အိန္ဒိယ ဆရာဝန်အမျိုးသမီးအသတ်ခံမှု ဆန္ဒပြပွဲ ရဲတပ်ဖွဲ့ကဖြိုခွင်းပြီး လူ ၁၀၀ ကျော်ကို ဖမ်းဆီး

ဒေလီ၊ ဩဂုတ်-၂၈-၂၀၂၄
မျိုးဆက်(VOM)
အိန္ဒိယနိုင်ငံမှာ ဆရာဝန်အမျိုးသမီးတယောက် အဓမ္မကျင့် သတ်ဖြတ်ခံရမှုကြောင့် တရားမျှတမှုတောင်းဆိုတဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ မီးသတ်ပိုက်တွေနဲ့ ဖြိုခွင်း လူစုခွဲခဲ့ကြပါတယ်။
ဆန္ဒပြမှုတွေအတွင်း အကြမ်းဖက်လုပ်ဆောင်ခဲ့မှုကြောင့် လူ ၁၀၀ ထက်မနည်းကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူတယောက်က ပြောပါတယ်။
နိုင်ငံအရှေ့ပိုင်း ကိုလ်ကတ္တားမြို့မှာ ယခုလအစောပိုင်းက အသက် ၃၁ နှစ်အရွယ် ဆရာဝန်အမျိုးသမီးတယောက် အခုလိုသတ်ဖြတ်ခံရပြီးနောက် နိုင်ငံတွင်းမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဆန့်ကျင်ရေးတွေ နိုင်ငံတဝန်း ဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့နေ့မှာတော့ အမျက်ဒေါသထွက်နေတဲ့ လူအုပ်ကြီးဟာ ကိုလ်ကတ္တားမြို့ရှိ အစိုးရရုံးတခုကို ချီတက်ခဲ့ပြီး အနောက်ဘင်ဂေါဝန်ကြီးချုပ် မာမာတာဘန်နာဂျီက ရာထူးကနေနုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဆရာဝန်အမျိုးသမီး အဓမ္မကျင့်သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ဆေးရုံက စေတနာ့ဝန်ထမ်းတယောက်ကို ဖမ်းဆီးထိန်းသိမ်းထားပြီး အမှုကို အိန္ဒိယဗဟို စုံစမ်းစစ်ဆေးရေးဗျူရိုက ကိုင်တွယ်စုံစမ်းနေပါတယ်။
အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေတားဆီးရေးအတွက် တင်းကြပ်တဲ့ ဥပဒေတွေ ပြဌာန်းခဲ့ပေမယ့်လည်း အဓမ္မပြုကျင့်မှုတွေအပါအဝင် အကြမ်းဖက်မှုတွေက ဆက်လက်မြင့်တက်နေပါတယ်။
Ref:BBC
Photo:AFP/ AP

Related posts

Leave a Comment

VOM News

FREE
VIEW