ဖေဖော်ဝါရီ ၅ – ၂၀၂၅
SN (VOM)
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဗန်းမော်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်နေ့မှ စတင်ကာ နစကတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်အနီးနဲ့ ခြေလျင်တပ်ရင်း (ခလရ – ၂၃၆) ဘက်မှာ စစ်ရေးပြင်းထန်နေကာ နစကတပ်က လေကြောင်းပစ်ကူတွေနဲ့ ခုခံနေတယ်လို့ သိရပါတယ်။
“ဗန်းမော်တိုက်ပွဲက ရပ်လိုက်၊ ပြန်ဖြစ်လိုက်နဲ့ ဖြစ်နေတာ အခုဆို နှစ်လပြည့်သွားပြီပေါ့။ ဒီတိုက်ပွဲကာလမှာ လူထိခိုက်၊ သေဆုံးမှုတွေလည်း များတယ်။ နောက် ဖေဖော်ဝါရီ ၂ ရက်နေ့ကတော့ KIA ဘက်က အမြောက်တပ် (အမတ – ၃၆၆) ကို သိမ်းလိုက်တာရှိတယ်။ အဲဒီနောက်ပိုင်း တိုက်ပွဲက အရင်ကထက်ပိုပြီး ပြင်းထန်လာတာ။ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကတော့ အဆက်မပြတ်ကို ရှိနေတာပေါ့။ မြို့ထဲမှာဆို အိမ်တွေ၊ အဆောက်အအုံတွေက ကုန်သလောက် ဖြစ်နေပြီ။ ဗန်းမော်တိုက်ပွဲ ပြင်းထန်လေလေ၊ ဗန်းမော်မြို့က ထိခိုက်ပျက်စီးမှု များလေလေပါပဲ” လို့ ဗန်းမော်မြို့၊ ပင်စင်ကုန်းရပ်ကွက်မှာ နေထိုင်သူတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့က KIA ပူးပေါင်းတပ်တွေ သိမ်းယူထားတဲ့ အမြောက်တပ် (အမတ – ၃၆၆) ဟာ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ – ၂၁) အနီးမှာရှိတဲ့ တပ်ဖြစ်တာကြောင့် စကခ – ၂၁ ကို သိမ်းနိုင်ဖို့အတွက် အရေးပါတဲ့ တပ်စခန်းတခု ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ တိုက်ပွဲကာလအတွင်း KIA ပူးပေါင်းတပ်က သံချပ်ကာတပ်ရင်း၊ အမြောက်တပ်နဲ့ ဗန်းမော်လေဆိပ်တို့ကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဗန်းမော်ဒေသခံ တသိန်းဝန်းကျင်ဟာ မန္တလေး၊ ဒေါ့ဖုန်းယန်၊ မိုးမောက်၊ မံစီ စတဲ့ မြို့နယ်တွေမှာ တိမ်းရှောင်နေရပြီး
နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ အခက်အခဲတွေ ရှိနေတယ်လို့ အဲဒီ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူက ပြောပါတယ်။
“တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့သူတွေအတွက် အကူအညီတွေ လိုအပ်နေသလို၊ လက်ရှိအချိန်အထိ ဗန်းမော်မြို့ထဲ ပိတ်မိနေတဲ့ ဒေသခံတွေလည်း ရှိနေသေးတော့ သူတို့တွေအတွက်လည်း စိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်။ လုံခြုံရေးအခြေအနေက လုံးဝကို စိတ်ချလို့မရတဲ့ အနေအထားလို့ ပြောလို့ရတယ်။ ဒီအချိန်မှာ ဗန်းမော်အတွက်က အကူအညီတွေကတော့ အဘက်ဘက်က လိုအပ်နေတာပါပဲ” လို့ သူက ပြောပါတယ်။
ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ဟာ နစကရဲ့ အမှတ် (၂၁) စစ်ဆင်ကွပ်ကဲမှုဌာနချုပ် အခြေစိုက်ရာမြို့ဖြစ်ပြီး ခလရ (၂၃၆ ၊ ၄၇) ၊ အမြောက်တပ်တွေဖြစ်တဲ့ အမတ (၃၃၆ ၊ ၃၀၄) နဲ့ အမှတ် (၇၀၀၆) သံချပ်ကာတပ်၊ (၅၀၁၄) တင့်ကားတပ်တို့အပြင် လက်ရုံးတပ်ရင်း ငါးခုလောက် အခြေစိုက်ထားတဲ့ မြို့တမြို့ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ဗန်းမော်တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်လို့ နစကဘက်ကရော KIA ဘက်ကပါ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ဒါအပြင် ဒီရက်ပိုင်းတွေမှာ မြစ်ကြီးနားမြို့ (အထက်ပိုင်း) ရှိ မြစ်ဆုံနဲ့ ပူတာအိုလမ်းမှာ နစကဘက်က အင်အားတိုးမြှင့်လာတာတွေရှိသလို မြစ်ကြီးနား၊ ဝိုင်းမော်ဘက်မှာလည်း လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo:CJ