ဝါရှင်တန်၊ ဇန်နဝါရီ-၂၄-၂၀၂၅
မျိုးဆက်(VOM)
ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ရုရှားသမ္မတ ပူတင်နဲ့အမြန်ဆုံးတွေ့ဆုံလိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
နိုဝင်ဘာ ၅ ရက်ရွေးကောက်ပွဲအနိုင်ရရှိပြီးနောက် သမ္မတဖြစ်လာတဲ့ ဒေါ်နယ်ထရန့်ဟာ ယူကရိန်းစစ်ပွဲ အမြန်ဆုံး အဆုံးသတ်ရမယ်လို့ ကတိပြုထားသူဖြစ်ပြီး သူသမ္မတဖြစ်တာနဲ့ ဒီကိစ္စပြေလည်ပြီလို့ ဆိုထားပါတယ်။
ဒီစစ်ပွဲ အဆုံးသတ်ဖို့ သမ္မတပူတင်နဲ့ မကြာခင်မှာတွေ့ဆုံခွင့်ရချင်ပါတယ်လို့ ဒါဗို့စ်ကမ္ဘာ့စီးပွားရေး ဖိုရမ်ရမှာ ရုပ်သံကတဆင့် ထရန့်က ပြောပါတယ်။ ဒါဟာ စီးပွားရေးရှုထောင့်က ကြည့်တာမဟုတ်ဘဲ လူသန်းပေါင်းများစွာ အသက်တွေ အကြောင်းမဲ့ သေဆုံးနေရတဲ့ ရှုထောင့်ကဖြစ်ပြီး ဒီစစ်ပွဲကို မိမိတို့ ရပ်တန့်ရလိမ့်မယ်လို့ သူကဆိုပါတယ်။
သမ္မတပူတင်ကလည်း တွေ့ဆုံလိုတဲ့ဆန္ဒရှိတာကို ကြားသိရပြီး အမြန်ဆုံးတွေ့ဆုံဖို့ လုပ်ဆောင်မှာဖြစ်ကြောင်းနဲ့ ဒါဟာ ရယ်စရာစစ်ပွဲတပွဲဖြစ်တယ်လို့ ထရန့်က ပြောပါတယ်။ယူကရိန်းသမ္မတ ဇီလန်စကီးကလည်း စစ်ပွဲအဆုံးသတ်ရေးအတွက် သဘောတူညီချက်တခုလုပ်ဖို့ အသင့်ရှိကြောင်း ပြောဆိုခဲ့တယ်လို့ သူက ပြောပါတယ်။
တကယ်လို့ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ပြေလည်မှုမရဘူးဆိုရင် ရုရှားအပေါ် ပိုမိုတင်းကြပ်တဲ့ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ပြီး သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်တာတွေ ချမှတ်မယ်လို့ ယခုသီတင်းပတ်အတွင်းက ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။
Ref:Reuters
Photo:Reuters
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ…
See more