ဇန်နဝါရီ ၂၂ – ၂ဝ၂၄
KKO(VOM)
စစ်ကိုင်းတိုင်း ကန့်ဘလူဒေသတွင်းတိုက်ပွဲတခုမှာ ဒရုန်းဗုံးထိမှန်လို့ ဒေသတွင်းလက်နက်ကိုင်တွေ အကျအဆုံးအထိအခိုက်များပြားခဲ့တယ်လို့ တိုက်ပွဲဖြစ်တဲ့အရပ်တွေရဲ့ သတင်းတွေအရ သိရပါတယ်။
နစက တပ်ပိုင်းဆိုင်ရာနဲ့ နီးစပ်သူတွေရဲ့တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားဖော်ပြမှုတွေအရ နမခနယ်မြေ ကျွန်းလှမြောက်ခြမ်းဒေသကို နစက တပ်ဘက်က နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတခုကိုလုပ်ဆောင်ခဲ့ရာမှ ဒေသခံကာကွယ် ရေး လက်နက်ကိုင်တပ်တွေဖြစ်တဲ့ နယ်ခံ PDF တပ်ဖွဲ့ဝင်တွေ အများအပြားထိခိုက်ဒဏ်ရာရခဲ့သလို အကျအဆုံးတွေလည်းအများအပြားရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ကန့်ဘလူဒေသအခြေပြု သတင်းမီဒီယာဌာနတခုကတော့ ကန့်ဘလူမြို့နယ်အတွင်းမှာ နစက တပ်ဘက်က တိုက်ခိုက်လာတဲ့ ဒရုန်းဗုံးထိမှန်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးကျဆုံးပြီး ၁၄ ဦးဒဏ်ရာရခဲ့တယ်လို့ ရေးသားဖော်ပြထားတာကိုတွေ့ရပါတယ်။
“ကန့်ဘလူတို့ ကျွန်းလှတို့ဆိုတာက စစ်ကိုင်းတိုင်းအလယ်ပိုင်းမှာရှိတာပေါ့။ မုံရွာဟိုဘက်ခြမ်းပေါ့။အခုကြားနေရတဲ့ သတင်းတွေအရ တပ်ကစစ်ကိုင်းတိုင်းဘက်ကိုလေကြောင်းကနေ တိုက်ခိုက်မှုတွေကို တော်တော်လေးလုပ်နေတယ်ကြားတယ်။ စစ်ကိုင်းကိုပြန်ဖိနေတဲ့သဘောလားတော့မသိဘူးပေါ့။ နောက်တခုကြားနေရတာက PDF တပ်တွေက စစ်ကိုင်းတိုင်းထဲက ကလေးနဲ့ တမူးဘက်တွေကိုဝင်တိုက်မယ်လို့လည်းကြားနေရတယ်။ ဒါနဲ့ပတ်သက်လို့ မြေပြင်အခြေ အနေတွေကို သေချာသိရဖို့ ဆိုတာက အဲဘက်တွေမှာ ဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေကမရတော့ အဲဘက်ဒေသတွေကို ဆက်သွယ်ဖို့ကလည်းခက်ခဲပါတယ်”လို့ အုပ်ချုပ် ရေးပိုင်းဆိုင်ရာနဲ့ နီးစပ်သူ စစ်ကိုင်း တိုင်းဒေသခံတယောက်က VOM ကို ပြောပါတယ်။
ဒေသတွင်းသတင်းတွေအရ ကန့်ဘလူ – ကျွန်းလှဒေသဘက်တွေမှာ နှစ်ဖက်တပ်တွေအကြား စစ်ရေးတင်းမာမှုတွေရှိနေပြီး ယခုရက်ပိုင်းအတွင်းတိုက်ပွဲတွေလည်းဖြစ်ပေါ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
နစက တပ်ပိုင်းဆိုင်ရာနဲ့ နီးစပ်သူတွေရဲ့တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကန့်ဘလူ – ကျွန်းလှဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာ ဇီးကုန်းအခြေပြု PDF အဖွဲ့က နှစ်ယောက်၊ချပ်လည်အခြေပြု PDF အဖွဲ့က နှစ်ယောက်သေဆုံးသွားခဲ့တယ်လို့ ဖော်ပြထားပြီး နဂါးပေါ်အခြေပြုအဖွဲ့က PDF ခေါင်းဆောင်တယောက် အပါအဝင် နှစ်ယောက်သေဆုံးသွားခဲ့တယ်လို့ဖော်ပြထားပါတယ်။ ဒါ့အပြင် ဒဏ်ရာရ ရှိသူ PDF ရဲဘော် ၂၀ ဦးခန့် ရှိခဲ့တယ်လို့လည်း ကျွန်းလှမီးအိမ်ရှင်အဖွဲ့က သတင်းထုတ်ပြန်ထားကိုလည်း တွေ့ရပါတယ်။
“စစ်ကိုင်းတိုင်းဘက်က မလွယ်ဘူးလေ၊ အရင်ထဲက စစ်ကိုင်းတိုင်းအတွင်းမှာလက်နက်ကိုင်အဖွဲ့တွေက မှိုလိုပေါက်နေသလို တိုက်ပွဲတွေကလည်းအမြဲဖြစ်နေတာပါ။ စစ်ကိုင်းတိုင်းထဲက မြို့ကြီးတွေတောင်မလွယ်ဘူးလေ၊ ရွာဘက်တွေဆို အခြေအနေက ဒီထက်ပိုဆိုးမှာပါ။ စစ်ကိုင်းတိုင်းဘက်က အခုထိ ဘာမှလုပ်လို့မရတဲ့ အခြေအနေပါ”လို့ စစ်ကိုင်းတိုင်းဒေသခံတယောက်က ထပ်လောင်း ပြောပြခဲ့ပါတယ်။
အခုကျဆုံးခဲ့တယ်ဆိုတဲ့ ဒေသကာကွယ်ရေးတပ် PDF ဘက်က ရဲဘော်တွေဟာ ဇန်နဝါရီ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ချပ်သင်းကျေးရွာတိုက်ပွဲ အတွင်းမှာ ကျဆုံးခဲ့တာဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
ဒေသတွင်းသတင်းဌာနတခုကတော့ နစက တပ်တွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့က စတင်မိုင်းဆွဲတိုက် ခိုက်ပြီးနောက် နှစ်ဖက်တပ်တွေအကြား အပြန်အလှန် အခုလိုတိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။
ယခုတိုက်ပွဲအတွင်း နစက တပ်ဘက်က အထိအခိုက်ရှိတယ်လို့ ကြားသိရသော်လည်း အရေအတွက် ကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ ဒါ့အပြင် ကန့်ဘလူဒေသဟာ နစက တပ်တွေနဲ့ ပြည်သူ့စစ်တွေ အားကောင်းတဲ့ နယ်မြေစိုးမိုးထားတဲ့ ခရိုင်ဒေသတခုဖြစ်တယ်လို့လည်း သိရှိရပါတယ်။
Photo – CJ