့ ပညာရေးရွေးချယ်ခွင့်ကို ပိတ်ပင်ခြင်းနဲ့နေရပ်ပြန်ခွင့်ကို တားမြစ်ခြင်းတို့ဟာ ကျင့်ဝတ်အရရော၊ နိုင်ငံတကာဥပဒေများအရပါ လက်ခံနိုင်ဖွယ်ရာ မရှိပါ။
​အမှန်တကယ် လွတ်လပ်သော ပညာရေးစနစ်ဆိုတာ ခြိမ်းခြောက်မှုကင်းစင်ပြီး မိဘနဲ့ ကျောင်းသား တွေ လွတ်လပ်စွာ ဆုံးဖြတ်ရွေးချယ်နိုင်ခွင့် ရှိခြင်းပင် ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုများအနေနဲ့ ကြားကာလပညာရေးစနစ်ကို အရည်အသွေးပိုမိုကောင်းမွန်အောင်၊ လုံခြုံမှုရှိအောင် တည်ဆောက်ပြီး ပြည်သူကို ဆွဲဆောင်ရမှာဖြစ်ပြီး ၊ ခြိမ်းခြောက်အကျပ်ကိုင်တဲ့ နည်းလမ်းများကို ရှောင်ကြဉ်သင့်ပါကြောင်း သုံးသပ်လိုက်ရပါတယ်။
MT(VOM)

Related posts

Leave a Comment

VOM News

FREE
VIEW